အရှိုချင်းတို့အတွက် ချင်းဓမ္မသတ်ကျမ်းအား ပြုစုပေးခဲ့သူ မှာ မြေထဲ(အောင်လံ) စစ်ကဲတော်မင်း မောင်တက်ဖြိုး ဖြစ်ပါသည်။ မောင်တက်ဖြိုးသည်၎င်းချင်းဓမ္မသတ်ကျမ်းအား၁၈၈၁ခုနှစ်ဇွန်လ(၂၂)ရက်နေ့တွင်ရေးသားပြီးမြောက်ခဲ့ပါသည်။ ထိုသို့ပြုလုပ်ရသည့် အကြောင်းမှာ အရှိုချင်းတို့သည် စာပေမရှိသောကြောင့် ပဆန်းဆရာ များမှ နှုတ်ဖြင့်သာ မှတ်သားထားရသည့်အတွက်ချင်းဓမ္မသတ်ကျမ်း ရေရှည်တည်တံ့စေရန် လုပ်ဆောင်ပေးရခြင်းဖြစ်ပါသည်။ သာဓက အားဖြင့် ဗုဒ္ဓမြတ်စွာ ဘုရားဟောကြားတော်မူခဲ့သော သုတ်ကျမ်း၊ ဝိနည်းငါးကျမ်း၊ အဘိဓမ္မာခုနစ်ကျမ်းတို့အား သင်္ဃာယနာတင်ပြီး နောက်၎င်းကျမ်းတို့ကိုအက္ခရာမတင်နှုတ်ဖြင့်သာ အာဂုံဆောင်တော် မူခဲ့ရ ဖူးပေသည်။ ထိုအကြောင်းကြောင့် မြတ်စွာဘုရား ပရိတ် နိဗ္ဗာန် စံလွန်တော်မူပြီးသည့်နောက် နှစ်ပေါင်း ၄၅၀ ခန့်အချိန်တွင် အိန္ဒိယ တောင်ပိုင်းရှိ သီဟိုဋ်ကျွန်းတွင် စိုးစံတော်မူသော ဝဋ္ဋာဂါမဏိ လက်ထက်တွင် ရဟန္တာအရှင်မြတ်တစ်ထောင်တို့အား ပင့်ဖိတ်ပြီး ပေထက်အက္ခရာ တင်စေတော်မူခဲ့ပါသည်။ ထိုနည်းတူခရစ်ယာန်တိုအထွတ်အမြတ်ထားသော သမ္မာကျမ်းစာသည် အစောဆုံးဘီစီ ၇၅၀ တွင် ဓမ္မထပ်ဆင့်ကျမ်း စတင်ပေါ်ပေါက်ခဲ့ပြီး နောက်အကျဆုံးကျမ်း မှာ အေဒီ ၁၅၀ တွင်ရေးသားခဲ့သည့် ရှင်ပေတရုသြဝါဒ စာစောင်တို့အား ခသ ၁၅၆၀ ခုနှစ်တွင်ယခုတွေ့ရသော (၆၆)စောင် ပေါင်းချုပ် ထားသည့် ကျမ်းစာအုပ်ဖြစ်ပေါ်လာခဲ့ပါသည်။ အရှိုချင်းတို့သည် ရှေးယခင်က မှတ်တမ်းမပြုလုပ်နိူင်ခဲ့သော်လည်း ယခုအခါ မိမိတို့ ကိုယ်ပိုင်စာပေ ရှိနေပြီး ဖြစ်သောကြောင့် မိမိတို့စာပေဖြင့် မှတ်တမ်း ပြုနေပြီးဖြစ်ကြောင်းတွေ့ရှိရပါသည်။
လွတ်လပ်သောအရှိုလူငယ်တို့၏ဘဝ
အရှိုချင်းတို့၏လူပျိုအပျိုဘဝသည်အလွတ်လပ်ဆုံးနှင့်အပျော် ဆုံးဘဝဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် လူငယ်တို့ ဘာသာ ဘာဝ တယောက်နှင့်တယောက် ရင်းရင်းနှီးနှီးနေတတ်သော ဓလေ့ ရှိကြပါသည်။ သို့သော်လည်း အစဉ်အလာအရ အိမ်ထောင်ဘက်ကိုမူ ကင်ပွန်းတပ်စဉ်အခါကပင်ဆိုင်သူအချင်းချင်း စေ့စပ်ပေးထား တတ် သည့် အလေ့ရှိခဲ့ကြပါသည်။ ထိုသို့ရွေးချယ်သောအခါ နှမ၏သားများ သည် အမေ၏ အစ်ကို၊ မောင်၏ သမီးများထဲမှ တစ်ဦးတစ်ယောက် အား ဆိုင်သူအဖြစ် လက်ဆက်သည့်ဓလေ့အတိုင်း စောင့်ထိန်းလေ့ ရှိကြပါသည်။ ၎င်းအလေ့အထအား အရှိုချင်းစကား “စီစွန် ပူစွန်” ဟု ခေါ်ဆိုကြသည်။ ထိုသို့အားဖြင့် လူပျိူအပျိုဘဝတွင် ဆိုင်သူများ ဖြစ်ကြပြီး လက်ထပ်ပြီးသောအခါ ပိုင်သူများဖြစ်သွားကြပါတော့ သည်။ ချင်းတို့၏ ဓလေ့ထုံးစံအရ ဦးလေးတွင် သမီး မိန်းကလေး မရှိ ပါက အခြားသောမိန်းကလေးများအား ပိုးပန်းခွင့် ရရှိကြပါသည်။ အရပ်ဓလေ့၊ ရွာဓလေ့အရကျေးလက်များတွင် မိန်းကလေးများက လိုအပ်သည့်အခါတိုင်ရန် ရင့်ကျက်သူ၊ ရိုသေ လေးစားထိုက်သူ အပျို ကြီးတစ်ဦးအား အပျိုခေါင်းဆောင်အဖြစ် ရွေးချယ်ခန့်ထားလေ့ရှိကြ ပါသည်။ ထိုနည်းတူပင် ကျေးရွာတိုင်းတွင် အသက်အားဖြင့်ကြီးသူ အများကြည်ညိုလေးစားရသူ၊ သိက္ခာရှိသူ၊ ဉာဏ်အမြော်အမြင်ရှိသူ၊ စကားလိမ္မာစွာပြောဆိုတတ်သူကိုရွေးချယ်ပြီးကာလသား ခေါင်းဆောင် တစ်ဦးစီရှိစမြဲထုံးစံရှိပါသည်။အရှိုချင်းလူပျို ယောကျ်ား လေးများသည် မိမိနှစ်သက်သည့် မိန်းမပျိုရှိရာရွာသို့ လူပျိုလှည့် သည့် ဧည့်သည်လူပျိုသည် ကာလသားခေါင်းဆောင်၏ အိမ်တွင် နေ ရပါသည်။ ထို့နောက်ကာလသားခေါင်းသည် ၎င်းနှစ်သက်သည့်အပျို ရှိမရှိ သို့မဟုတ် ရည်ရွယ်သူရှိမရှိ မေးမြန်းလေ့ရှိပါသည်။ ထို့နောက် ကာလသားခေါင်းဆောင်သည် လသာသောညများတွင် ဗိုင်းငင်၊ ဝါဖန့်ရင်း ထွေရာလေးပါး ပြောဆိုကြသည့် အလေ့ရှိပါသည်။ ထိုသို့ သောအချိန်တွင်လူပျိုသည်ချစ်ရေးဆိုခွင့်ရှိပါသည်။ ထိုသို့လူပျိုလှည့် မည့်အကြောင်းကို ရွာခံများအားကြိုတင်သတင်း ပေးပို့ပါသည်။ အမျိုးသမီးအပျိုအိမ်မှ သဘောတူသည်ဖြစ်စေ သဘောမတူသည် ဖြစ်စေ လက်ခံပြီးစကားပြောပေးရပါသည်။
ထိုနည်းတူလူပျိုသည် မိမိစွဲလန်းနေသူ အမျိုးသမီးထံရွာခံ ကာလသားများနှင့်အတူ ညသန်းခေါင်ကျော် မိဘများအိပ်ချိန်တွင် သွားရောက်လူပျိုလှည့်လေ့ရှိပါသည်။ အတူလိုက်ပါလာသော ရွာခံ လူပျိုများက လှေခါးရင်းတွင် ထိုင်စောင့်ရပါသည်။ အကြောင်းမှာ ဧည့်သည်သူခိုးမဟုတ်ကြောင်း သက်သေခံပေးရန်ဖြစ်ပါသည်။ လူပျို လှည့်လာသည့် လူငယ်က ကဗျာ၊လင်္ကာ၊စာချိုးများဖြင့် နှိုးရပါသည်။ လူပျိုလှည့်လာသည့်လူငယ်အား ပညာရှိမရှိ စမ်းခြင်းလည်း ဖြစ်ပါ သည်။
၎င်းအပြင် လူပျိုအပျိုတို့သည် အပြန်အလှန် ခြူချောင်းမှုတ် ပြီး ချစ်တေးသီကျူးပြီး အပြန်အလှန် တေးချိတ်ကြရ သည်မှာလည်း ရှေးအစဉ်အလာတစ်ခုဖြစ်ပါသည်။ ထိုသို့တေး သီချင်းအားဖြင့် လူပျို အပျိုတေးကဗျာများကိုခြူချောင်းမှုတ်(အရှိုစကားအားဖြင့် ထိန်ခုန် မွှတ်)နည်းကိုလူပျိုလက်ဆင့်ကမ်းအမွေဆက်ခံခြင်းဖြင့်သင်ယူတတ် မြောက်ကြပါသည်။ ကဗျာတေးသီချင်းများသာမက အရှိုတို့၏ရိုးရာ ဘာသာဓလေ့အတွက် ပဆန်းဆရာသည်လည်း ရိုးရာဓလေ့များ၊ ယစ်ပူဇော်သည့်အခါ ရွတ်ဆိုရသည့် ဆုတောင်းဂါထာများကို နှုတ် တိုက်ရွတ်ဆိုပြီး လက်ဆင့်ကမ်းသင်ကြားပေးလေ့ရှိပါသည်။ ထိုသို့ သုံးည တိုင်တိုင် လူပျိုလှည့်သွားရပါသည်။
ပထမညတွင် မောင်နှမများအကြောင်းဆွေးနွေးကြပါသည်။ ဒုတိယညတွင် ဆွေမျိုးများအကြောင်းပြောကြပြန်ပါသည်။ တတိယ ညတွင် ဖူးစာကံအကြောင်း လူငယ်ဘာဝချစ်ကြိုက်ကြကြောင်း ပြော ကြပါသည်။မိုးလင်းသည်အထိစကားပြောနိုင်ပါသည်။မိဘများသည် ညအချိန် အပေါ့အပါးသွားကြသောအခါ သမီးအခန်းရှေ့မှ ဖြတ် မသွားမိစေရန် သတိပြုကြပါသည်။ ထိုသို့မိဘများမှ သမီးအပျိုအား လွတ်လပ်ခွင့် ပေးထားပေသည်ကိုတွေ့ရပါသည်။ တစ်ဦးနှင့်တစ်ဦး ချစ်ကြိုက်ပြီး မိဘများကသဘောတူပါက အတူညအိပ်ခွင့်ရှိပါသည်။ ထိုသို့သောအလေ့ကိုအရှိုချင်းစကားဖြင့် “အစ်ပွီဆွီရို့” ဟုခေါ်သည်။ ထိုသို့ခွင့်ပြုသည်မှာ ဧကန်အမှန်လက်ထပ်ယူမည်ဟု သဘောတူ သောကြောင့်ဖြစ်သည်။ထိုသို့ဖြင့်လူပျိုအပျိုလွတ်လပ်သော ရွေးချယ် ပိုင်ခွင့်များကို စည်းစနစ်ဓလေ့များအကြားတွင် ရရှိကြပါသည်။
ထို့အပြင်လူပျို အပျိုများသည် ရပ်ရွာ၏ ကျန်းမာရေးနှင့် ပတ်သက်သောယဇ်ပူဇော်ခြင်းများတွင်လည်းကောင်း၊မင်္ဂလာဆောင် အခမ်းအနားများတွင်လည်းကောင်း၊ ရပ်ရေးရွာရေး၊ သာရေးနာရေး တို့တွင်အချင်းချင်း ကလူကြည်စယ်ရင်း တပျော်တပါး ပါဝင် လုပ် ဆောင် ကြပါသည်။ ထိုနည်းတူစွာ ကောက်စိုက်ပျိုးနှုတ်သည့် အချိန် များတွင်လည်း တေးသီချင်းများဆိုရင်း အပြန်အလှန် စောင်းကာ ချိတ်ကာ လူငယ်တို့၏ ဘဝအလှတို့သည် အရှိုချင်းလူငယ်များ၏ အလေ့အထနှင့်ကျေးလက် စရိုက်များ ဖြစ်ပေတော့သည်။
အရှိုချင်းတို့၏မင်္ဂလာထုံးစံများ
မောင်၏သမီးနှင့် နှမ၏သားသည် ဆိုင်သူများဖြစ်ကြ သော် လည်း မောင်၏သားနှင့်နှမ၏သမီးသည် ဆိုင်သူများ မဟုတ်ကြပါ။ ထို့ကြောင့်လက်ထပ်မရနိုင်ကြောင်း တွေ့ရပြန်ပါ သည်။ ဆိုင်သူများ မဟုတ်လျှင် လက်မထပ်နိုင်ပါ။၎င်းနှင့်ပတ်သက်သည့် တားမြစ်သော ဓလေ့ထုံးနှင့် စည်းမျဉ်းများလည်းရှိပါသည်။ ထို့ကြောင့်အရှိုချင်း တို့ သည် မောင်လယ်နှမလယ် ပေးစားသည့်အလေ့အား ယနေု့ထိ ကျင့်သုံးလျက်ရှိပါသည်။
အရှိုချင်းတို့၏ ဓလေ့အရ သားရေးသမီးရေး ကိစ္စများတွင် ဇာတ်မြင့်သူ( ကွေလှုန် )နှင့် ဇာတ်နိမ့်သူ( ကွေနဲင်း )ဟု ရှိပါသည်။ သားရှင်သည် မင်္ဂလာအချိန်တွင် နိမ့်သူ၊ သမီးရှင်သည် မြင့်သူဟု သတ်မှတ်ပါသည်။ အရှိုချင်းဓလေ့အရဆိုင်သူဟုဆိုရာ တွင် အစ်ကို မောင်၏သမီးကို အမနှမ၏သားကလက်ဆက်ထိမ်းမြားယူနိုင်သည်။ “စီစွန်” ဆိုသည်မှာ အရှိုစကားဖြစ်ပြီး ဓလေ့ထုံးတမ်းအရ ဆိုင်သူ ဖြစ်ပါသည်။ သို့သော် အစ်ကို၊ မောင်၏သားက ၎င်း၏ဖခင်ဘက်မှ အစ်မနှမ၏သမီးအား လက်မထပ်နိုင်ပါ။ “ပူစွန်” ဆိုသည့်အရှိုဓလေ့ အရ ဆိုင်သူမဟုတ်သော ကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် ၎င်းဓလေ့ ထုံးတမ်းအစဉ်အလာအတွက် တားမြစ်ထားသည့် စဉ်းမျဉ်းများရှိ ပါ သည်။ လိင်တူမောင်နှမသားသမီးများသည် လက်ဆက်ထိမ်းမြား ခြင်းကို ရှောင်ကြဉ်ရပါသည်။ စေ့စပ်ကြောင်းလမ်းခြင်းထိုက်သူတို့ အတွက် ကျင့်သုံးမှုအဆင့်ဆင့်ရှိသည်ကိုလည်း တွေ့ရပါသည်။
စေ့စပ်ကြောင်းလမ်းခြင်း
အရှိုချင်းအပျိုလူပျိုတို့ တစ်ဦးနှင့်တစ်ဦး မေတ္တာသက်ဝင်ကြ သောအခါ ယောကျ်ားလေးသည် မိန်းကလေးအိမ်သို့ ဝင်ထွက် သွားလာနိုင်ပါသည်။ သို့သော် မောင်ရင်းနှမရင်းသဖွယ် သဘောထား ပြီး သစ္စာစောင့်ရသည်။ ကတိစကားအကြိမ်ကြိမ်ပြု ပြီးနောက် နှစ်ဦးနှစ်ဖက်မိဘအားဖွင့်ဟပြောဆိုရပါသည်။ထို့နောက် ယောကျ်ား လေးမိဘများသည် ခေါင်ရည်ဘူးဖြင့် မိန်းကလေး မိဘများနေအိမ် သို့ သွားရောက်အကြောင်းကြားခြင်း စေ့စပ်ခြင်းတို့ကို တရားဝင် ဆောင်ရွက်ရခြင်းသည် ယနေ့ထိ လိုက်နာဆောင်ရွက်လျက်ရှိပါ သည်။
ရှေးအခါ ညီအစ်ကိုမောင်နှမများတွင် မောင်၊ အစ်ကိုတော် စပ်သူသည် သမီးရတနာမွေးဖွားသောအခါ နှမသည် မိမိ၏သား
အတွက် ရည်မှန်းပြီး ဝက်တစ်ကောင်ဖုတ်ပြီး ကင်ပွန်းမင်္ဂလာနှင့် အတူ စေ့စပ်ကြောင်းလမ်းခြင်း၊ နားဖေါက်ခြင်းတို့ကို ပြုလုပ်ပေး ရသည့် အလေ့ရှိပါသည်။ အရှိုချင်းတို့၏ ယဉ်ကျေးမှု ဓလေ့အရ ကြီး လာသောအခါ သမီးသည် အခြားသောသူတို့ မဦးခင် ကင်းပွန်းတပ် စဉ်ကတည်းက ပြုလုပ်လေ့ရှိသော စေ့စပ် ခြင်းဟုဆိုနိုင်သည်။
ကင်ပွန်းတပ်စဉ် စေ့စပ်ထားသော ဆိုင်သူသည် သတို့သမီး အားမယူဘဲ တစ်ရွာသူကိုလက်ထပ်ယူပါက ဆိုင်သူအမျိုးသမီး အား ခေါင်ရည် ငါးအိုး၊ နွားတစ်ကောင်၊ ဝက်တစ်ကောင်(ချက်မှ ဂုတ်ပိုး အထိ ကိုးဆုတ်နှင့်လက်လေးသစ်)၊ လှံတစ်ချောင်း၊ ခက်ရင်းခွ တစ်ချောင်း၊ အိတ်တစ်လုံးနှင့်အဝတ်အထည်တချို့၊ မောင်းတစ်လုံး၊ လင်းကွင်း၊ ကျွဲမ သုံးမိသား (ကျွဲမိခင်တစ် ကောင်သားသုံးကောင်) တို့ကိုလျော်ပေးရကြောင်းချင်းဓမ္မသတ်ကျမ်းတွင်ဖေါ်ပြထားပါသည်။
ထိုသို့မဟုတ် မိန်းကလေးဘက်မှ ပျက်ကွက်ပါက ယောကျ်ား လေးအားကြေးလင်ပန်းတစ်ချပ်၊ ပိုးလုံချည်တစ်ထည် ပိုးခါးပတ် ကြိုးတစ်ချောင်းနှင့် ပိုးခေါင်းပေါင်းတစ်ထည်တို့ကို ပေးလျော်ရပါ သည်။ အကြောင်းမှာတစ်ရွာသူသည် စေ့စပ်ထားသည့် ဆိုင်သူအား ကွာရှင်းပြီးမှသာလျှင် လက်ခံလေ့ရှိသောကြောင့် ဖြစ်ပါသည်။ သား ဖြစ်စေ သမီးဖြစ်စေ မိခင်အားဖွင့်ပြော ကြပါသည်။
ထို့နောက်သားရှင်သည်ခေါင်ရည်အိုးကို ပလိုင်းထဲသို့ထည့်ပြီး ဆွေိမျိုးအကြီးအကဲများ၊ ရွာခံကာလသားခေါင်းဆောင်များနှင့်အတူ မိန်းကလေးမိဘထံသို့ သွားကြရပါသည်။ မိန်းကလေးရှင်ဘက်မှ သဘောတူလက်ခံလျှင် ခေါင်အိုးဖေါ်ထားပြီး ကြက်တစ်ကောင်နှင့် ဧည့်ခံလေသည်။ထို့နောက်သတို့သားဘက်မှ ကာလသား ခေါင်း ဆောင်နှင့်သတို့သမီးဘက်မှကာလသားခေါင်းဆောင်တို့ရွာဝင်ကြေး အတွက် ဆွေးနွေးကြပါသည်။ တင်တောင်းရမည့် ပစ္စည်း အရေ အတွက်နှင့် ပွဲလမ်းသဘင်များအတွက်ကျွေးမွေးရမည့်ဝက်အကောင် ရေကိုပါတပါတည်းသတ်မှတ်ကြပါသည်။ စေ့စပ်ပွဲအထိမ်းအမှတ် အဖြစ် ယောကျ်ား ကလေးဖက်မှ စရံပေးသောအခါ မိန်းကလေး ဘက်မှ ဂျပ်ခုတ်ပုဆိုး၊ အင်္ကျီစတို့ကို စရံပြန်ပေးလေ့ရှိ ပါသည်။
လက်ထပ်ထိမ်းမြားခြင်း
အရှိုချင်းတို့၏ လက်ထပ်ထိမ်းမြားခြင်းကို လေ့လာသော အခါ မိန်းကလေး (၁၈ )နှစ်နှင့်အထက် ယောကျ်ားလေး (၂၀ )နှစ် နှင့်အထက်တွင် လက်ထပ်ထိမ်းမြားကြပါသည်။ လက်ထပ်ထိမ်းမြား ခြင်းသည်အောက်အူလှီးခေါ် အမေဘုရားသတ်မှတ်ပေးခြင်း ဖြစ် သည်ဟု ယုံကြည်ကြပါသည်။ သမီးပျိုမိန်းကလေးများသည် မိဘတို့ သဘောအတိုင်းမဟုတ် အစ်ကိုမောင်တို့၏ သဘောအတိုင်း ၎င်းတို့ ၏ စီမံမှုအောက်တွင် လက်ထပ်ခြင်းကို လိုက်နာရပါသည်။
ထိုကြောင့်သမီးမိန်းကလေးမွေးသည်နှင့် အစ်ကိုတစ်ယောက် ၏ စီမံမှုအောက် အပ်နှံကြပါသည်။အစ်ကိုမောင်မရှိခဲ့ပါက ကြီးတော် ၏သားတစ်ဦးဦး၏စီမံမှုအောက်အပ်နှံကြပါသည်။ထို့ကြောင့်မင်္ဂလကိစ္စတွင် အစ်ကိုတော်များ၏ သဘောတူ မတူအပေါ်တွင် မူတည် နေပါတော့သည်။
အရှိုချင်းတို့သည် မင်္ဂလာပွဲကို သုံးကြိမ်ကျင်းပကြ ပါသည်။ မင်္ဂလာပွဲကို သီတင်းကျွတ်၊ တန်ဆောင်မုန်း၊ နတ်တော် လများတွင် ရက်ကောင်းရက်မြတ် ရွေးချယ်ပြုလုပ်ကြပါသည်။ ပြာသိုလနှင့် ဝါတွင်းကာလတွင် မဆောင်ကောင်းဟု အယူရှိပါသည်။ တပို့တွဲလ တွင်လည်း ရက်ကောင်းရက်မြတ်ရွေးပြီး မင်္ဂလာဆောင်ကြပါသည်။
မင်္ဂလာရက်သတ်မှတ်ပြီးနောက် ခေါင်ရည်ထည့်ခြင်း များကို ကြိုတင်ပြင်ဆင်ကြပါသည်။ မင်္ဂလာရက်မရောက်မီယောကျ်ားလေး ဘက်မှ နှုတ်ဖြင့် လိုက်လံ ဖိတ်ရပါသည်။ ဖိတ်စာနှင့် မဖိတ်ရဘဲ လူ ကိုယ်တိုင်လိုက်ပြီးခေါင်ရည်ဖြင့်ဖိတ်မန္တကပြုလုပ်ကြရသည်မှာထုံးစံ ဖြစ်ပါသည်။ရွာထဲသို့ဝင်ရောက်သည့်အခါမိန်းကလေးမှနီးစပ်သူများ ကလမ်းကိုဆီးတားပြီး ခေါင်ရည်တောင်းလေ့ရှိပါသည်။ ယောကျ်ား လေးဘက်မှ မိန်းကလေးအိမ်သို့ ညနေပိုင်းအချိန် ရောက်လာလျှင် လူစုံထမင်းအဖြစ် ညစာကျွေးဧည့်ခံသည့် အလေ့လည်းရှိပါသည်။
ဝက်သည်းကြည့်မင်္ဂလာ
ဝက်အသည်းကြည့်မင်္ဂလာကို နံနက်စောစော ခေါင်ရည်အိုး နှစ်လုံးဖြင့် ပြင်ဆင်ရပါသည်။ ပထမခေါင်အိုး၊ ဒုတိယအိုး အနား တွင် ရေအိုးတစ်လုံးစီ အသင့်ထားပြီး ခေါင်ရည်အိုးပေါ်တွင် ဝါးညှပ်တစ်ခု တင်ပြီး ဝါးညှပ်၏ အစွန်းတစ်ဖက်စီတွင်ပလူတန် တစ်ချောင်းစီ ညှပ် ထားရပါသည်။ အလယ်တွင် ဝါးဖြင့်ပြုလုပ်ထားသည့် တံခွန်၊ ကုက္ကား စိုက်ထားပါသည်။ အပြင်ပလူတံသည် ယောကျ်ားလေးနှင့်ဆိုင်ပြီး အတွင်းပလူတံသည် မိန်းကလေးနှင့် ဆိုင်ပါသည်။ မိဘများမှ စတင်ပြီး ပလူတံဖြင့်ခေါင်ရည်ကို စတင်စုပ်ယူသုံးဆောင် ကြပါ သည်။ ပထမအိုးထိုနည်းအတိုင်း စုပ်ယူသုံးဆောင်ကြပြီးနောက် ဒုတိယအိုးလည်း ထိုနည်းအတိုင်း သုံးဆောင်ကြပါသည်။
ဝက်အသည်းကြည့်မည့်ဝက်(ခေါင်ဝက်)ပဆန်းဆရာသည်တစ်ည လုံး ရွတ်ဖတ်ပြီး ဝက်အသည်းကောင်းမွန်စေရန် နိမိတ် ဖတ်ပေးခြင်း ဖြစ်ပါသည်။ ထို့နောက် ၎င်းခေါင်ဝက်ကို ရေဖြင့် စင်အောင်ဆေးပြီး တုတ်ဖြင့်ထုသတ်ရပါသည်။ အသည်းကို မထိခိုက်စေရန် သတိပြု ရသည်။ ထို့နောက်ရင်ကိုခွဲပြီး ပဆန်းဆရာက ကြည့်ပါသည်။ အသည်း နီရဲနေလျှင် အတိတ်နိမိတ်ကောင်းသည် ပန်းရောင်ရှိလျှင် အိမ်ထောင်သက် ရှည်မည်၊ သည်းခြေမောက်ပြီး ကြီးနေလျှင် သတိုး သား နှင့် သတို့သမီးအတွက် ကောင်းသော အတိတ်နိမိတ် ဖြစ်သည်။ မိရှင်ဖရှင် ဂုဏ်ရှိသည်ဟုလည်း ယူဆကြပါသည်။ ဖွံ့ဖြိုးကြွယ်ဝ မည်၊ ကောင်းစားမည်၊ အသဲတဖက်အမွှာမှာ အကြောင်းနှစ်ကြောင်း ရှိလျှင် ရွာလယ်လမ်းကောင်း မည်ဟုယူဆကာ မင်္ဂလာပွဲ အောင်မြင် လေသည်။
အကယ်၍ ဝက်အသည်းမကောင်းလျှင် သည်းခြေအနီးရှိ အသားဖတ်ကလေး ထောင်နေမည်ဆိုလျှင် မင်္ဂလာပွဲတွင် ရန်ဖြစ် မည်။ ဝက်အသည်းကန့်လန့်၊ အစက်အပြောက်နှင့် မကောင်းမိစ္ဆာ အရုပ်သဏ္ဍန်ရှိလျှင် ဒုတိယဝက်တစ်ကောင်ကို ရေလောင်းပြီး ထုသတ်ကြရပြန်လေသည်။ ထိုနည်းတူမင်္ဂလာပွဲ မအောင်မြင်မခြင်း ဆက်လက်လုပ်ဆောင်ကြပါသည်။သုံးကြိမ်ဆက်တိုက် မအောင်မြင် ဟုယူဆပါက မင်္ဂလာပွဲဖျက်သိမ်းပြီး ယောကျ်ားလေးက မိန်းကလေး အား ဝမ်းနည်းသည့် အမှတ်လက္ခဏာဖြင့် တဘက်တစ်ထည် နှင့် အဝတ်တစ်စုံကိုပေးရပါသည်။ ဝက်အသည်း ကြည့်သည့်အခါ မောင် လုပ်သူသည် ပဆန်းဆရာနှင့်အတူ ကြည့်ရပါသည်။ မောင်လုပ်သူ မကျေနပ်သမျှ ထပ်ပြီးခေါင်ဝက်ကို သတ်ပြရပါသည်။ ပဆန်းဆရာ က ဖျောင်းဖြပြီး မောင်လုပ်သူ ခေါင်းညိမ့်စေရန် ပြောဆိုပေးရပါ သည်။ ထိုသို့မောင်လုပ်သူက သဘောကျမှသာလျှင် သတို့သားဘက် မှ မင်္ဂလာအောင်ပွဲအတွက် ဗုံမောင်းတီးပြီး ကခုန်ကြပါတော့သည်။
ထို့နောက် ပဆန်းဆရာသည် မိန်းကလေးဘက်သို့ အပ် လိုက်ပါသည်။ မိန်းကလေးရှင်သည် အမေ၏မောင်ဖြစ်သူ ဦးလေး အား ဝက်ပေါင်တစ်ဖက်ကို ပေးအပ်ရပါသည်။ ကျန်သောအပိုင်းကို ဆွေမျိုးများအား ကျသရွေ့ ဝေငှပေးရပါသည်။ ခေါင်ဝက်မဟုတ် သော ဝက်သားကို လာသည့်ဧည့်သည်များအား ဧည့်ခံကျွေးမွေးလေ သည်။ သတို့သားဘက်တွင်မူ ကြက်ပေါင်တစ်ခုကိုသာ ဆိုင်ရာ သူ့ ဝေစုအဖြစ်ရသည်။ မိန်းကလေးဘက်မှ လက်ဆောင်တုံ့ပြန် သည့် သဘောပင်ဖြစ်ပါသည်။ ထိုသို့အားဖြင့် ဆိုင်ရာဆိုင်ရာ ဧည့်သည် များကို မိန်းကလေးဘက်မှဝက်သားဖြင့်လည်းကောင်း ယောကျ်ား လေးဘက်မှကြက်သားဖြင့်လည်းကောင်းကျွေးမွေးဧည့်ခံလေသည်။
မင်္ဂလာလတ်နှင့်မင်္ဂလာကြီး
၎င်းနောက် ဒုတိယအကြိမ်မင်္ဂလာလတ်ကို ပြုလုပ်ကြ ပြန် သည်။ မင်္ဂလာလတ်မှာကား ထုံးစံစောင့်သည့် သဘောဖြင့် စတိမျှ သာပြုလုပ်ကြပြီးယောကျ်ားလေးဘက်မှမိဘတို့၏ပစ္စည်း အင်အား အခြေအနေပေါ်မူတည်၍ ကျွေးမွေးမှုများပြု လုပ်ကြသည်။ နောက် ပိုင်းတွင် ဝက်သည်းကြည့်မင်္ဂလာ၊ မင်္ဂလာလတ် နှင့် မင်္ဂလာကြီးကို တပြိုင်တည်းပြုလုပ်လာကြကြောင်း သိရှိရပါ သည်။
မင်္ဂလာကြီးဆိုသည်မှာဝက်သည်းကြည့်မင်္ဂလာ၊ မင်္ဂလာလတ် တို့ပြီးသောအခါ မင်္ဂလာဆောင်ရန်အတွက် နေ့ကောင်းရက်သာ ရွေး ကြရလေသည်။ ပဆန်းဆရာက တစ်ညလုံးရွတ်ဖတ် သရ ဆယ်ကာ မင်္ဂလာရက် ရွေးခြင်းမျိုးဖြစ်သည်။ သတ်မှတ်ရက်သို့ ရောက်သော အခါ ညဉ့်ဦးယံတွင် မင်္ဂလာဆောင်ရန် သတို့သားကိုခေါ်ဆောင်ပြီး ပဆန်းဆရာက ရှေ့ဆုံးမှ ဦးဆောင်ကာ တင်ပစ္စည်းများနှင့်အတူ စီတန်းကာသတို့သမီးအိမ်သို့သွားကြရသည်။သတို့သမီးအိမ် ရောက် သောအခါ ဥစ္စာရှင်က မင်းတစ်ပါး၊ ပညာရှင်ကမင်းတစ်ပါး၊ သမီးရှင် က မင်းတစ်ပါးဟု ဆိုပြီး သမီးရှင်ကဂုဏ်ဖေါ်ကာ ဘိသိတ်မင်္ဂလာ တောင်းရသည်။
မင်္ဂလာတင်ပစ္စည်း
ရှေးအခါကမင်္ဂလာကြေးအဖြစ် ပေးရသော ပစ္စည်းများမှာ ကြွေပြား၊ ကြွေအိတ်(ကြွေစေ့တတ်ထားသောလွယ်အိတ်) ထောင်ဘို့၊ အောင်လံ(သံနှင့်ပြုလုပ်ထားသောလှံတစ်မျိုး) ၊ ကြက်ဥခုနစ်လုံးစီ ထည့်ထားသော ခြင်းငယ်နှစ်လုံး၊ မနောလင်ပန်း၊ ကြေးလင်ပန်း၊ ခေါင်ဗူးနှင့် သတို့သမီး၏မိခင်(ယောက္ခမ)အတွက် ဓားမတစ်ချောင်း၊ ဓားရှည်တစ်ချောင်းနှင့် ဝက်၏ တင်ပါးဆုံကို သတို့သမီး၏မောင် (ယောက်ဖ)ကို ပေးရသည်။ သတို့သမီး၏မောင်သည် မင်္ဂလာပွဲတွင် အရေးပါလှပေသည်။မောင်မရှိလျှင် လယ်တစ်ခွဲပေးကာ မောင်အစား မွေးစားလေ့ရှိသည်။ သတို့သားဘက်မှ ငွေသား(၁၅၀၀ ကျပ်) ကို လည်း မင်္ဂလာစရိတ်အဖြစ် ပေးရသည်။ သတို့သားဘက်မှ ဝက်ဖုတ် ပြီး သတို့သမီးဘက်မှ ကြက်ဖုတ်ရသည်။ မင်္ဂလာပွဲတွင် အောင်လံကို အောင်ဘိသိတ်မြောက်ရာတွင် အသုံးပြုသည်။
ဘိသိတ်မင်္ဂလာတောင်းခြင်း
ဘိသိတ်တောင်းခြင်းကို သတို့သမီးအိမ်တွင် ကျင်းပ သည်။ မင်္ဂလာဆောင် အခမ်းအနားသို့ သတို့သားဘက်မှ ယူလာသော ပစ္စည်းများကို စနစ်တကျထားပြီး သတို့သားဘက်မှ စဉ့်အိုးတစ်လုံး အပါအဝင် ခေါင်အိုးများကို(အနံ)လိုက် စီ၍ချထားသည်။ခေါင်အိုးများ ၏ တစ်ဖက်ခြမ်း အတွင်းအခန်းများရှိရာဘက်မှ သတို့သမီး၏ မိဘ ဆွေမျိုးများထိုင်သည်။သတို့သမီး၏ မိဘဆွေမျိုးများအား အတွင်းလူ အဖြစ်သတ်မှတ်သောကြောင့် အတွင်းဘက်ခန်းဘက်မှထိုင်ခြင်း ဖြစ် သည်။ သတို့သားဘက်မှ ဆွေမျိုးများအား အပြင်လူအဖြစ် သတ်မှတ် ကာ ခေါင်အိုး၏ ကျန်တစ်ဖက် (အပြင်ဘက်မှ) ထိုင်စေသည်။ သတို့ သမီးဘက်မှ ပလူတံ (ဝါးဖြင့် ပြုလုပ်ထားသော ပိုက်တံငယ်) နှင့် ခေါင်ရည်များကို အရင်သောက်ရန် သတို့သားဘက်မှ အလှည့်ကျ ခေါင်ရည်ထည့်ပေးရသည်။ ပထမဦးစွာ သတို့သမီး၏ ဘကြီး ခေါင် ရည်သောက်ရာတွင် သတို့သားဘက်မှခေါ်လာသော ပဆန်းဆရာ က ခေါင်ရည်ကို စဉ့်အိုးအတွင်းထည့်ပေးရသည်။
ဒုတိယအနေနှင့် သတို့သမီး၏ ဖခင်သောက်ရန် သတို့သား ၏ ဖခင်က စဉ့်အိုးတွင်ပင် ခေါင်ရည်များထည့်ပေးရသည်။ တဖန် သတို့သမီး၏မိခင်သောက်ရန် သတိုးသား၏မိခင်က ခေါင်ရည်များ ကို ခေါင်အိုးတွင် ထည့်ပေးရသည်။ ထို့နောက် သတို့သမီး၏ မောင် သောက်ရန် သတို့သားက ခေါင်အိုးတွင်ပင် ခေါင်ရည်များ ထည့် ပေးရသည်။ မင်္ဂလာပွဲတွင် ယောက်ဖသည် မပါမဖြစ်အရေးပါလှ သဖြင့် သတို့သမီးတွင် မောင်မရှိပါက လယ်သီးစားတစ်ဝက် ပေးပြီး မောင်ကိုမွေးစားရသည်။ ထို့နောက်မှ အဖွား၊ ဒေါ်လေးရှိပါက သင့် သလိုပါဝင်ပြီးသောက်နိုင်သည်။ သတို့သမီးဘက်မှခေါင်ရည်သောက် ပြီးသောအခါ ဖေါ်ပြပါအစီအစဉ်အတိုင်း သတို့သားဘက်မှ ခေါင်ရည် များ သောက်ကြ ပြန်သည်။
ဤသို့ခေါင်ရည်များအပြန်အလှန်သောက်ကြပြီး တစ်ညလုံး ပဆန်းဆရာက ရွတ်ဖတ်မှုများပြုလုပ်ကာ ကပွဲသဘင် ကိုလည်း ယောကျ်ားလေးသတ်သတ် မိန်းကလေးသတ်သတ် ညလုံးပေါက် ကျင်းပကြပါ သည်။ နောက်တစ်နေ့ နေမွန်းတည့် (၁၂)ထိုးသည်နှင့် ဘိသိတ် မင်္ဂလာတောင်းပွဲ ပြီးဆုံးကာ သတို့သမီးကို အိမ်သို့ ခေါ် ဆောင် သွားကြပါတော့သည်။
ဘိသိတ်ပေးခြင်း
မင်္ဂလာဘိသိတ်ပေးပွဲကို သတို့သားအိမ်တွင် ပြုလုပ်သည်။ ပဆန်းဆရာက ကြက်တစ်ကောင်ကို လည်ပင်းမှဆုပ်ကိုင်ပြီး သတို့ သားသတိုးသမီးရှေ့တွင် မင်္ဂလာပွဲအောင်မြင်မှုရှိမရှိ အဓိဌာန်ပြုကာ ပဌာန်းရွတ်ရသည်။ကြက်သေသွားပြီးညာခြေကတင်လျှင် ယောကျ်ား နိုင်သည်။ ဘယ်ခြေတင်လျှင် မိန်ကလေးနိုင်သည်။ အတူဖြစ်နေ လျှင် မောင်နှင့်နှမ ညီမျှစွာနေသည်ဟူ၍ မင်္ဂလာဘိသိတ် အဖြစ် ပြုလုပ်ကြသည်။ သေပြီးသောကြက်ကို ခေါင်းမှစပြီး တစ်ခြမ်းစီခွဲပြီး ချည်မျှင် (လေးတောင်ကျော်) ကို ခလယ်မှဖြတ်ကာ ကြက် တစ် ကောင် တစ်ခြမ်းစီနှင့်အတူ သတို့သား သတို့သမီး တစ်ပုံစီကိုင်စေပြီး နောင်အခါတွင် ကွာစေကွင်းစေမရှိစေရန် မင်္ဂလာဘိသိတ်ပေးပြန် သည်။
အကယ်၍ ကွာရှင်းလိုလျှင် သတို့သမီးက မိမိ၏မိဘ အိမ်သို့ မိမိသဘောအတိုင်းမပြန်ရဘဲ မိရှင်ဖရှင်ထံ ပြန်လိုကြောင်း အာမခံ အဖြစ် သက်သေဖြင့် ခေါင်ဗူးထည့်ကာ သွားကြရသည်။ ထိုအခါသမီး ရှင်က ကြက်ကိုထက်ခြမ်းခွဲပြီး ကွာစေ ကွင်းစေမရှိစေရန် ဘိသိတ် ပေးထားသောမိန်းကလေးဖြစ်ကြောင်းသမီးဂုဏ်ဖေါ်ကာ ယောကျ်ား လေးဘက်ကို လျော်ကြေးအဖြစ် ဝက်ဖုတ်စေသည်။ သို့သော် ယောကျ်ားလေး ဘက်မှလိုရာကို ဖြည့်ဆည်းပေးပြီး ကွာစေကွင်းစေ ဟူ၍ မရှိရပေ။ အရှိုချင်းလူမျိုးများသည်တစ်လင်တစ်မယားစနစ်ကို သုံးကြသည်။
မင်္ဂလာလက်ဖွဲ့အဖြစ် အသုံးအဆောင်ပစ္စည်းလက်ဖွဲ့ မရှိ သကဲ့သို့ ငွေသားများလက်ဖွဲ့ရာတွင် မောင်းထောင်ခွက်တွင် ထည့် ပြီး မည်သူကမည်မျှလက်ဖွဲ့သည်ကို ကြေညာပြီးမှ လက်ခံကြသည်။ ဤသို့ ကြက်တစ်ကောင်နှင့်ဘိသိတ်ပေးပြီးလျှင် သတိုးသမီးအား ချည်မျှင်နှင့် လက်ကိုရစ်ပေးကာ သတိုးသား၏ မိသားစုယူခုန်ဝင် အဖြစ် သတ်မှတ်လိုက်ခြင်းဖြင့် မင်္ဂလာ ပြီးဆုံးလေသည်။
ရှောင်ဓလေ့နှင့်ဆောင်ဓလေ့
သတို့သား၊ သတို့သမီးတွင် မင်္ဂလာဘိသိတ်ပေးပြီးမှ သတို့ သမီးသည် သတို့သားအိမ်မှ ရေကို သောက်နိုင်သည်။ ထို့ကြောင့် ထိုသို့မပြုလုပ်ခင် သောက်ရန်ရေ ထည့်ပေးလိုက်ရသည်။ သတို့သမီး သည် သတို့သားအိမ်ရောက်ပြီး သုံးရက်ကြာမှ မိဘအိမ်သို့ အလည် အပတ်သွားနိုင်ပြန်သည်။ ထိုသို့ပြန်လျှင်လည်း ခေါင်ရည်၊ ကြက်ဥ အစရှိသည်တို့ကို ယူဆောင်သွားရသည်။သတို့သားဘက်မှ ဖုတ်သော ဝက်သားကို သတို့သမီးဘက်မှစားရပြီးသတို့သားဘက်မှ ဝက်သား မစားရပေ။
သတို့သားဘက်မှဖုတ်သော ကြက်သားကိုလည်း မရောရပေ။ လာ ရောက်ချီးမြှင့်သည့်ဧည့်သည်များမှာလည်းသင့်ရာနေရာတွင် အစား အသောက်များအား သုံးဆောင်နိုင်ပါသည်။ ထို့ကြောင့် အရှိုလူမျိုး တို့၏ အိမ်ထောင်ဘက် လက်ဆက်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေများ ကိုလည်း နောင်လာမျိုးဆက်တို့အနေဖြင့် ဆက်လက် ကျင့်သုံးခြင်း အားဖြင့် ကာကွယ်စောင့်ထိန်းရန် အရှိုချင်း အမျိုးသားတိုင်း အမျိုး သမီးတိုင်းတွင် တာဝန်ရှိလှပေသည်။