ချင်း ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

ချင်းတိုင်းရင်းသားတို့၏ ရိုးရာကျားအောင်ပွဲအက
Image

         ဟားခါးမြို့ စျေးသစ်ရပ်ကွက်တွင် ဒေါ်ဇိန်တလိုင်းတို့မိသားစု နေထိုင်ကြသည်။ သူကထန်တလန်မြို့နယ်လေတပ်ရွာသူဖြစ်သည်။ သူငယ်စဉ်က ကျားအောင်ပွဲအကများ ကြည့်ဖူးကြောင်းပြောပြသည်။ လေတပ်ရွာဟောင်း၌ အံ့သြဖွယ်ကောင်းသော ရှာပန်းလိုင်အမည်ရှိ ရေတွင်းတစ်တွင်းရှိသည်။ လူသတ်သော သူတစ်ဦးက ရေတွင်း၌ လက်ဆေးလျှင် အပြစ်ကင်းသည်ဟု အယူအဆရှိသည်။ ထူးဆန်း သော ရာဇဝင်ရှိသည့် ထိုရေတွင်းအကြောင်းအား နောက်ထပ် ဆောင်းပါးအဖြစ် ရေးသားဖော်ပြပါမည်။ ကျားအောင်ပွဲ အကမှာ ထန်ထလန်မြို့နယ် လေတပ်ကျေးရွာအနီးနှင့် အချို့သောရွာများ၌ သာကပြလေ့ရှိကြောင်း၎င်းကပြောပြသည်။ စိတ်ဝင်စားဖွယ်ကောင်းသော ကျားအောင်ပွဲအကအား ဖော်ပြလိုပါသည်။ ယခု ဟားခါး-ဂန့်ဂေါလမ်းပေါ်တွင်ရှိ ဇိုခွားရွာသည် ယခင်ကမရှိသေးပေ။ လမ်း ၏အောက် အင်မွှန်အရပ်၌နေခဲ့စဉ်က လုံပီး (Lungpi)မျိုးရိုးစု ထဲမှ လူတစ်ဦး၌ သမီးတစ်ဦးရှိခဲ့သည်။ သူသည်ဝက်သားစားရန်အတွက် တီလ်ထီ့(Tial thi)(ဝက်စာအသီး)များကို ကောက်ရန်ရွာပြင်သို့ ထွက် ခဲ့သည်။ ရွာအနီးနား၌ ထိုအပင်များသည် များပြားသောကြောင့် အဝေးသို့ပင် မသွားဘဲ ကောက်နေစဉ်  ကျားကြီးတစ်ကောင် ရောက် ရှိ လာပြီး လုံမလေးကိုသတ်ပြီး ကျောပေါ်တင်၍ ယူသွားသည်။ 

ကျားကိုက်သတ်ခံရကြောင်းဖခင်သိသောအခါလေးနှင့် သံချွန် တပ်သည့် မြား၊ လှံကို ယူသွား၍နောက်မှလိုက်၏။ ကျားကြီးကို မီသဖြင့် တိတ်တဆိတ် နောက်မှလိုက်သွား၏။ ကျားကြီးသည် မြေပြန့် တစ်နေရာသို့ ရောက်သောအခါ လုံမလေး အလောင်းကို ထိုင်စေ၍ အောက်ပါအတိုင်း အလောင်းပတ်ပတ်လည် တွင် -

“နှမြောလိုက်တာ၊ နှမြောလိုက်တာ

  ချင်းလုံမလေးကို နှမြောလိုက်တာ

ဘာလုပ်ဖို့အသွားမှာ

တီလ်ထီ့ကောက်ရန် အသွားမှာ

ကျွန်တော့်လက်ကတော့ မထိခဲ့ပါ

ချည်ဒလက်ကသာထိခဲ့

ဖော်ပိအေး ဖော်ပိအေး(ကျားအော်သံ)”

သီချင်းကိုဆိုခဲ့သည်။ လက်နှစ်ဖက် ဆန့်တန်းကာ ကရင်း အလောင်း ကို ကိုးပတ်ပတ်၏။ယခင်ပတ်သည့်အတိုင်း ကိုးကြိမ် (၉×၉=၈၁ပတ်၊ ကိုးကြိမ်ကိုးကြိမ်)ပြန်ပတ်၏။ထို၈၁ပတ်ပြည့်ပြီးသောအခါအလောင်း ကိုကျောပေါ်တင်၍ ထမ်းပိုးကာ ကောရ်ထားရပ်ကွက်၊ ဆပဲ့ ခေါ် ကျောက်တုံးကြီးနားတွင် လျန်ဒါအို ဂူရှိ၏။ ထိုကဲ့သို့ အလောင်းကို ယူသွား၏။ 

ထိုလုံပီအမျိုးသားသည်လည်း ဂူရှိရာကျောက်ပေါ်သို့ရောက် ရှိလာ သည်။ ကျောက်တုံးပေါ်တွင်ထိုင်၍လှံ၏ အဖျားတွင် သစ်ရွက်ကိုင်းငယ်တစ်ခုကိုကြိုးနှင့်ချည်ကာဂူဝတွင်လှုပ်စေ၏။ ကိုင်းငယ်တစ်ခုကိုကြိုးနှင့်ချည်ကာဂူဝတွင်လှုပ်စေ၏။ 

          ထိုအခါကျားကြီးသည်မြင်၍ မည်သည့်အရာဖြစ်ကြောင်း သိလိုသော ကြောင့် ဂူဝသို့ခေါင်းပြူထွက်လာ၏။ အပေါ်သို့ခေါင်းမော့၍ ကြည့် စဉ် လုံပီးအမျိုးသားက ကျား၏ပါးစပ်အတွင်း လှံဖြင့်တအားထိုးစိုက် ချသောကြောင့် ကျားကြီးသေဆုံးသွားသည်။ ကျားကြီးသေဆုံးပြီ ဖြစ် သဖြင့် သမီးလေး၏အလောင်းကိုကျောပေါ်တင်၍အိမ်သို့ယူသွား၏။ 

ထို့နောက် ကျားကြီး၏အလောင်းကို ဂူမှသယ်ဆောင်၍ ကလဲ့ စားချေသည့်အနေဖြင့် ကျားအောင်ပွဲကို ကျင်းပခဲ့သည်။    ကျားကြီး ကသကဲ့သို့ လက်ကိုဆန့်တန်းကာ စင်ပေါ်တင်သည့် ကျားအလောင်း ကို (၈၁)ကြိမ်ဖြင့်ပတ်၍ မိန်းမအဖွဲ့များ ခြံရံလျက် ကကြ၏။ ထို့ နောက် ကျားကြီး၏အလောင်းကို လည်ပင်းမှဖြတ်၍ ယနေ့အခေါ် ဟမ်လန်းချောင်း၌ သွားရောက်မြှုပ်နှံ၏။ ဤသို့ဖြင့် ဘိုးဘွား စကား နှင့် သီချင်းများစာအုပ် (စီအေစီစီထုတ်စာအုပ်) တွင် ကျားအောင်ပွဲ ကျင်းပခြင်း ဇိုခွါးရွာမှ စတင်သည်ဟု အဆိုရှိသည်။

ကျားအောင်ပွဲစတင်ခြင်းနှင့်ပတ်သက်၍ သိက္ခာတော်ရ ဒေါက်တာမန်ဟုပ်က အောက်ပါအတိုင်းပြောကြားပြန်သည်။ ရွာတစ် ရွာ၌သမန်းကျားနှင့် လူသားရောနှော၍ နေထိုင်၏။ လူသားများက သမန်းကျားဖြစ်ကြောင်းမသိရှိကြပါ။ ထိုရွာ၌သမန်းကျားမန်ဟာအိုး နှင့်လှပ၍ အလုပ်တွင်ကြိုးစားလုပ်ကိုင်သော အပျိုလေး သွမ်ဆုံတို့ ရှိကြသည်။ သူမန်ဟာအိုးကို သဘောကျသောကြောင့် အစ်ကိုမောင် များက နှမလေးသွမ်ဆုံကိုပေးစား၏။

သွမ်ဆုံသည် မိမိယောက်ျားသည် သမန်းကျားဖြစ်ကြောင်း ရိပ်မိလာသောအခါ မိမိ၏မောင်တို့အား အကျိုးအကြောင်းကိုပြော ပြ၏။ မောင်တို့ကလည်း နှမပြောသောစကားကိုမယုံကြပေ။ ထိုအခါ သွမ်ဆုံက မောင်တို့အားစကားဆိုသည်။ နေ့ခင်းတွင် သူမသည် ကပြင်( Thing Thang )လူအများနားနေရာအတွက် ပျဉ်များကို အိမ် ရှေ့မျက်နှာစာနှင့် တဆက်တည်းခင်းထားသော ကွပ်ပျစ်ကျယ်ကျယ် ပေါ်တွင် ဂျပ်ခုပ်သောအခါ မိမိယောက်ျား မန်ဟာအိုးသည် မိမိအနား တွင်လာအိပ်မည်။ ထိုအခါ ပြင်အောက်မှ လာရောက်ချောင်းမြောင်း ကြည့်ရန် ပြောထားသည်။

နှမကလေးပြောသည့်အတိုင်း သွားရောက်ကြည့်ကြသော အခါကပြင်၊ ပျဉ်ကြား၏အောက်ဘက်တွင် မန်ဟာအိုးသည် အမြီးကိုချလျက်အိပ်သည်ကိုတွေ့ကြ၏။နှမပြောသည့်အတိုင်းမှန်ကန်သိရှိသောအခါမောင်တို့ကမန်ဟာအိုးအား တိတ်တဆိတ် သတ်၍ ဦးခေါင်းကို ထရံ၌ ချိတ်ကပ်ထား၏။

သွမ်ဆုံ၏အိမ်မက်တွင် မန်ဟာအိုးသည် ပေါ်လာတတ်၍ “သွမ်ဆုံ ကျွန်တော့်ဦးခေါင်းကို နံရံတွင်မချိတ်ပါနှင့်။ သိပ်ပင်ပန်းပါ သည်။ ရွာတိုင်းတွင်ကရန်အတွက် သတ်မှတ်သည့် နေရာကိုယ်စီ ရှိကြသည့်ကွင်းတွင် ဦးခေါင်းကိုကိုင်ရင်း ကပွဲလုပ်ပေးပါ။ ထို့နောက် စမ်းရေအိုင်(Cerh)တွင်မြှုပ်ပေးပါ” ဟုပြော၏။ မကြာခဏ ထို အိပ်မက် ကိုမက်တတ်သောကြောင့် မိမိမောင်တို့ကို ပြောပြ၏။

ထိုအခါမောင်တို့ကလည်း အိပ်မက်ပေးသည့်အတိုင်း အများ စုစည်း အစည်းအဝေးပြုလုပ်သည့်နေရာ (Bual)တွင် ဦးခေါင်းကို အကဖြင့် ပြုလုပ်ပေးပြီး ညနေစောင်းတွင် စမ်းရေ အိုင်သို့ မြှုပ် နှံ၏။ ထိုမှစ၍ ကျားအောင်ပွဲပြုလုပ်ခြင်း စတင် သည် ဟုဆိုသည်။

ဒေါက်တာရောဘတ်ရှန်လျန်း ဆိုသူကလည်း ခေါင်းကို ကောင်းမွန်စွာ ထိန်းသိမ်းခြင်းကို ပြုလုပ်ခြင်းသည် အကြောင်းရှိ ၏။ ရှေးရှေးတုန်းက လုံမလေးတစ်ဦးသည် ကျားအဖြစ်သို့ ပြောင်း လဲသွား၏။ ထိုကျားကို ပစ်သတ်သောအခါ ကျားကြီး၏ ရုပ် အလောင်းလက်တစ်ဖက်တွင်ငွေလက်ကောက်တစ်ကွင်းကို တွေ့ရှိ ရ သောကြောင့်ဖြစ်သည်။ 

ဤပွဲစတင်ခြင်းနှင့်ပတ်သက်၍ ဦးဟရဲမန်းကရေးသားရာ တွင် လေတပ်ရွာမျိုးဆက်(၁၃)မြောက်က မန်နှင်းတို့မိသားစုနွယ် ဖြစ်သော လှောန်ကျဲအိုအရိုးမျိုးစုမှ ကျားအောင်ပွဲကို စတင်ကြောင်း ဆိုသည်။ လေတပ်ကျေးရွာတွင် အစ်ကိုမောင် ကိုးဦးရှိသော နှမလေး တစ်ဦးသည်ဂျပ်ခုတ်နေ၏။ထိုအချိန်တွင်တောထဲမှ ကျားတစ်ကောင် ရောက်ရှိလာ၍ ထိုအပျိုကလေးကို တောသို့ထမ်းပိုး သွား၏။ ထိုအခါ ကိုးဦးသောအစ်ကိုမောင်များသည် စိတ်ဆိုး၍ ကျားကို မမှီမချင်း လိုက်မည်ဟုသန္နိဋ္ဌာန်ချ၏။ ပြောင်းစေ့ကိုလှော်၍ ထောင်းကာ အမှုန့် ကိုယူသွား၏။ လေးနှင့်မြား၊ လှံကိုယူ၍ နေ့ရော ညပါလိုက်ကြ၏။ ယခုဆတ္တာရွာ၏အောက်တွင်ရှိသောရီချောင်းတွင် ကျားကြီး ကိုမှီကြ ၏။ ကျားကြီးက မည်သို့ပြုလုပ်သည်ကို ချောင်းကြည့်ကြ၏။

ကျားကြီးသည် လုံမပျိုလေး၏အလောင်းကို သစ်ပင်အရင်းတွင် ထိုင်စေပြီး အင်တိုက်အားတိုက်ကရင်း အလောင်းနှင့် သစ်ပင်ကို ကိုးကြိမ်ပတ်၏။ ထို့နောက် နောက်တစ်ကြိမ် ပြန်ပတ်ပြီး စားမည် အပြု၌ အစ်ကိုမောင်ငါးယောက်က တစ်ပြိုင်တည်း မြားနှင့်ပစ်ကြ သဖြင့် ကျားကြီးသေဆုံးသွား၏။
ကျား၏အသားများကို စိတ်နာနာဖြင့် လှီးဖြတ်ကာ မီးကင်၍ စားကြ၏။ တချို့ကရေနှင့်သောက်စားကြသည်။ တချို့က အသား ကိုသာ စားကြသည်။ နှမလေးပါသွားသော လတ်ဝတ်တန်ဆာများ ကိုမူညီအထွေးဆုံးကိုပေး၏။ နှမလေးအလောင်းနှင့် ကျားခေါင်းကို ယူ၍ အိမ်ပြန်လာကြ၏။
အစ်ကို မောင်အားလုံးသည် ကျား၏ဦးခေါင်းကိုဖြတ်၍ လေ တပ်ရွာသို့ ရောက်သောအခါ ကျားကြီးက ပြုသည့်အတိုင်း အောင်ပွဲ ခံ၍ လက်ဆန့်တန်းကရင်း ကျား၏ဦးခေါင်းကို ကိုးပတ်ပတ်၍ က ကြ၏။ ဤကားကျားအောင်ပွဲပြုလုပ်ခြင်း တစ်ခုဟု ဆိုပြန် သည်။
ကျားအောင်ပွဲဆိုသည်မှာ ကျားကိုသိမ်းဆည်းခြင်း သို့မဟုတ် ကျားကိုလိမ်ခြင်းဟူ၍ အမျိုးမျိုးခေါ်ဆိုသည်။ ချင်းတို့၏ အယူအဆ တွင်ကျားကိုပစ်သတ်သူသည်အမျိုးသမီးဖြစ်လျှင်ပြဿနာမဟုတ်ပါ။ သို့သော်အမျိုးသားဖြစ်လျှင်တစ်နေ့တွင် အခြားသောကျားကကလဲ့ စားချေမည်ဖြစ်သည်။ ထို့ကြောင့် ကျားပစ်သတ်သူသည် ယောက်ျား မဟုတ် မိန်းကလေးသာဖြစ်ကြောင်း သတ်သေပြနိုင်ရန် အတွက် မဖြစ် မနေအောင်ပွဲကျင်းပရခြင်းဖြစ်သည်။ ထို့ကြောင့်ကွင်း၌ ကသောအခါ အမျိုးသမီးကဲ့သို့ဝတ်စားဆင်ယင်ရခြင်းလည်းဖြစ်သည်။ 
ခေါင်ကျွဲပွဲမကျင်းပသူသည် ကျားအောင်ပွဲကို ပြုလုပ်ခွင့်မရှိ။ ဘွေသဲပွဲ(တစ်ရွာလုံးစားသောက်ပွဲ အလှူပေးခြင်း)ကို မကျင်းပနိုင် လျှင်ကျားသစ်နှင့် အခြားသောကျားကို ပစ်သတ်နိုင်သော်လည်း အောင်ပွဲ မကျင်းပနိုင်ပေ။ ခေါင်ကျွဲပွဲက ဘွေသဲပွဲထက်ပို၍ကြီးမြတ် သော ပွဲတော်ဖြစ်သည်။ 
ခေါင်ကျွဲပွဲနှင့်ဘွေကျွဲပွဲကျင်းပနိုင်သူများသည် ကျားကိုမပစ် နိုင်သော်လည်း ကျားအောင်ပွဲကို ကျင်းပနိုင်ခွင့်ရှိသည်။ ထို့ကြောင့် ကျားအောင်ပွဲပြုလုပ်သူသည် ကျားကိုပစ်သတ်နိုင်သူအဖြစ် သဘော တူထားနိုင်သည်။ ဆန်ပီးမျိုးရိုးကကျားကိုပစ်သတ်နိုင်လျှင် ဆန်ပီး မျိုးနွယ်က အောင်ပွဲပြုလုပ်ရသည်။ ထိုမျိုးရိုးစုအတွင်းမှ ကျင်းပနိုင် သူမရှိသောအခါမှသာ အခြားမျိုးရိုးစုများက ကျင်းပရသည်။ ထိုသို့ ကျာကိုပစ်သတ်သော်လည်း ခေါင်ကျွဲပွဲကျင်းပလိုသူက ခေါင်အိုးနှင့် ပုတီးလုံးယူလာ၍ လာတောင်းရသည်။ 
ကျားအောင်ပွဲကျင်းပသောကွင်း(Bual) သည် ရွာတိုင်း၌ ကွင်းကိုယ်စီရှိကြသည်။ ထိုအောင်ပွဲကျင်းပသည့်နေ့ကြီးတွင် အမျိုး သား ဟူသမျှ နံနက်က ထမင်းစားပြီးသောအခါ ကျင်းပရာ ကွင်းတွင် ရောက်ရှိကြသည်။ ကောက်ညှင်းဆန်နှင့်အသားကို စားကြသည်။
အမျိုးသမီးများအတွက် သီးသန့်ထားသောအသား(Nusa)ကို အိမ်၌ စားပြီးသောအခါ အောင်ပွဲကျင်းပရာကွင်းသို့ ရောက်ရှိလာကြ ပြီးကွင်းအပြင်ဘက်တွင်နေရာယူနေရာယူကြ၏။ကိုယ်အင်္ဂါမစုံသော အမျိုးသားများသည်လည်းအမျိုးသမီးများနည်းတူကွင်းတွင်း ၌ဝင်ခွင့် မရှိပါ။ 
အောင်ပွဲကျင်းပရာကွင်း(Bual) အောက်ဖက်တွင် ခါးလယ် အထိမြင့်သော စင်ကိုပြူလုပ်ထား၏။ တစ်လံအကျယ်နှင့်လှေခါး ကို ခင်းသည်။ စင်၏အပေါ်တံစို့တွင်ကျားသာရေကို မှောက်လျက်ခြုံရာ တွင်ခြေလေးချောင်းနှင့်အမြီးကခင်းထားသောကြမ်းပြင်ကိုမထိတထိ အမြင့်ဖြင့် ခင်းထား၏။ စင်၏ခြေရင်း မြေတစ်နေရာတွင် ခွေးငယ် လေး တစ်ကောင်ကို ပူဇော်ရန်အတွက်ချည်ထားသည်။
ပိုက်ပွဲ(နပန်းလုံးပွဲ) အရင်စ၍ ညနေစောင်းသည်အထိ နပန်း လုံးပွဲမပြီးလျှင်လည်းစ၍ကကြသည်။အမျိုးသမီးရောအမျိုး သားများ ပါ ပါဝင်လျက် ဆွန်လာမ်ရိုးရာအကကို ကကြသည်။ ကျင်းပသူက ရှေ့ဆောင်၍ သူ၏ပတ်ဝန်းကျင်တွင် အခြားသူများက ဝိုင်း၍ကကြ၏။ လက်နှစ်ခုကို ဆန့်တန်းကာ တံတောင်ဆစ်ကို ကွေး၍ လက် နှစ်ဖက်ကို အတက်၊ အကျတစ်လှည့်စီ အနိမ့်အမြင့် ပြုလုပ်၍ ကကြ၏။ မျက်နှာချင်းဆိုင်လည်းကောင်း၊ စီတန်း၍ အရှေ့ နောက်ဖြင့် လည်းကောင်း အားလုံးပါဝင်၍ ကကြရသည်။ခေါင်ရည်ကိုလောင်းထည့်သည့် စင်ပေါ်မှဆင်းသည်အထိ အောက်တွင်ရှိသော သူများ သည် ကလျက်စောင့်ဆိုင်းကြသည်။ ထိုသို့ဆက်၍ ဆက်၍ ကကြရာ ကိုးပတ်ပြည့်သောအခါ ချည်ထားသော ခွေးငယ်လေးကို စေခိုင်း သောသူတစ်ဦးက ဓားဖြင့်ခုတ်သတ်သည်။ ထိုခွေးလေး အလောင်း ဖြင့် ကွင်း၏အောက်ဘက်တွင် ပူဇော်ကြ၏။ ထိုခိုင်း၍ သတ်သော သူကို အဖိုးအခပေးရ၏။ အများအားဖြင့် ကျပ်မပြည့် သောသူအား ခိုင်းရတတ်၏။ 
နေဝင်ရီတရော အချိန်ရောက်သောအခါ ကျား၏အရိုးနှင့် ခေါင်းကိုတူရိယာများတီးမှုတ်ရင်း ရွာ၏အပြင်ဘက်စိမ့်စမ်းရှိ ရွှံ့ညွှန် တွင် သွားရောက်မြှုပ်နှံရ၏။ ကျားဟူသမျှကို ပစ်သတ်သောအခါ တံစို့တွင်ထိုး၍ ပခုံးပေါ်တင်ကာ မည်သည့်ရွာထဲတွင် မျှဝင်ရောက် ဖြတ်သန်းခြင်းမပြုလုပ်ရပါ။
ကျားများစိတ်ဆိုး၍ ရွာရှိတိရစ္ဆာန်များကို ကိုက်ကြမည်ဖြစ် သည်ဟူသော အယူအဆရှိ၍ ဖြစ်သည်။ 
ချင်းစော်ဘွား (Phun bawi) များသည်လည်း ကျားအောင်ပွဲ ကိုကျင်းပလေ့ရှိသည်။ကျားအောင်ပွဲကို ကျင်းပလိုသူ များပြားသောရွာတွင် ကျားပစ်သတ်သူရှိပါကကျားအောင်ပွဲကို သူကျင်းပမည်၊ ငါ ကျင်းပမည်ဟုတောင်းဆိုကြသည်။ ကျား၏ ကိုယ်ပေါ်တွင် မှောက်လျက်မိမိကကျင်းပမည်ဟုမေတ္တာရပ်ခံသော ဓလေ့ရှိကြောင်း သိရသည်။ကျွဲ ၊ ဝက်သတ်၍ ကျွေးမွေး၏။ ညလုံးပေါက် ကခုန်ကြသည်။ ရိုးရာခေါင်ရည်များကလည်း သောက်မကုန်အောင် များပြားလှသည်။ သို့သော် ဘွေသဲပွဲ (တစ်ရွာလုံးစားသောက်ပွဲ အလှူပေးခြင်း) ကျင်းပ ခြင်း မရှိသူက ကျားအောင်ပွဲ ကျင်းပခွင့် မရှိပေ။ ကျားအောင်ပွဲအား နှစ်ရက်မှ ငါးရက်ခန့်အထိ ပြုလုပ်လျက် ရှိသည်။

ပထမနေ့
နွားနောက် ကျွဲ၊ဝက်များကိုသတ်၍ ရွာလုံးကျွတ် (Tlangzam) ဝေပေးကြသည်။ ရွာလုံးကျွတ် ပါဝင်ဆင်နွှဲသောက် စားကြသည်။ လအများအပြား တတ်ရောက်သောကြောင့် လူဦးရေအမှန်ကို သိရှိ နိုင်ရန်အတွက် လူတစ်ဦးအောင်လောက် တစ်စေ့ကို တောင်းထဲ ထည့်၍ ထိုဦးရေအလိုက် အသားကိုလှီးဖြတ်ရသည်။ စားကြွင်း၊ စား ကျန်များသည် အိမ်သို့ယူဆောင်နိုင်သော်လည်း အိမ်အတွင်းသို့ယူ ဆောင်ခွင့်မရှိသောကြောင့် အပြင်တွင်အားလုံး စားရ၏။

     ဒုတိယနေ့
ထိုနေ့သည် ပွဲကြီး (Nipi Ni)  နေ့ဖြစ်သည်။ ဆရဲအိုး (Sareu) ကျားအောင်ပွဲပြုလုပ်သူအများတွက် နွားနောက်နှင့်ဝက်ထီးကို သတ် ၍ပေးဝေခြင်း၊ စားသောက်ခြင်း ပြု
လုပ်ပါသည်။ ဆရဲအိုးဆိုသည်မှာ ခေါင်ကျွဲပွဲ ၊ ဘွေသဲပွေ မပြုလုပ်နိုင်သူများက ကျင်းပသည့်ပွဲဖြစ်ပါ သည်။ ဆရဲအိုးဆိုသည်မှာ ခေါင်ကျွဲပွဲ၊ ဘွေသဲပွဲ မပြုလုပ်နိုင်သူများ က ကျင်းပသည့် ပွဲဖြစ်ပါသည်။ တချို့သော ကျေးရွာများသည် ဘွေ သဲပွဲကျင်းပသူအဆင့်ဖြင့်သတ်မှတ်သူများလည်းရှိကြသည်။ ကျင်းပ ပုံသည် ဇိန်ဝက်(နံနက်ပိုင်းတွင်သတ်သော ဝက်သား) သတ်ပွဲမှစ၍ အားလုံးအတူတူပင်ဖြစ်သည်။ ဇန်ချွန့် (ညတွင်စားသောက်ရန် သတ် သောဝက်သား) ပြုလုပ်ပြီးစီးသော အခါ ကျင်းပသူ၏နှမ၊ အဒေါ်များ က ဝက်ကိုသတ်၍ယူလာကြ၏။ ယင်းကိုအာရ်ဆာထ (Arsa Thah) ဟုခေါ်သည်။ ယင်းပွဲပြီးလျှင် အဝတ်အထည်များ ရရှိနိုင်ရန် ပြုလုပ် ရခြင်းဟု ယူဆကြသည်။  
ညတွင် ဇန်ချွန့်(Zan Chumb)ပွဲကို စတင်ကျင်းပ၍ ဝက်ထီး သုံးကောင်ကိုသတ်ကာခြေလေးချောင်းသတ္တဝါကိုလည်းသတ်ကြ၏။ အမျိုးသားအားလုံး ဝက်သားဆဆီရ်စားသုံးကြ၏။ ခြေလေးချောင်း သတ္တဝါများ၏ အသားများကို ရွာလုံးကျွတ်ပေးဝေရ သေး၏။ ထိုအထိပြုလုပ်ခြင်းကို ဆရဲအိုးဟုခေါ်ဆိုသည်။
ဘွေသဲပွဲပြုလုပ်သောအချိန်အတွင်း ဆရဲအိုးကိုလည်း ပြုလုပ် ကြသည်။ နံနက်ခင်းတွင် နွားနောက်အထီးကိုသတ်၍ ဝက်ထီး တစ် ကောင်ကိုလည်းသတ်ရ၏။ စားသုံးသူများအတွက် စင်တစ်ခုကို ဆောက်လုပ်ပေးရ၏။ လိုအပ်သည်များကိုလည်းစင်ပေါ်သို့တင်ထား ကြ၏။ ဝက်ခြောက်ဆုပ်တစ်ကောင်ကိုသတ်၍ အချို့ကို ပေးဝေပြီး ကျန်တစ်ဝက်ကို စင်ပေါ်အဖွဲ့များ (အရေးပါအရာရောက်သူများ)က စင်ပေါ်တွင်စားသုံးကြ၏။
ထို့အပြင် ချွမ်ချန်(Chuanchang) ခေါ်ပွဲ ကျင်းပသောသူများ အား သီးသန့်ထားပေးရသော အသားတုံး စားခွင့်ရှိသူများအတွက် ခြေလေးချောင်း သတ္တဝါတစ်ကောင်နှင့် ဝက်ထီးတစ်ကောင်ကိုသတ် ၍ ဝေစားခြင်း၊ ပွဲတည်ခြင်းဖြင့် စားသုံးကြသည်။ အများအတွက်မူ ဝက်ထီးတစ်ကောင် ကိုသတ်၍ ထမင်းမပါစားရ၏။ 
ထိုနေ့တွင် ကျားအောင်ပွဲကျင်းပသည့်ကွင်းထဲတွင် ကသော နေ့ဟုခေါ်ဆိုသကဲ့သို့ ကွင်းတွင်ပြုလုပ်သော စင်ပေါ်တွင်လည်း ကရ မည့်နေ့ဖြစ်သည်။ ထိုစင်ပေါ်တွင် ကျား၏အလောင်းကို ထမ်းစင် (Laang) တံစို့ဖြင့် ခုနှစ်ခုကြားတွင်ထားကာ ကျန်လိုစောင် (ချင်း အခေါ်)ကိုခြုံပြီး လက်နှင့်ခြေများတွင် ငွေလက်ကောက်များ (Banhorlh, Ngunkhikhiang)နှင့် အလှဆင်ကာစွပ်၍ဝတ်စေသည်။ 
ကွင်းထဲတွင်ကကြသောအခါ စင်ကို တစ်ပတ်ပတ်ပြီးတိုင်း စင်ပေါ်သို့ အမျိုးသားကတတ်၍ ကျား၏မျက်လုံးကို ချည်ဒလက် (ရက်ကန်းရက်ရန်ချည်ဖြင့်ပတ်ထားသောတုတ်ဖြင့်)ထိုးပြီးခေါင်ရည် ကိုငုံ၍ မှုတ်ထုတ်သည်။မှုတ်ထုတ်သောနေရာကိုဇနီးကဆန်မှုန့်ဆုပ် ကို ချေမွလျက်ဖြူးရသည်။ ထိုကဲ့သို့စင်ကိုကိုးပတ်ပတ်ပြီးသောအခါ အမျိုးသားများသည် ကျားခေါင်းကို စမ်းရေရွှံ့ညွန် (Cerh) တွင် သွား ရောက်မြှုပ်နှံကြလေသည်။ ထိုနေ့များတွင် ကျားကို ပူဇော်သောသူ များ (Keidang)သည် အိမ်ပြင်မထွက်ဘဲ အိမ်ထဲတွင် အောင်း၍ နေရ ၏။
ထိုသို့ အဓိပ္ပာယ်လေးနက်၍ ထူးဆန်းအံသြဖွယ်ကောင်းသော ကျားအောင်ပွဲအကအား ထန်တလန်မြို့နယ် လေတပ်ရွာ၌အမြဲ ကျင်းပ လေ့ရှိသည်။ ချင်းလူမျိုးတို့၏ ချစ်စရာကောင်းသော ရိုးသား ခြင်း၊ ဖြောင့်မတ်ခြင်းအကျင့်တစ်ခုဖြစ်သည်။ ယင်းအပြင်ချင်းလူမျိုး တို့သည် မျိုးနွယ်စုကွဲပြားစေကာမူ ယဉ်ကျေးမှုနှင့် ဓလေ့ ထုံးတမ်း များကို မပျောက်ကွယ်စေရန်အတွက် ထိန်းသိမ်းစောင့် ရှောက်ခြင်း၊ ရှင်သန်ကြီးထွားစေရန် ပြုစုပျိုးထောင်လာခြင်း ဓလေ့ ရိုးရာများ ရှိသကဲ့သို့ ကျားအောင်ပွဲအကအားယနေ့လူကြီးများက နောင်လူငယ် များထံသို့ အမွေခံကောင်းများအား လက်ဆင့်ကမ်း ရှင်သန်ပေးဝေ နေမည်မှာ အမှန်ပင်ဖြစ်ပါတော့သည်။