ချင်း ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

ကိုညတ် (နာဂ) မျိုးနွယ်စုတို့၏ KONYAK AOLENG MO NYU ခေါ် နှစ်သစ်ကူးပွဲတော်
Image

 (၁) ကိုညတ်အော်လျန်မိုးညူ ခေါ် ကိုညတ်တို့၏ နှစ်သစ်ကူးပွဲတော်သည် တစ်နှစ်မှာတစ်ကြိမ် ကျင်းပသည့် ရှေးယခင်ကိုညတ်လူမျိုးတို့ စတင်သည့်ခေတ်မှ ယနေ့အထိ ကျင်းပသည့်  အထိမ်းအမှတ်ပွဲ ဖြစ်ပါသည်။ နှစ်ဟောင်းကုန်ပြီးနှစ်သစ်အတွက် ဆုတောင်းသည့်ပွဲဖြစ်ပြီး ကိုညတ် အော်လျန်မိုးညူ(ခေါ်) ကိုညတ်တို့၏ နှစ်သစ်ကူးပွဲတော်ကို ကိုညတ်လူမျိုးများ နေထိုင်ရာနေရာဒေသတွင်မလုပ်မဖြစ်ရပ်ဆိုင်းလို့မရသည့်ပွဲဖြစ်ပြီးနှစ်သစ်ကူးပွဲမပြုလုပ်ပါကတောင်ယာသီးနှံများအောင်မြင်မှုမရှိရပ်ရွာ တွင် အနာရောဂါကျရောက်နိုင်ကြောင်း ယုံကြည်ထားခြင်းဖြစ်ပါသည်။

(၂)   ရှေးယခင်က ကိုညတ်တို့၏ နှစ်သစ်ကူးပွဲတော်ကို ခန့်မှန်းလ မတ်လဆန်း(၁) ရက်နေ့မှ စတင်ကျင်းပ ကြပါသည်။ မတ်လကို  Konyak Aoleng Leatဟု ခေါ်ဝေါ် သတ်မှတ်ကြပြီး နှစ်သစ်ကူးပွဲလ အဖြစ် သတ်မှတ်ကျင်းပ လာခြင်း ဖြစ်ပါသည်။

(၃) ကိုညတ် (နာဂ) လူမျိုးများသည် ရှေးယခင်မှ ယနေ့ထိ ကျေး ရွာရှိ (paan) (ပါ) ခေါ်(ပန်) ကျေးရွာရပ် ကွက်ရုံး သို့မဟုတ် (Ahung Nok)  (အန်းနောက်) ခေါ် ကျေးရွာရှိ စော်ဘွားကြီးအိမ်တွင် ရပ်ရွာ လူကြီးများ စုစည်း၍ စည်းဝေးဆုံးဖြတ်ပြီးမှသာ ရပ်ရေးရွာရေး လုပ်ငန်း များကို စတင်လုပ်ဆောင်ကြရပါသည်။

(က) ကိုညတ်လူမျိုးတို့ KONYAK AOLENG MO NYU ခေါ် ရိုးရာယဉ်ကျေးမှု နှစ်သစ်ကူးပွဲတော် ပြုလုပ်ရသည့် ရိုးရာဓလေ့ထုံးတမ်းစဉ်လာများ

(၁) တစ်နှစ်တာကျွေးရွာရှိလူဦးရေအလိုက် (ဝါးချောင်းတို) တစ်ချောင်းစီ ဥပမာ- မိသားစု တစ်စုတွင်လူ(၅)ဦးရှိလျှင် ဝါး ချောင်း(၅)ချောင်းကို သက်ဆိုင်ရာ “ပန်” သူကြီး ထံ ပေးရပြီး ရပ်ကွက်အလိုက် ပန်အလိုက်စုစည်းပြီး ကျေးရွာ ရှိ စော်ဘွား ကြီးထံ ပို့ရပါသည်။ ပန်သူကြီးများမှ ပေးပို့ ထားသည့် ဝါး ချောင်းများကို ရပ်မိရပ်ဖနှင့် ပန်သူကြီးများ စော်ဘွားကြီး နေအိမ်တွင်ရောက်ပြီး ကျေးရွာရှိ လူဦးရေ ကို ထုတ်ပြန်ရပါ သည်။

(၂) နှစ်သစ်ကူးပွဲအတွက်ကြိုတင်ပြင်ဆင်ခြင်း-ထင်း ခွေခြင်း၊ ကျွဲ၊ နွားနောက်၊ နွား၊ ဝက်တို့ကို ပွဲတော်အတွက် ကြို တင်ရှာဖွေ  ဝယ်ယူထားကြ ပါသည်။

(ခ) KONYAK AOLENG MO NYU ခေါ် ရိုးရာယဉ်ကျေးမှု နှစ်သစ်ကူးပွဲတော်စတင်ခြင်း၊ ဓလေ့ထုံးတမ်းစဉ်လာများ
 
(၁) အိမ်အတွင်းရှိသားသမီးများထံမှ အရွယ် ရောက်ပြီးသူများ ရိုးရာအကအတွက် ဝတ်စုံများ ကြိုတင်စုဆောင်းပြင်ဆင် ထား ရပါသည်။ 
(၂)  မင်္ဂလာဆောင်ထားပြီး မိန်းကလေးများ အမျိုးသား အိမ် သို့ နှစ်သစ်ကူးပွဲတော်အတွင်း သွားရောက် နေထိုင်ပြီး မိဘ အိမ်မှ ထွက်ခွာပြီး ကြောင်း အသိအမှတ်ပြုရပါသည်။
(၃) အရွယ်ရောက်ပြီး မိန်းကလေးအပျို/လူပျိုများ သည် ရိုးရာနှစ်သစ်ကူးပွဲတော်မှ စတင်ပြီး မိဘအိမ်တွင် ည မအိပ်စေဘဲ သူငယ်ချင်းမိန်း ကလေးအိမ်ဆီ ညအိပ်ရန် ကြို တင်ပြင်ဆင်ထား ရသည့် ဓလေ့ထုံးတမ်းရှိပါသည်။

(ဂ) KONYAK ALOENG MO NYU ခေါ် ရိုးရာယဉ်ကျေးမှု နှစ်သစ်ကူးပွဲတော် စတင်ကျင်းပခြင်း

ပထမရက်- တစ်နှစ်မှာ တစ်ကြိမ်သာကျင်းပသည့် ကိုညတ်တို့၏ နှစ် သစ်ကူးပွဲစတင်ကြောင်း တစ်ရွာလုံးသိအောင် လဆန်း(၁)ရက်နေ့ မနက်ပိုင်းတွင် ကျေးရွာ အတွင်းရှိ “ပန်”တုံးများခေါက်ပေးရပါသည်။
ဒုတိယရက်- ကျေးရွာစော်ဘွားကြီးအိမ်ရှေ့တွင်Untak(အန်တပ် )ခေါ် မဏ္ဍပ်ဆောက် kei phong ကိုင်ဖိုး) ခေါ် ဆုတောင်းတိုင် စိုက်ထူ ရပါသည်။
တတိယရက်- ကျေးရွာရပ်ကွက်အသီးသီးရှိ ပန်းရှေ့တွင် မဏ္ဍပ် ဆောက် ဆုတောင်းတိုင် စိုက်ထူရပါသည်။
စတုတ္ထရက်- နှစ်သစ်ကူးပြီးနှစ်ဟောင်းအညစ်အကြေး ဆေးကြောသည့် အနေဖြင့် ချောင်းရေ၊ ရေကန်များသို့ သွားကြပြီး ရေချိုးခြင်း၊ အဝတ်လျှော်ခြင်း စသည် တစ်ကိုယ်ရေသန့်ရှင်းရေး လုပ်ကြပါသည်။ နှစ်သစ် ကူးပွဲတော်စတင်ရက် ညနေပိုင်းတွင် မိသားစု စုံစုံလင်လင် ထမင်းမစားမီ မီးဖိုဆောင်ရှိ ကျောက်ခဲ(ဖိုဖနောက်)အားထမင်း၊ဟင်းတို့ကို ပထမကျွေးပြီး နောက်မှမိသားစု ထမင်းစားရသည့် ဓလေ့ထုံး တမ်းစဉ်လာရှိပါသည်။
ပဥ္စမရက်နှင့်ဆဌမရက်များတွင် ပန်အလိုက် အမျိုးသား၊ အမျိုးသမီး များ အဖွဲ့လိုက် ရိုးရာအကများဖြင့် ကပြကြပါသည်။
သတ္တမရက်- ညနေပိုင်းတွင် အမျိုးသားများ ရိုးရာ အကများဖြင့် ကပြ ပြီး ပန်တုံးများ တီးခတ်ကြပါသည်။ ကျေးရွာစော်ဘွားကြီးအိမ်ရှေ့ နှင့် ပန်များတွင် ဆောက်လုပ်ထားသည့်မဏ္ဍပ်နှင့် ဆုတောင်း နတ်တိုင် များ ကို အရိုအသေပြုပြီး ဖျက်သိမ်းကြရပါသည်။

(ဃ) ယခုအခါခေတ်စနစ် ပြောင်းလဲလာသောကြောင့် KONYAK ALOENG MO NYU ခေါ် ကိုညတ် (နာဂ) မျိုး နွယ်စုတို့၏ ရိုးရာယဉ်ကျေးမှုနှစ်သစ် ကူးပွဲတော်ကို နှစ်စဉ်ဧပြီလ(၁) ရက်မှ (၆)ရက်အတွင်း ကျင်းပရန်သတ်မှတ် ပြီး၊ကိုညတ် မျိုးနွယ်စုရှိ ကျေးရွာ/ ရပ်ကွက်နှင့် ကိုညတ် မျိုး နွယ်စုရှိ နေရာများတွင် အစီအစဉ် ကြိုတင်ရေးဆွဲပြီး ပြုလုပ် ကျင်းပလျက်ရှိသည်။ 

(၁) ပထမရက်-နှစ်စဉ် ဧပြီလ(၁)ရက်နေ့သည် ရိုးရာယဉ် ကျေးမှု နှစ်သစ်ကူးပွဲတော်အတွက် ကြိုတင်ပြင်ဆင်သည့် ရက်အဖြစ် သတ်မှတ်ပါသည်။
(၂) ဒုတိယရက် ရိုးရာနှစ်သစ်ကူးပွဲတော် အတွက် ကျွဲ၊ နွား နောက်၊ နွား၊ ဝက် စသည့် အကောင်များ ပွဲတော်ဟင်း အတွက် ကြိုတင်ပြင် ဆင်ရပါသည်။
(၃) တတိယရက်နှင့် စတုတ္ထရက်များတွင် ယခုအခါ လူငယ်များ အားကစားပွဲ ကျင်းပရန် သတ်မှတ်ပါသည်။ “ပန်” အလိုက် လူငယ်အမျိုးသား/အမျိိုး သမီးဘောလုံး၊ ဘော် လီဘော၊  ခြင်းလုံးစသည့် အသင်းအဖွဲ့အလိုက် ဖွဲ့စည်း ပြီး အားကစားမျိုးစုံဖြစ် အားကစားပွဲကို ကျင်းပကြ ပါ သည်။ အဆိုပါ အားကစားပွဲအတွက် လူငယ်များမှ ရန်ပုံ ငွေ ကြိုတင် ရှာဖွေထားရပါသည်။
(၄) ပဥ္စမရက် ပန်အလိုက် အမျိုးသား၊ အမျိုးသမီးများ ရိုးရာ ဝတ်စုံဖြ င့် ရိုးရာအက ကပြကြပါသည်။
(၅) ဆဌမရက်- နောက်ဆုံးရက်တွင် မနက်ပိုင်း ကျေးရွာရှိ ဘော လုံးကွင်းမဏ္ဍပ်တွင် ပိတ်ပွဲအခမ်း အနားကျင်းပ ပြုလုပ်ရပါ သည်။ ရိုးရာအက ကျား/မ များနှင့် အားကစားတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသည့်အသင်း၊ အဖွဲ့လူငယ်များအား ဆုပေးခြင်းနှင့်လူငယ်များအားကျေးရွာလူကြီးများမှ ဩဝါဒပေးခြင်းများပြောဆိုပေးရသည်။အခမ်းအနားတွင် ကျေးရွာစော်ဘွားကြီး (သို့) ရပ်မိရပ်ဖက သဘာပတိအဖြစ် ဆောင်ရွက်ရပါသည်။ ပိတ်ပွဲအခမ်းအနားတွင် ကျေးရွာရှိ ပြည်သူလူထုအားလုံး တက်ရောက်ကြပြီးနောင်နှစ် တောင်ယာတွင် ဆန်၊ စပါး၊သီးနှံများအောင်မြင်စေရန်နှင့် ကျေးရွာ အတွင်းနေထိုင်ကြသည့်ပြည်သူ လူထုအားလုံးအနာရောဂါမှ ကင်းဝေးစေရန်ကျွန်တော်တို့ ကိုးကွယ်ယုံကြည်သည့်ဘုရားသခင်ထံ ဆုတောင်းပြီး အခမ်းအနား ကို ရုပ်သိမ်း ပါသည်။

ဆဌမရက်- ညနေပိုင်းတွင် ကျေးရွာသူကြီးများ၊ စော် ဘွားကြီးများ သို့မဟုတ် ရပ်မိရပ်ဖအိမ်တွင် စုစည်းစည်းဝေးပြီး ကျေးရွာတစ်ရွာ နှင့် တစ်ရွာ ကြားလမ်းခုတ် ရှင်းလင်းခြင်း၊ တံတားဆောက်လုပ် ပြုပြင် ခြင်း၊ ကျေးရွာအတွင်းရှိ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ကြရမည့် လုပ်ငန်းတာဝန်များခွဲဝေသည့်အစည်းအဝေးပြုလုပ်ရပါသည်။ ကိုညတ်တို့၏ ကျေးရွာများတွင် ကျေးရွာချင်းဆက်သွယ်ရေးလမ်း၊ တံတားများကို “ပန်” အလိုက်အကွာအဝေး သတ်မှတ်ပြီး တာဝန်ယူ ဆောင်ရွက်ရပါသည်။

KONYAK ALOENG MO NYUခေါ် ကိုညတ် (နာဂ)မျိုးနွယ်စုတို့၏ တစ်နှစ်မှ တစ်ကြိမ်သာကျင်းပသည့် ရိုးရာနှစ်သစ်ကူးပွဲတော်သည် မကျင်းပပဲ ရပ်ဆိုင်းလို့မရသည့် ရှေး ယခင် မှ ယခုအထိ ကိုညတ်တို့၏ အထိမ်းအမှတ်ပွဲဖြစ်ပြီး နှစ်စဉ် ဧပြီ (၁)ရက်မှ (၆)ရက်အတွင်း ကျင်းပလျက်ရှိကြောင်းနှင့် ညီကိုများ အားလုံး နှစ်စဉ်ဧပြီလဆန်းပိုင်းတွင် ကျွန်တော်တို့ (ကိုညတ်အော် လျန်ပွဲ) ရိုးရာနှစ်သစ်ကူးပွဲတော်သို့ လာရောက်လေ့လာကြပါရန် ဖိတ်ခေါ်ရင်း လဟယ်မြို့နယ် အရှေ့မြောက်ဘက်ရှိ ကိုညတ်(နာဂ) တို့၏ ရိုးရာနှစ်သစ် ကူးပွဲတော်အကြောင်း တင်ပြအပ်ပါသည်။