ကမ္ဘာပေါ်ရှိ နိုင်ငံမဟုတ် လူမျိုးများ၏ အမျိုးသား လက္ခဏာအထိမ်းအမှတ်အဖြစ် ဗမာလူမျိုးများသည် ဥဒေါင်းငှက်၊ အမေရိကန်နိုင်ငံသည် လင်းယုန်ငှက်၊ အင်္ဂလိပ်သည် ခြင်္သေ့၊ လောနိုင်ငံသည် ဆင်၊ ရှမ်းလူမျိုး များမှာ ကျား၊ မွန်လူမျိုးမှာ ဟင်္သာ၊ ကရင်လူမျိုးမှာ ဖားစည် ဟုသတ်မှတ်ခဲ့ကြသလို ချင်းလူမျိုးများ အနေဖြင့် အောက်ချင်းငှက် (ယောင်ယင်ငှက်)ဟု သတ်မှတ်ခဲ့ကြပါ သည်။
ချင်းလူမျိုးများသည် အောက်ချင်းငှက်ကို အလေး အနက်ထားသူများဖြစ်ကြသည်။ အောက်ချင်းငှက်ဖမ်းမိ သူများအား တိုက်ပွဲတွင် အောင်ပန်းဆင်သော သူရဲ ကောင်းများ၊ သားရဲတိရစ္ဆာန်များ ဖမ်းမိသူများပမာ သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။ ထို့အပြင် အောက်ချင်းငှက် အမွှေးအတောင်များ၊ အမြီးများပါသော ပန်းပွင့်ပန်းဖွားများဖြင့် ဆင်ယင်ထားသော ဦးထုပ်များကို ဆောင်းခွင့်၊ ခေါင်ပွဲတည်ခင်းခွင့်နှင့် ဂုဏ်ထူးဘွဲ့ထူးရ သူများသာ ခင်းခွင့်ရှိသော “အောင်ပွဲခင်းကျင်းပခွင့်” ရရှိသည့်အပြင် မိမိတို့၏ မှတ်တမ်းကျောက်စာများတွင် ရေးထိုးခွင့်ရသော တော်ဝင်ငှက်အဖြစ် အသိအမှတ်ပြု မှတ်တမ်းတင်ခွင့်ရရှိကြသည်။ ချင်းအမျိုးသား လုလင်ပျို တစ်ဦးသည် မိမိဖမ်းမိထားသော အောက်ချင်းငှက်၏ အမြီးကို အောက်ချင်းငှက်လိုသစ္စာရှိရှိ ချစ်ခင်မည်ဟု ကတိပေးသည့်အနေဖြင့် မိမိချစ်ခင်သော လုံမပျို တစ်ဦးကို လက်ဆောင်ပေးပါက လုလင်ပျိုအားငြင်းဆိုရန် အား မသန်ဘဲ အချစ်ကိုလက်ခံ အသိအမှတ်ပြုကြောင်း အသိ အမှတ်ပြုသည့် အနေဖြင့် လုံမပျိုက လုလင်ပျို၏ သျှောင်ထုံးတွင် စိုက်ထူပေးခြင်းဖြင့် ပြသလေ့ရှိသည်ကို လေ့လာမှတ်သားရပါသည်။
အောက်ချင်းငှက်တို့၏အမျိုးအစား
အောက်ချင်းငှက်သည် အမျိုးကြီး(၉)မျိုးနှင့် မျိုးကွဲ ပေါင်း (၄၅) မျိုးရှိသည်။ အရွယ်အစားမှာ (၂၆လက်မမှ ၂၇လက်မကြား) မှ (၄၂လက်မမှ ၅၂လက်မကြား) တွင်ရှိ သည်။
အရောင်အဆင်း
အောက်ချင်းငှက်တို၏ အရောင်အဆင်း အမွှေး အရောင်များမှာ ခပ်ဆင်ဆင်တူညီသည်။ တစ်ကိုယ်လုံး အရောင်မှာ အနက်ရောင် သန်းပါသည်။ ရင်အုပ်မှာ ဖြူဖျော့ဖျော့ရှိပြီး အမြီးမှာ အဖြူနှင့် အနက်ရောင်ကွက် ကြားဖြစ်သည်။ ယောင်ယင်ငှက်ဖို၏ မျက်နက်ဝန်းသည် အနီရောင်ဖြစ်ပြီး ငှက်မ၏ မျက်ဝန်းမှာ အဖြူရောင်ဖြစ် သည်။
ပုံသဏ္ဌာန်
ဦးခေါင်းမှာ နှုတ်သီးရှည်ပြီး နှုတ်သီးပေါ်တွင် ဘို့ရှိပါသည်။ လည်ပင်းရှည်ပြီး ခြေထောက်တိုပါသည်။ တောင်ပံရှည်ပြီး အမြီး ၁၁ လက်မကျော်ရှည်ပါသည်။ ကျက်စားသော နေရာဒေသမှာ အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံ၊ ယိုးဒယားနိုင်ငံ၊ အင်ဒိုချိုင်းနား၊ မာလာယုကျွန်းဆွယ်၊ ဆူမတြားကျွန်းနှင့် အာဖရိကတိုက်တို့တွင် တွေ့ရှိနိုင် သည်။ ၎င်းဒေသများမှာ တောအုပ်ထူထပ်ပြီး ပင်လယ်ရေ မျက်နှာပြင်အမြင့်ပေ ၄၀၀၀အထိ မြင့်သောနေရာများတွင် တွေ့ရှိနိုင်သည်။ မြန်မာနိုင်ငံတွင် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ပဲခူးရိုးမ၊ နာဂတောင်တန်းတို့တွင် တွေ့ရှိ နိုင်ပါသည်။
အောက်ချင်းငှက်တို့၏ အဓိကအစားအစာမှာ သစ်သီးဖြစ်ပြီး ပရွက်ပျံ၊ လင်းနို့၊ ပိုးကောင်၊ဖွတ်၊ မြွေသေ၊ ပုတ်သင်ညို၊ ကြွက်များကို စားပါသည်။ အသားတစ်ဖြင့် ပစ်ပေါက်ပါက မြေမကျမှီ ဖမ်းစားလေ့ရှိကြောင်း သိရှိရပါ သည်။ လူသားများ၏ စိုက်ပျိုးသီးနှံများကိုစားရန် ရှောင် တတ်ကြောင်းကို သိရပါသည်။ ငှက်မဝပ်ချိန်တွင် ငှက်ဖိုက ခေါင်းပြူ နိုင်သော အပေါက်မှ အစာကျွေးလေ့ရှိပါသည်။
အောက်ချင်းငှက်မောင်နှံတို့သည် ရာသက်ပန် တွဲဖက် နေထိုင်ကြသည်ဟုဆိုပါသည်။ ရှေးလူကြီးသူမ များက လူသားများကဲ့သိုပင် အောက်ချင်းငှက်သည် ငှက်ဖို အတွက် အခြားဒေသမှ ငှက်မကိုခေါ်ဆောင် မင်္ဂလာ ဆောင်နှင်းပေးစားလေ့ရှိသည် ဟုဆိုပါသည်။ ထိုသို့ခေါ် ဆောင်သည့်အခါ ငှက်အုပ်များအုပ်စုအလိုက် ပျံသန်း သည့်ပုံစံနှင့် နည်းနည်းကွဲပြားသည်ကို မှတ်သားသိရှိရ သည်။
မျိုးပွားခြင်းနှင့်ကာကွယ်စောင့်ရှောက်ခြင်း
ငှက်အသိုက်အမြုံတွင် အင်္ဂလိပ်ပြက္ခဒိန် နှစ်ဦး ပိုင်းတွင် ဥများဥလေ့ရှိပြီး အဖိုဥတစ်လုံးနှင့် အမဥတစ်လုံး ဥလေ့ရှိသည်။ တစ်ခါတစ်ရံ ဥ(၃)လုံး ဥတတ်သည်။ ငှက်မသည် ဥဝပ်ပြီးသည့် အချိန်မှစ၍ အပြင်ထွက်ခြင်း မပြုတော့ဘဲ ငှက်ဖိုမှ အစာများကို ဇလုပ်တွင်သိုလှောင်၍ လည်းကောင်း၊ အကောင်များကို နှုတ်သီးဖြင့် ချီ၍ လည်းကောင်း အမထံ အစာများရှာဖွေ၍ ကျွေးမွေးလေ့ ရှိသည်။ ငှက်ဖို အစာရှာထွက်ချိန်တွင် ငှက်သိုက်ကို ကျွန်းသစ်ရွက် စသည့် အရွက်များအသုံးပြု၍ ငှက်မခေါင်း ပြူနိုင်လောက်သည့် အပေါက်ဖောက်ပြီး အသိုက်အား ရွှံ့စေးမံ၍ အပေါက်ပိတ်လေ့ရှိသည်။ ၎င်းအပေါက်မှအစာကို ကျွေးမွေးလေ့ရှိသည်။ ငှက်မဝပ်ချိန်တွင် ငှက်မ၏ လုံခြုံရေးကို ငှက်ဖိုမှ တာဝန်ယူစောင့်ရှောက်ရသည်။ ငှက်ကလေးများ ပျံသန်းနိုင်သည်အထိ ငှက်မသည် အပြင်သို့ မထွက်ရပေ။
သစ္စာရှိခြင်း
အောက်ချင်းငှက်ဖိုသည် တစ်စုံတစ်ခုကြောင့် ငှက်မအား အစာမကျွေးနိုင်ပါက ငှက်မသည်အပြင်သို့ အစာရှာခြင်း မပြုတော့ဘဲ သားငယ်နှင့်အတူ အသေခံလေ့ ရှိကြောင်း သိရှိရပါသည်။ ငှက်ဖိုမှ ၎င်းပိတ်ထားသော အပေါက်များ ခြေရာလက်ရာများ ပျက်စီးနေသည်ကို တွေ့ရှိပါက ငှက်မသည် သစ္စာပျက်လေပြီဟု ထင်မြင် ယူဆကာ အသိုက်နားသို့ပင် မသီတော့ပေ။ တစ်ကောင်အား မုဆိုးများက ပစ်သတ်မိပါက ကျန်တစ်ကောင်က ကောင်းကင် ထက်သို့ ဝဲကာဝဲကာ ပျံသန်းပြီး ငိုကြွေးအော်ဟစ်ရင်း အတောင်စုံကိုအုပ်လျက် ကောင်းကင်မှ အောက်သို့ တအား ထိုးစိုက်ကာ သေပွဲဝင်လေ့ရှိသည်။ အောက်ချင်းငှက်သည် ချက်ချင်း ပွဲချင်းမသေပါက ၎င်း၏လှပသော အမြီးများ အတောင်ပံများကို အတတ်နိုင်ဆုံး အားခဲကာ ကိုက်ဖြတ် ချိုးပစ်လေ့ရှိပါသည်။ မိမိပင်ကိုယ်အလှနှင့် ပင်ကိုယ် ယဉ်ကျေးမှုကို တစ်ပါးသူလက်ဝယ်သို့ အရောက် မခံသော မျိုးချစ်ငှက်ဖြစ်ပါသည်။ အမှန်တရားနှင့် သစ္စာတရားအပေါ် ရင်ဆိုင်ရဲသော သတ္တိများ ရှိကြသည်။
ရိုးသားခြင်း
အစာအစားများကိုစားသည့်အခါ လူတို့ စိုက်ပျိုး ထားသော တောင်ယာသီးနှံများကို ခိုးစားခြင်းမပြုဘဲ တောတောင်များတွင် သဘာဝပေါက်ပင်များရှိ သီးနှံများ ကိုသာ စားသုံးသည့် ဓလေ့ရှိကြသည်။
စည်းလုံးညီညွတ်ခြင်း
ကျက်စားသည့်အခါဖြစ်စေ၊ ပျံသန်းသည့်အခါ ဖြစ်စေ၊ အုပ်စုဖွဲ့ကာ ကျင်လည်ကျက်စားလေ့ရှိခြင်း၊ ဥမကွဲ သိုက် မပျက် ယှဉ်တွဲနေထိုင်သော စိတ်ရှိခြင်းတို့သည် စည်းလုံး ခြင်းသည် အင်အားဖြစ်ကြာင်းကို ပြသလိုခြင်းဖြစ်သည်။
လွတ်လပ်မှုရှိခြင်း
အောက်ချင်းငှက်များသည် ခေါင်းဆောင်သူ အုပ်ချုပ်သူ မရှိသော်ငြားလည်း စုံတွဲလိုက်ဖြစ်စေ၊ အုပ်စု ဖွဲ့၍ဖြစ်စေ၊ ကျင်လည်ကျက်စားသော ဓလေ့ရှိခြင်းသည် ဥပဒေဘောင်အတွင်း လွတ်လပ်စွာ နေထိုင်လိုခြင်းကို ပြသရာရောက်ကြောင်း တွေ့မြင်ရသည်။
အချုပ်အားဖြင့်ဆိုသော် ချင်းလူမျိုးတို့၏ အလေး အနက်ထားရှိသော အောက်ချင်းငှက်တို့၏ သစ္စာရှိခြင်း၊ သတိရှိခြင်း၊ ကျွေးမွေးစောင့်ရှောက်မှုနှင့် လုံခြုံမှုကို ပေးခြင်း၊ ရိုးသားခြင်း၊ ချစ်ခြင်းမေတ္တာရှိခြင်း၊ ဥမကွဲသိုက် မပျက်ယှဉ်တွဲ နေထိုင်လိုသော စိတ်ဓာတ်ရှိခြင်း၊ ဥပဒေ ဘောင်အတွင်း လွပ်လပ်စွာနေထိုင်လိုခြင်း စိတ်ဓာတ်များသည် အတုယူဖွယ်ရာ ကောင်းသည့်အပြင် ချင်းလူမျိုးတို့သည်လည်း အောက်ချင်းငှက်နှင့် မခြား သစ္စာရှိခြင်း၊ သတ္တိရှိခြင်း၊ ရိုးသားခြင်း၊ ချစ်ခြင်းမေတ္တာရှိကြသည့် လူမျိုးများ ဖြစ်ကြောင်းသိရှိရသည်။