ချင်း ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

ဇိုတုန်(ချင်း)လူမျိုးစုသမိုင်းအကျဉ်းနှင့် ဇိုတုန်ချင်းရိုးရာဝတ်စုံစတင်ပေါ်ပေါက်လာပုံသမိုင်းအကျဉ်း
Image

         ဇိုတုန် (ချင်း) တိုင်းရင်းသားတို့သည် တိဗက် - မြန်မာ အုပ်စုဝင်ဖြစ်သော ချင်းလူမျိုးများ ထဲတွင် ပါဝင်ပြီး ချင်းပြည်နယ်အလယ်ပိုင်း မတူပီမြို့နယ်နှင့် ဟားခါးမြို့နယ်ကြားတွင် ဇိုတုန် လူမျိုးစုအများဆုံး နေထိုင်လျက်ရှိကာ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်နှင့် ထီးလင်းမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်များတွင်လည်း အခြေချနေထိုင်ခဲ့ကြပါသည်။ လူဦးရေ (၈၀၀၀၀)ဦးခန့်ရှိပြီး ကျေးရွာပေါင်း(၅၅) ရှိပါသည်။ ယင်းဒေသတွင်ပင်လယ်ရေပြင်အမြင့်‌ပေ (၈၀၀၀)ကျော်မြင့် သော အော်တရာတောင်တန်းရှိပြီး ၎င်းမှမြစ်ဖျားခံကာ တောင်မှမြောက်သို့ စီးဆင်းနေသောမြစ်သာမြစ်အရင်းအမြစ်ရှိပါသည်။ ၎င်းဒေသတွင် သဘာဝပေါက်ပင်များ ဖြစ်သည့် ထင်းရှူး၊ ကျွန်း၊ ပိတောက်၊ အင်ကြင်းနှင့် သစ်မာပင်များ ပေါက်ရောက်ပြီး စားဝတ် နေရေး ဖြေရှင်းသည့်အနေဖြင့် ဝဥစိုက်ပျိုးခြင်း၊ တောင်ယာလုပ်ကိုင်ခြင်း၊ လယ်လုပ်ကိုင်ခြင်း၊ နွားနောက်၊ ဝက်၊ ကြက်များ မွေးမြူခြင်းလုပ်ငန်းများ လုပ်ကိုင်လျက်ရှိပါသည်။ 

ဇိုတုန်(ချင်း)တိုင်းရင်းသားတို့သည် ယခင်က နတ်ကိုးကွယ်ကြပြီး ၁၉၃၃ ခုနှစ်မှ စ၍ ခရစ်ယာန်ဘာသာသို့ ပြောင်းလဲကိုးကွယ်ခဲ့ကြပါသည်။ စာပေနှင့် ရိုးရာယဉ်ကျေးမှု သီးသန့် ရှိပြီး ဇိုတုန်စာ‌ပေအားဒေါက်တာပေါခွါမင်းမှ ၁၉၃၃ ခုနှစ်တွင် စတင်တီထွင်ခဲ့ရာယနေ့ထိ ဇိုတုန် ကျောင်းသူ/သားများရှိသည့် ကျောင်းများတွင် သင် ကြားပေးလျက်ရှိပါသည်။  ရိုးရာယဉ်ကျေးမှုဖြစ်သည့် ပွဲတော်၊ သီချင်း၊ အကများ အမျိုးမျိုးရှိသည့်အနက် အင်းဆွား ကိုင်ပွဲတော်နှင့် အန်ဟင်း(ခ)ခွါသိမ်းအကသည် ယနေ့ထိထိန်းသိမ်းကျင်းပ ကပြလေ့ရှိသည်။ အင်ဆွားကိုင်ပွဲတော်အား ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ကျင်းပလေ့ရှိပြီး ခွါသိမ်းအက၏ အဓိပ္ပါယ်မှာ စည်းလုံးခြင်းဖြင့် ပွဲတော်များအဆင့်ဆင့် ကျင်းပအောင်မြင်ခဲ့သည်ဟု သရုပ်ဖော်ကပြသော  အကဖြစ်ပါသည်။ ၎င်းပြင် ချင်းရိုးရာဝတ်စုံအဖြစ် နာမည်ကျော်ကြားနေသော သွယ်လျာစောင်၊ သောင်နတ်စောင် စသည့်ရိုးရာဝတ်စုံအမျိုးမျိုးကို ဇိုတုန်ချင်းတိုင်းရင်းသားများ နေထိုင်သည့် ဆယ်ပီးကျေးရွာမှ စတင်တီထွင်ယက်လုပ်ပြီး ယခုချိန်တွင် ဟားခါးမြို့နယ်နှင့် ထန်တလန်မြို့နယ်အထိ ပျံ့နှံ့ဝတ်ဆင်လျက်ရှိပါသည်။ 

         ဇိုတုန်(ချင်း) တိုင်းရင်းသားတို့၏ နေ့ထူးနေ့မြတ်နေ့မှာ ဧပြီ(၁၆)ရက်နေ့ ဖြစ်ပါသည်။ ၁၉၅၉ ခုနှစ်၊ ဧပြီလ(၁၆) ရက်နေ့တွင် ဇိုတုန်ချင်းလူမျိုးနွယ်စုအားလုံး စိတ်ညီလက်ညီပူးပေါင်း ဖွဲ့စည်းခဲ့သော ဇိုတုန်စည်းလုံးညီညွတ်ရေးအဖွဲ့ ( Zotung Lungngin Bu-ZBL) သည် ကျေးရွာ အသီးသီးတွင် နှစ်စဉ်အလှည့်ကျစနစ်ဖြင့် Zotung Lungngin  Poi ကျင်းပလေ့ရှိရာ အားကစား ပြိုင်ပွဲများ ရိုးရာအက၊ အဆို၊ စာပေပြိုင်ပွဲများ ကျင်းပပြုလုပ်လေ့ရှိပါသည်။ စတင်ဖွဲ့စည်းစဉ်က ပညာ‌ရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် စားဝတ်နေရေး စသည်များကို အဖက်ဖက်မှ ဖွံ့ဖြိုး တိုးတက်နိုင်ရေးအတွက် ရည်ရွယ်ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သဖြင့် ဧပြီလ (၁၆) ရက််နေ့သည် ယနေ့ထိ ဇိုတုန်ချင်းတိုင်းရင်းသားများအနေဖြင့် တမ်းတဆုံးနှင့် မျှော်လင့်ဆုံးသော ပွဲတော်နှင့် နေ့ထူးနေ့မြတ်ဖြစ်ပါသည်။

ဇိုတုန်(ချင်း) ရိုးရာဝတ်စုံစတင်ပေါ်ပေါက်လာပုံ သမိုင်းအကျဉ်

ဇိုတုန်၊ လုံငိုးတိုက်နယ် ဆဲန်ပီးရွာတွင် ထိုခယ်ခေါ်လူငယ်တစ်ဦးရှိခဲ့သည်။ သူသည် ရေသူမနှင့် ရည်ငံသဖြင့် ရွာမှ တစ်လတန်သည်၊ နှစ်လတန်သည်၊ ပျောက်လျက်ရှိခဲ့သည်။ ရေသူမက မိမိနှင့် ရည်ငံကြောင်း မည်သူအားမျှ မပြောရန်၊ ပြောသောနေ့တွင် အမှန်သေရမည်ဟု မှာထားခဲ့လေသည်။ 

     ရွာမှဆွေမျိုးသားချင်းများနှင့် သူငယ်ချင်းများက ဘယ်သွား၍ ဘယ်ရောက်နေကြောင်း အတင်းမေးရာတွင် မပြောလျှင် မနေသာတော့သဖြင့် ပြောမိလေသည်။ ရေသူမမှာသည့် အတိုင်း သေဆုံးသွားခဲ့သည်။ လူသေဆုံးလျှင် အလောင်းအား (၃)ရက် ၊ (၂)ည ထားရိုးဓလေ့ ရှိခဲ့သည်။ ပထမညတွင် ရေသူမသည် မုဆိုးမ တစ်ယောက်မှအပ လူအားလုံးကို အိပ်မွေ့ချပြီး အသုဘသို့လာသည်။ မိုးလင်းခါနီးတွင် အထည်များကိုယူပြီး ပြန်သွားသည်။ မိုးလင်း၍ လူများနိုးလာသောအခါ မုဆိုးမက မြင်သမျှ ပြောကြားခဲ့ရ လူအများအံ့သြကုန်ခဲ့ကြသည်။ ဒုတိယညတွင်လည်း ပထမညအတိုင်း ပြုလုပ်ပြီး မိုးလင်းခါနီးမှ ကမန်းကတန်း  ပြန်သွား ရာတွင် အထည်တစ်ခုကျန်ခဲ့သည်။ ၎င်းအထည်၏ အကွက်ကိုတုပြီး လုံငိုးရွာသူ ဒေါ်ရီယာသိန်  (Ryaccin)က အဝတ်အထည်မျာကို ရက်လုပ်ရာမှ ဇိုတုန်(ချင်း)ရိုးရာဝတ်စုံ အမျိုးမျိုးပေါ် ပေါက်လာသည်။