အရှို(ချင်း)မျိုးနွယ်စုများ အနောက်ရိုးမပေါ်သို့ ရောက်ရှိလာပုံနှင့် ပထမဆုံးမျိုးဆက်သမိုင်း ပြည်ထောင်စုမြန်မာနိုင်ငံသည် ခေတ်အဆက်ဆက် တိုင်းရင်းသားပေါင်းစုံ စုဝေးနေထိုင်ကြသော တိုင်းပြည်တစ်ပြည်ဖြစ်သည်နှင့်အညီ ဗမာလူမျိုးများအပါအဝင် တိုင်းရင်းသားများသည် နိုင်ငံ အတွင်း နယ်မြေအသီးသီးတွင် ရေကြည်ရာ မြက်နုရာ လှည့်လည်နေထိုင်ခဲ့ကြပါသည်။ ချင်းတိုင်းရင်းသား များသည် ပုဂံခေတ်မိဖုရားများတွင်ပါဝင်ပြီး ဘုရင့်နောင်မင်းတရားကြီး လက်ထက်မှစ၍ လူသူ လက်နက်စုဆောင်းရာတွင် ပါဝင်ခဲ့ကြပါသည်။ ထို့နောက် မြန်မာနိုင်ငံ တွင်းရှိ နေထိုင်ခဲ့ကြရာ အင်းဝခေတ်၊ တောင်ငူခေတ်၊ ကုန်းဘောင်ခေတ်များတွင်လည်း မြန်မာ ဒေသအတွင်းရှိ ချင်းတောင်တန်းများနှင့် ဆက်စပ်သော အနောက်ရိုးမတောင်တန်းဒေသတွင် တရားဝင်နေထိုင် ခဲ့ကြပါသည်။ ငဖဲမြို့နယ် နတ်ရေကန်တောင်တန်းဒေသတွင် အရှို(ချင်း) များသည် အင်းဝခေတ် ကတည်းက ချင်းပြည်နယ်ဆွန်ပျော်မှ ရွှေ့ပြောင်းလာခဲ့ကြခြင်းဖြစ်သည်။
ဆွန်ပျော်ရှိ အဖိုးဆုန်ဆူးတွင် သားနှစ်ယောက်ရှိပါသည်။ ထိုနှစ်ယောက်မှာ လဆူးနှင့် ဟွန်ယူတို့ဖြစ်သည်။ ဟွန်ယူမှာ ရှမ်းပြည်နယ်တွင် ရှမ်းစော်ဘွားသမီးနှင့် အိမ်ထောင်ကျကာ ရှမ်းပြည်နယ်တွင် အခြေချနေထိုင်ခဲ့ပါသည်။ လဆူးမှာ ချင်းအမျိုးသမီးမွှန်ဒေနှင့် အိမ်ထောင် ကျကာ သားကိုးဦးထွန်းကားခဲ့ပါသည်။ ထိုသားကိုးဦးမှာ လှီးစို၊ ပါးစို၊ မှော်စို၊ ဇွန်စို၊ နှေးစို၊ ကျန်(က်)စို၊ လော့စို၊ ထီ(န်)စို၊ ပါး(မ)စို တို့ဖြစ်ကြပါသည်။
ထိုကိုးဦးထဲမှ မှော်စို၏ (မြေးမြစ်များ) မျိုးဆက်များဖြစ်သော ပုတ်လုံတာနှင့် ဇွန်စို၏ မျိုးဆက်(မြေးမြစ်များ)ဖြစ်သော ပုတ်ဆက်ဆုံတို့သည် နတ်ရေကန်တောင် တန်းဒေသသို့ ပြောင်းရွှေ့ အခြေချနေထိုင်ခဲ့ပါသည်။ ပုတ်နှေးစို၏ မျိုးဆက်မြေးမြစ်များမှလည်း ယခု မင်းလှမြို့နယ် ဇင်ခေါင်ကျေးရွာဘက်တွင် အခြေချနေထိုင်ခဲ့ကြပါသည်။ ပုတ်ဇွန်စို၏ မျိုးဆက်များမှာ နတ်ရေကန် တောင်တန်း၏ မြောက်ဘက်ခြမ်းဖြစ်သော ပန်းပဲအုပ်စု၊ တန်ပင်းအုပ်စု၊ နောင်အုပ်စု၊ လိုင်အုပ်စု တို့ဖြစ်ကြပြီး ပုန်မှော်စိုမျိုးဆက်မှာနတ်ရေကန်တောင်တန်းတောင်ဘက်ခြမ်းဖြစ်သော ဂုတ်ကြီး အုပ်စု၊ ဘုံဘောအုပ်စု၊ စွန်တက်အုပ်စု၊ လင်းတဲအုပ်စု၊ ပဇီအုပ်စုတို့ဖြစ်ကြပါသည်။ ပုတ်လုံတာသည်ပုတ်ဆက်ဆုံ၏သမီးပစိုနှင့်အိမ်ထောင်ကျကာဂုတ်ကြီးရွာကိုစတင်အခြေချတည်ထောင်လာခဲ့ပါသည်။ထို့နောက်ပုတ်လုံတာမှနယ်မြေအပိုင်စားပေးရန် ပန်းတိမ် မြို့သို့သွားကာ ရှင်ဘုရင်(မိုင်ကြီးကုန်း)၊ မိဖုရား(မလွန်မယ်ချစ်)နှင့် တွေ့ဆုံခဲ့ပါသည်။ ပန်းတိမ်ဘုရင်မှ အင်းဝဘုရင်ထံတွင် သွားရောက် တောင်းခံရန် လမ်းညွှန်လိုက်ပါသည်။ ပုတ်လုံတာသည် ယောက္ခထီးဖြစ်သော ပုတ်ဆင်ဆုံကို အဖေါ်ခေါ်၍ ဆင်ဖြူတော်တစ်ကောင်နှင့် အတူ အင်းဝဘုရင်ထံသို့ သွားရောက်ခဲ့ ကြသည်။
အင်းဝဘုရင်အား ဆင်ဖြူကိုဆက်သ၍ ပုတ်လုံတာမှ အင်းဝဘုရင်ထံ၌ဂုတ်ကြီး၊ မြက်ပင်တောင်၊ မန်အောင်ကြော၊ တလတွီတောင်၊ ဆတ်စပ်တောင်၊ အက်မက်ချောင်း(အုတ်မ)၊ ဆားပေါက်ယပ်ခတ်တောင်၊ မောင်းတိုင်းစခန်း၊ ကြက်ပဝပ်တော်၊ မကျီးကြော၊ ကြိုးကြာကန်၊ ငေါ့ကြော၊ ရက်ကြီးအုံပင်လယ်ချောင်းအထိ၊ ချောင်းအကွေ့ကွေ့၊ မန်းကောက်ကောက်၊ ပန်းလှချောင်း၊ သဲပြင်စခန်း၊ ကျောက်မိချောင်းအထိနယ်မြေတောင်းခဲ့သည်။ မင်းတုန်းမင်းလက်ထက်၌ မြေပြန့်ဒေသရှိ ချင်းတိုင်းရင်းသားများအတွက် တောင်စဉ် ခုနစ်ခရိုင်အား အပိုင်စားသတ်မှတ်ပေးခဲ့သည်။ မင်းတုန်းကြည်တောင်၊ မင်းလှဆင်တောင်၊ ဂုတ်ကြီးနတ်ရေကန်တောင်၊ ပန်းထိမ်း ရှောက်တောင်၊ ငဖဲနတ်မတောင်၊ ဖအိုင်းသက်ကယ်တောင်၊(ပွေချီ)၊ စေတုတ္တရာ၊ ခေါင်းဖြူတောင်၊ ချောင်းဆုံလင်းကယ်ယုန်တောင်တို့အား ပေးအပ်ခဲ့သည်။ ပိုင် ဆိုင် သော နယ်နိမိတ်များကို တောင်ကြော၊ ကျောက်တုံး၊ ချောင်း၊ မြောင်းများဖြင့် သတ်မှတ်ကြပါသည်။ (ယခုခေတ်ဆိုရ) မကွေးတိုင်းဒေသကြီးအတွင်းရှိ မင်းတုန်းမြို့နယ်၊ မင်းလှမြို့နယ်၊ ငဖဲမြို့နယ်၊ စေတုတ္တရာမြို့နယ် များမှ တောင်တန်းဒေသများဖြစ်ကြပါသည်။
နောင်ကျေးရွာသတ်မှတ်ခြင်း
အရှို(ချင်း)မျိုးနွယ်စုများသော ပုတ်ဆက်ဆုံက တပင်ရွှေထီးမင်းလက်ထက်ကတည်းက ချင်းပြည်နယ်မှ သူ့အမျိုးသမီးနှင့်အတူ ယခုတောင်တန်းပေါ်သို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်ဟု ခန့်မှန်းရသည်။ နောင်ကျေးရွာမြေသတ်မှတ်ချိန်တွင် နောင်ကျေးရွာ၏ အရှေ့ဘက်နယ်နိမိတ် ခြမ်းမှ ဂုတ်ချောင်းတောက်လျှောက်၊ အနောက်ဘက်နယ်နိမိတ်ခြမ်းမှ ကမြင်းကန်၊ မြောက်ဘက် နယ် နိမိတ်ခြမ်းဆိတ်ငေါချောင်းအထိ သတ်မှတ်ထားပါသည်။ ပုတ်ဆက်ဆုံခေါ် ပုဂ္ဂိုလ်သည် ကျွဲကိုယ်လုံး နှစ်ကောင်ပမာဏ ခန္ဓာကိုယ်ရှိသည်ဟု ဒေသခံများက ပြောပါသည်။ ပုတ်ဆက်ဆုံ၏ အသုံးအဆောင်ပစ္စည်းသုံးမျိုးမှာ ဓါးသွေးကျောက်၊ တံစဉ်နှင့် သွားကြားထိုးတံ တို့ဖြစ်သည်ဟု ဒေသခံများပြောပါသည်။ ဓါးသွေးကျောက်ပမာဏမှာ လူသုံးဦးလောက်မမှ သာလျှင်နိုင်သည်။ တံစဉ်သွေး ကျောက်မှာ သုံးပိဿာခန့်ရှိသည်ဟုပြောပါသည်။ ပုတ်ဆက်ဆုံ အသက်ရှင်စဉ်က ဝန်ရွာမှာ တောင်ယာလုပ်ပါသည်။ ဝန်ရွာမှာပင် ဝက်ဝံကိုက်၍ သေသွားသည်ဟု ဒေသခံများကပြောပါသည်။ ခန့်မှန်းခြေအားဖြင့် နောင်ကျေးရွာမှာ နှစ်ပေါင်းတစ်ထောင်ကျော်ခန့်ရှိသည်ဟု ယူဆရပါသည်။ တည်ထောင်သူမှာ (ဂျဟွီ) အမျိုးသမီးဖြစ်သည်ဟု သိရပါသည်။ နောင်ရွာ၏ အရှေ့ဘက်တွင် လခူးချောင်း၊ ရွာ၏အနောက်ဘက်တွင် ခြေနမ်ဆာချောင်း၊ တောက်ဘက်တွင်နတ်ရေကန်တောင်ကြော၊ မြောက်ဘက်တွင် စလူးကြောဆိုပြီး သတ်မှတ်ထားသည်ဟု သိရပါသည်။ နယ်နိမိတ်ခွင့်ပြုချက်အနေဖြင့် ဆင်စပ်ရွာနီးချင်းများနှင့် ညှိနှိုင်း သတ်မှတ်ကြသည်ဟု သိရှိမှတ်သားရပါသည်။