ချင်း ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

ချင်းလူမျိုးများ၏ ပါးရဲယဉ်ကျေးမှုအကြောင်း
Image

       တော်လှန်‌ရေးနှင့် တိုက်ရိုက် မသက်ဆိုင်သော်လည်း မြန်မာနိုင်ငံသာမက ကမ္ဘာ မှာပါ ရှားပါးပျောက်ကွယ်လုနီးပါးဖြစ်နေသော ချင်းလူမျိုးတို့၏ ပါးရဲ (သို့) ပါးမဲ အကြောင်းကို ဝေမျှမည်ဖြစ်ပါသည်။ မြန်မာလို ဆေးမင်စုတ်ထိုးဟုခေါ်သည့် တက်တူး (Tattoo) စကားလုံးသည် တဟီတီကျွန်းသားများ၏ ပိုလီနီရှမ်းစကား(Tatau)မှ လာခြင်းဖြစ်သည်။ အင်္ဂလိပ်လူမျိုး ရေကြောင်း ရှာဖွေစွန့်စားသူ ကပ္ပတိန် James Cook သည် ၎င်းကျွန်းပေါ်သို့ ၁၇၆၉ ခုနှစ်တွင် ရောက်သွားသောအခါ တက်တူးထိုးထာသည့် ကျွန်းသူကျွန်းသားများကို တွေ့ရာမှအစပြုခဲ့ သည်။ James Cook ၏ အတွေ့အကြုံများကို ပြန်ကြားကြရာမှ သူ၏သင်္ဘာသားများ ထိုးလာ ခဲ့သည့် တက်တူး(Tattoo)ပုံများကို မြင်တွေ့ရာမှ တက်တူးဆိုသည့်စကားလုံး အင်္ဂလိပ်လူမျိုး များအကြား စတင်တွင်ကျယ်လာခဲ့သည်။ သို့‌သော် ဆေးမင်ကြောင်ထိုးခြင်းသည် မည်သည့် ခေတ်၊ မည်သည့်အချိန်ကတည်းက အစပြုခဲ့သည်ဆိုသည်ကို သေချာမသိနိုင်ပါ။ လေ့လာတွေ့ရှိ မှုအရ တက်တူးထိုးထားသောပုံပါသည့် ကျောက်ဖြစ်ရုပ်ကြွင်းများ၊ တက်တူးထိုးထားပုံပါသည့် ကျောက်ဖြစ်ရုပ်ကြွင်းများ၊ တက်တူးထိုးရာတွင် အသုံးပြုသည်ဟု ယူဆရသော ကိရိယာများ၏ ကျောက်ဖြစ်ရုပ်ကြွင်းများ၏ သက်တမ်းသည် နှစ်ပေါင်းထောင်သောင်းနှင့် ချီ၍တွေ့ရှိရသည်။ ကမ္ဘာအနှံ့က လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှုအမျိုးမျိုးမှာ ဆေးမင်ကြောင် ထိုးသည့်ဓလေ့ရှိသည်ကို တွေ့ရပါသည်။ ပီရူး(Peru)က အင်ကာ(Inca)ယဉ်ကျေးမှု မတိုင်ခင် ချင်ချာရိုလူမျိုးများသည် သူတို့၏နှုတ်ခမ်းပေါ်တွင် နှုတ်ခမ်းမွှေးပုံ တက်တူးထိုး ထားကြသည်။ အဲလ်(Alps) တောင်ပေါ်က ရေခဲခေတ်လူသားများ၏ နောက်ကျော၊ တံကောက်ခွပ်နှင့် ခြေကျင်းဝတ်ပတ်လည်မှာလည်း မီးသွေးပုံ တက်တူးများထိုးထား သည်ကိုတွေ့ရသည်။ အီဂျစ်က မံမီနတ်မိဖုရားတစ်ပါးမှာလည်း လိင်ပိုင်းဆိုင်ရာဆွဲဆောင်မှုနှင့် မျိုးပွားမှုကိုရည်ညွှန်းသည့် တက်တူးများကို ထိုးထားသည်ကို တွေ့ရပါသည်။ ဂျပန်နိုင်ငံတွင် (၇)ရာစုကတည်းကစပြီး ရာဇဝတ်သားကို တက်တူးထိုးပြီး အမှတ် အသား လုပ်ကြသည်။ မှင်ရည်နှင့် အမှတ်အသားလုပ်သည်ဖြစ်စေ၊ ကိုယ်ခန္ဓာ ပြုပြင်ခြင်းကဲ့သို့ ဖြစ်စေ၊ အလှဆင်ခြင်းကဲ့သို့ဖြစ်စေ ဆေးမှင်ကြောင်ထိုးခြင်းဓလေ့သည် အနည်းဆုံး နှစ်ပေါင်း သောင်းနှင့်ချီရှိနေပြီး ကမ္ဘာအနှံ့ ပုံစံအမျိုးမျိုးရှိနေခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ ပါးမှင်ကြောင် ထိုးခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ အစောဆုံးမှတ်တမ်းကို ပြောရမည်ဆိုလျှင် ပျူခေတ်(အေဒီ ၈၀၂)မှာ အဖွဲ့ဝင် (၃၅) ဦးပါ ပျူအနုပညာသုခုမ သံအဖွဲ့သည် တရုတ်နိုင်ငံ၊ ထန်(Tang)မြို့တော် ချန်အန်း(Chang-an)သို့ သွားရောက်ခဲ့ခြင်းကို ဖေါ်ပြသည့် မန်ရှူးကျမ်း၊ ထန်မင်းဆက် အုပ်ချုပ်ပုံစာတမ်း၊ ထန်မင်းဆက် သမိုင်းဟောင်း၊ ထန်မင်းဆက်သမိုင်းသစ်စသည့် တရုတ် မှတ်တမ်းသမိုင်းများကို ကြည့်ရမည်ဖြစ်သည်။ ၎င်းပျူသံအဖွဲ့သည် ဘုရင့်သားတော် ပျူမင်းသား သုနန္ဒ၊ စစ်သူကြီး၊ ကချေသည်များ အပါ အဝင်(၃၅)ဦး ရှိသည်ဟုဆိုပါသည်။ မှတ်တမ်းများတွင် ဖေါ်ပြချက်အရ “ကချေသည်များ ပါးရဲထိုးထားသည်” ဟု ဆိုသောအချက်သည် အလွန်စိတ်ဝင် စားဖွယ် ကောင်းပါသည်။ ၎င်းသည် မြန်မာနိုင်ငံတွင် မျက်နှာမှာ ပါးရဲထိုးခြင်းနှင့်ပတ်သက်၍ အစောဆုံးသော မှတ်တမ်းတစ်ခုဟု ဆိုနိုင်ပါသည်။ 

ပျူမင်းကုမာရစန္ဒြသည် သရေခေတ္တရာမှစ၍ နိုင်ငံအုပ်ချုပ်ပြီး သားဖြစ်သူ သုနန္ဒကို ယှီးလိယီမြို့(မြန်မာ-သီပေါ)ကို စားစေပါသည်။ ထိုခေတ်တွင်  ပျူနိုင်ငံသည်  နန်းစော များ၏ လက်အောက်မှာရှိပြီး သီပေါသည် နန်းစော(ဥတည်ဘွား)နယ်၊ စိနတိုင်း (တရုတ်)တို့နှင့် ထိစပ်နေသောကြောင့် အရေးပါသည့် နယ်စပ်မြို့ဖြစ်ခဲ့သည်။ ပျူသံအဖွဲ့ ထန်မင်းဆက် မြို့တော် ချန်အမ်း(ယခု ရှီအန်းမြို့)ကို သွားရောက်ရခြင်းသည် နန်းစောဘုရင် ယိမိုရွှန်(Meng Yimouxun, Reign. AD 779- 808) နှင့်ဆက်စပ်ပါသည်။ မဏိစည်သူ(ဝါ) အလောင်းစည်သူမင်း(AD 1113- 1167) ချင်းပျိုဖြူများကို တော်ကောက်သောကြောင့် နောင်ကိုတော်ကောက်တာမျိုးမဖြစ်အောင် အကြည့်ရဆိုးဖို့အတွက် ရုပ်ဖျက်သည့်အနေနှင့် ချင်းမိန်းကလေးများ၏မျက်နှာကို ပါးရဲစထိုး ကြသည်ဟုလည်းဆိုကြသည်။ သို့သော် သမိုင်းတွင်ဘယ်လိုဖြစ်ခဲ့သည် ဘာဖြစ်ခဲ့သည်ကို ယတိပြတ်ပြော၍ မရနိုင်သောကြောင့် ရနိုင်သမျှအထောက်အထားဖြင့်သာ ကောက်ချက်ဆွဲရပါ မည်။ မြန်မာနိုင်ငံတွင် ပါးရဲထိုးခြင်း နှင့်ပတ်သက်၍ အစောဆုံးမှတ်တမ်းမှာ မိုက်ကယ်ဆိုင်းမ် (Michael Symes)၏ “The Account of an Embassy to the khingdom of Ava in the year 1795) ဆိုသည့်စာအုပ်တွင် တွေ့နိုင်ပါသည်။ ထိုစာအုပ်ထဲတွင် ရှေးခေတ်မြန်မာလူနေမှုပုံများ အမျိုးမျိုး ပါဝင်ပြီး ၎င်းပုံများထဲမှ တိုင်းရင်းသားစုံတွဲပုံတစ်ပုံပါပြီး အမျိုးသမီး၏ မျက်နှာမှာ ပါးရဲထိုးထား သည်ကို တွေ့ရပါသည်။ စိတ်ဝင်စားစရာကောင်းသည်မှာ မျက်နှာအပြည့် ပါးရဲထိုးထားသည့်  ထိုအမျိုးသမီးကို ချင်းအမျိုးသမီးတစ်ယောက်ဟု မပြောဘဲ သူတို့စုံတွဲကို  ကယန်းလူမျိုးဟု ဖေါ်ပြ ထားပါသည်။

ကယန်းလူမျိုး(ကရင်နီ)များလည်း ရှေးယခင်က မျက်နှာတွင်ပါးရဲထိုးသည့် ဓလေ့ရှိခဲ့ပြီး နောက်မှ တိမ်ကောသွားခြင်းလား(သို့) မိုက်ကယ်ဆိုင်းမ်က အမှတ်သညာပြု မှားခဲ့ခြင်း လောဟုစဉ်းစားစရာဖြစ်ပါသည်။ ပါးရဲနှင့်ပတ်သက်၍ နောက်ထပ်မှတ်တမ်းတစ်ခုမှာ ၁၈၈၅ ခုနှစ်တွင် မင်းတုန်းမင်းကို လာရောက်တွေ့ဆုံခဲ့သည့် မေဂျာဖရေရာ အဖွဲ့တွင် ပါသည့် ပန်းချီဆရာဂရန့်၏ လက်ရာပင်ဖြစ်ပါသည်။ ၎င်းတို့ကို ချင်းလူမျိုးဟု ပြောထားပြီး အမျိုးသမီးများ၏ မျက်နှာမှာ ပါးရဲထိုးထားသည်ကိုတွေ့ရသည်။

မြန်မာနိုင်ငံတွင် မျက်နှာမှာ ပါးရဲထိုးသော တိုင်းရင်းသားဟုပြောလျှင် ချင်းလူမျိုး များကို လူသိများပြီး နာဂအချို့လည်း ပါးရဲထိုးသည်ကို လူအများသိကြပါသည်။ ပါးရဲထိုးသည့် ချင်းများမှာလည်း ချိုး(ချင်း)လူမျိုးဖြစ်သည့် မင်းတပ်၊ ကန်ပက်လက်နယ်၊ မြေပြန့်ချင်းအချို့၊ ရခိုင် နယ်စပ်နှင့် ပလက်ဝချင်း၊ နာဂများသာ ပါးရဲထိုးကြသည်။ မင်းတပ်၊ ကန်ပက်လက်ဒေသများတွင် ပါးရဲထိုးထားသည့် ချင်းအမျိုးသမီးကြီးများကို မြို့ထဲ၊ ရွာထဲတွင် အလွယ်တကူ တွေ့နိုင်ပါသည်။

ပါးရဲထိုးထားသည့် ချင်းအမျိုးသမီးကြီးများကို ဘာကြောင့်ပါးရဲထိုးကြသနည်းဟု မေးကြည့်လျှင် သေချာပြန်မဖြေနိုင်ကြောင်း တွေ့ရှိရသည်။ အချို့က ဘုရင်တော်ကောက် မည်စိုး၍ ရုပ်ဆိုးအောင် ပါးရဲထိုးကြသည်ဟု ကြားဖူးကြောင်း၊ လှချင်၍ ပါးရဲထိုးကြကြောင်း၊ လူဝင်ဆန့်ဖို့အတွက် ပါးရဲထိုးကြောင်း ပြောပြကြသည်။ ပါးရဲထိုးရာတွင် ပုံစံ(Pattern) ၉မျိုးခန့် ရှိသည်ဟု ယူဆရပါသည်။ မျိုးနွယ်စု တစ်ခုချင်းစီတွင် သိသာကွဲပြားသည့် ပါးရဲပုံစံရှိပြီး မျိုးနွယ်စုတစ်ခုကို စစ်ကြေညာသည့်အနေနှင့်လည်း အခြားမျိုးနွယ်စု၏ ပါးရဲပုံစံကို တုပပြီး ထိုးကြ ပါသည်။ ပါးရဲမထိုးသည့် မိန်းကလေးတစ်ယောက်ကို ချစ်ကြိုက်မည့်သူ မရှိသလို လင်ယောကျ်ား မရနိုင်ပေ။ ပါးရဲထိုးရာတွင် စိတ်ဝင်စားစရာကောင်းသည့် အချက်များ ရှိသည်ကို တွေ့ရှိရပါသည်။ ပါးရဲထိုးကြသည့် ချင်းအမျိုးသမီးကြီးများကို ပါးရဲထိုးခြင်းနှင့် ပတ်သက်၍ သူတို့၏ ပြောဆိုချက်၊ နှုတ်သမိုင်း၊ ယုံကြည်မှုအစဉ်အလာကိုပြောပြကြသည်။

စာ‌ရေးသူက မိခင်ကို ပါးရဲဘာကြောင့် ထိုးကြသလဲဟု မေးကြည့်ရာတွင် လှတယ် ထင်လို့၊ လှချင်သောကြောင့်ဟုဖြေသည်။ သူတို့ခေတ် မိန်းကလေးတစ်ယောက်သည် ပါးရဲ မရှိလျှင် မျက်နှာဗလာကြီးဖြစ်နေပြီး ကြည့်လို့ကောင်းမည်မဟုတ်ကြောင်း မျက်နှာပြောင်ကြီး ဖြစ်တဲ့ ဗမာများနှင့်တူနေမည်ဖြစ်ကြောင်း အချင်းချင်းပြောကြသည်ဟု ဆိုပါသည်။ ပါးရဲထိုးရာတွင် သွေးသံရဲရဲ အသည်းခိုက်အောင်နာကျင်ပြီး ယောကျ်ားရင့်မကြီးများပင် ကျောကော့ပြီး ကြောက်ပြေး ပြေးရမည့်အဖြစ်မျိုးပါ။ ထို့ ကြောင့်လူအများကပါးရဲထိုးခြင်းသည်အရိုင်းအစိုင်းလုပ်ရပ်၊လူမဆန်သောလုပ်ရပ် (Savage practice) တစ်ခုလို ရှုမြင်ခဲ့ကြသည်။ သို့သော် ထုံးတမ်းအစဉ်အလာ တစ်ခုကို အပြည့်အဝနားမလည်လျှင် အလွယ်တကူရှုတ်ချစရာဖြစ်သလို ရှေးခေတ်က အပြုအမူများကို  ယခုခေတ်ပေတံများနှင့် တိုင်းတာဆုံးဖြတ်လျှင် အဆင်မပြေနိုင်ပါ။ 

ပါးရဲထိုးရာတွင် ပထမဆုံးအနေနှင့် မင်တံအဖြစ် အသုံးပြုနိုင်ရန်အတွက် ရိုးတံရှည် တောရှောက်ဆူးများ (သို့) ကြိမ်ဆူးများကို ခုတ်ယူရပါသည်။ မင်အဖြစ် အရွက်၊ သစ်ခေါက်၊ ကျပ်ခိုးပြာများကိုစုပြီး ထောင်းရပါသည်။ ပါးရဲထိုးပေးမည့်သူ၏ လက်ဖျံတွင် စမ်းသပ်သည့် အနေနှင့် နည်းနည်းထိုးကြည့်ပါသည်။ ဖူးယောင်လာတာမျိုး၊ ဓာတ်မတည့်တာမျိုး သိနိုင်ရန် အတွက်ဖြစ်သည်။ သုံးရက်၊ လေးရက်ခန့်ထားပြီး ဘာမှမဖြစ်ဘူးဆိုလျှင် ပါးရဲစထိုးနိုင်ပါသည်။ အသက် ၉ နှစ်မှ ၁၂ နှစ်၊ ၁၃ နှစ်အရွယ်ရောက်ပြီဆိုလျှင် ချင်းမိန်းကလေးများ စတင်ပါးရဲထိုး ကြပါသည်။ ပါးရဲထိုးသည့်အခါ အနှောက်အယှက် မရှိလျှင် သုံးရက်(သို့) တစ်ပတ်အတွင်းပြီးပါ သည်။ တချို့ ပါးရဲထိုးကြရာတွင် ၈ နှစ်၊ ၉ နှစ်အထိ ထိုးချိန်ကြာတတ်ပါသည်။ တစ်နှစ်ချင်းစီကို နည်းနည်းစီထိုးရသည်။ ပါးရဲ၏ ပုံစံ( Pattern) အပေါ်မူတည်၍ ကွဲပြားသွားကြသည်။ ပါးရဲထိုးခအတွက် တတ်နိုင်သူများကပါးရဲထိုးသူကို ကြက်(သို့) ဝက်ပေါက်စသည်ဖြင့်ပေးကြပါ သည်။အများအားဖြင့် ပါးရဲထိုးသူကိုပါးရဲအထိုးခံမည့် မိန်း ကလေးက တစ်နေ့တာအလုပ်လုပ်ပေးရသည်။ ဥပမာ- ဆန်ဖွတ်၊ တောင်ယာစိုက် စသည်ဖြင့် တစ်ခုခု လုပ်ပေးသည်နှင့်ပင် ပြီးတတ်ပါ သည်။ အမျိုးသမီးများကပဲ ပါးရဲ ထိုးသူများလုပ်ကြပါသည်။ မည်ကဲ့သို့‌‌သောအမျိုးသမီးများသာ ပါးရဲထိုးရမည်ဟု ကန့်သတ်ထားခြင်းမရှိပါ။ ပါးရဲထိုး တတ်သောသူ၊ လက်ငြိမ်သောသူ ဆိုလျှင် အဆင် ပြေပါသည်။ လွယ်ကူသောပုံစံ၊ ခက်ခဲသောပုံစံများအပေါ်တွင်လည်း မူတည်ပါသည်။ အများအားဖြင့် ရွာထဲက(သို့) ရွာနီးဝန်ကျင်က ပါးရဲထိုးနေကျသူဆီ သွားထိုးကြပါသည်။ ပါးရဲထိုး သည်ဆိုသည်မှာ သွေးသံရဲရဲကိစ္စတစ်ခုဖြစ်သည်။ ပါးရဲထိုးခံသည့်အချိန်တွင် ဘေးကကိုင်တဲ့လူ၊ ထိန်းတဲ့သူမရှိပါ။ မိမိကိုယ်မိမိ နာကျင်ခြင်းကို အောင့်အီးခံရသည်။ အမျိုးသားက ပါးရဲထိုး ပေးခြင်းမျိုးမရှိပါ။ အမျိုးသမီးများကသာ ထိုးပေးကြရသည်။ ပါးရဲထိုးသည့်အခါ ခေါင်းကို ထိန်းကိုင်သည့် တစ်ယောက်လည်းရှိသလို အထိုးခံသူကိုယ်တိုင်ကလည်း နာတာကို အောင်းအီးရင်း ငြိမ်ခံရပါသည်။ ပါးရဲထိုးသည့်လူက လက်တစ်ဖက်က ဆူး ၃၊ ၄ ချောင်းလောက် စုကိုင်ပြီး ကျန်လက်တစ်ဖက်နှင့် ခေါင်းကို ထိန်းကိုင်ထားသည်။ ပြီးလျှင် ဘေးနားက မင်ရည်ခွက်ထဲ ဆူးများကိုနှစ်လိုက်၊ မျက်နှာကိုပေါက်လိုက် လုပ်ပါတော့သည်။ ရှောက်ဆူး(သို့) ကြိမ်ဆူးက ချွန်ထက်နေပါသည်။ တစ်ချက်ပေါက်လိုက်သည်နှင့် မျက်နှာပေါ် သွေးများစီးကျလာသည်။ ၎င်းကို ပုဝါနှင့် သုတ်၊ ဆူးနှင့် ပြန်ပေါက်၊ သွေးများကို ပုဝါနှင့်သုတ်ပြီးလျှင် ဆက်ပေါက်နှင့် တစ်နေကုန် လုပ်ရပါသည်။ မျက်နှာပေါ်တွင် ပါးရဲတစ်စက်ထင်ဖို့ ၈ ချက်၊ ၉ ချက် ခန့်ပေါက်ရသည်။ သွေးများ ဒလဟောစီးကျခြင်းကို ကြည့်ခြင်းအားဖြင့် ပါးရဲလိုင်းကြောင်းတစ်ကြောင်း ဖေါ်ရန်ဆိုလျှင် ဆူးနှင့် အချက်ပေါင်းများစွာ ထိုးရမည်ကို စဉ်းစားကြည့်လျှင် အလွန်နာကျင်စရာဖြစ်ပါသည်။

ပါးရဲထိုးရာတွင် မျက်လုံးပေါ်က မျက်ခွံတွေပေါ် ထိုးရသည့်အချိန်သည် အခက်ဆုံး ဖြစ်သည်။ မျက်ခွံလွှာ အလွန်ပါးသောကြောင့် လက်အချိန်အဆ မကောင်းလျှင် အ‌‌ရေပြားပေါက်ပြီး မျက်လုံးကန်းသွားတတ်သည်ဟုလည်း သိရသည်။ 

လှချင်သည့်စိတ်တစ်ခုတည်းဖြင့် ဤကဲ့သို့ အန္တရာယ်များလှသည့်အရာကို ပြုလုပ် ခြင်းအတွက် တန်ပါရဲ့လား၊ သွေးစိမ်းရှင်ရှင်ထွက်အောင် ပါးကိုဆူးဖြင့်ထိုးခြင်းဖြင့် မှင်ကြောင်များ ပေါ်လာသောအခါ အပျိုလေးများသည် အမှန်ပင်လှသွားပါရဲ့လား၊ တကယ်ပင် လုပ်သင့်သည့် အရာ တစ်ခုလားဟု မေးစရာမေးခွန်းတစ်ခု ဖြစ်လာပါသည်။  

ပါးရဲထိုးခြင်းနှင့်ပတ်သက်၍ စာ‌ရေးသူအနေဖြင့် ပါးရဲထိုးခြင်းသည် မိန်းကလေးငယ် (girl)တစ်ယောက်ကို အမျိုးသမီးတစ်ယောက်( womanhood) အဖြစ် သိက္ခာတင်သည့် သဘော၊ ဇာတ်သွင်းသည့်သ‌ဘော( initiation rite )တစ်ခုအဖြစ် မြင်လို့ရပါသည်။ 

ပါးရဲမထိုးသေးသည့် ၁၁ နှစ်၊ ၁၂ နှစ်အရွယ် ချင်းမိန်းက‌လေးများသည် ထိုခေတ်က သဘာဝအတိုင်း လူတောမတိုးရဲ၊ ရှက်မည်၊ ကြောက်မည်၊ လူကြားထဲစကားမပြောရဲ၊ ခေါင်းမဖေါ်ရဲဖြစ်နေမည်။ သို့သော် အရှက်အကြောက်ကြီးသည့် မိန်းက‌လေးသည် နှစ်အနည်းငယ်အတွင်းမှာပင် စိတ်‌ရောကိုယ်ပါ ကြံ့ခိုင်သည့် မိခင်တစ်ယောက်အဖြစ် မှော်တုတ်တံနှင့် အတို့ခံရသလို တမဟုတ်ချင်း ပြောင်းလဲသွားမည်ဖြစ်သည်။ ဆင်းရဲသည့် အခက်အခဲများ အားလုံးကို ဇွဲတင်းပြီး၊ အံကြိတ်ပြီး ကျော်ဖြတ်သွားမည်ဖြစ်သည်။ ပါးရဲထိုးသည်ဆိုသည်မှာ ပါးရဲဆိုသည်ထက်၊ ဆေးမှင်ကြောင်မျက်နှာအလှထက်ပိုပါသည်။

ယဉ်ကျေးမှုက အားပေး၍ ထုံးတမ်းစဉ်လာအရ ဆိုသော်လည်း ၁၂ နှစ်အရွယ် မိန်းကလေး ငယ်တစ်ယောက်သည် သူ၏လွတ်လပ်သည့် ဆုံးဖြတ်ချက်နှင့် ကြမ်းပြင်ပေါ်မှာ လဲလျောင်းပြီး သွေးသံရဲရဲ အသည်းခိုက်အောင် နာကျင်သည့် စုတ်ချက်များကို တတ်နိုင်သမျှ ငြိမ်ငြိမ်သက်သက် လေးဖြင့် ခံယူနိုင်သည်ဆိုသည်မှာ တော်ရုံစိတ်ဖြင့် မလုပ်နိုင်ပေ။ ပါးရဲထိုးခြင်းသည် နောင်တွင် သူကြုံတွေ့ရမည့် အခက်အခဲများကို လက်တွေ့အကျဆုံးသောပြင်ဆင်မှုဖြစ်သည်။ ဘဝပညာရေး တစ်ခုလည်းဖြစ်သလို စစ်ဆေးမှုလည်းဖြစ်သည်။ နဖူးတွေ့ ဒူးတွေ့ဖြေရသည့် ဘဝစာမေးပွဲဖြစ် သည်။ ပါးပြင်၊ နှုတ်ခမ်းတို့လို အလွန်နူးညံ့သည့် အရေပြား၏ အသွေးအသားထဲကို မညာမတာ တရပ်စပ် စူးဖေါက်လာသည့် ချွန်ထက်စူးမြသည့် ဆူးချက်၊ စုတ်ချက်တိုင်းသည် ထိုမိန်းကလေး၏ ကြောက်စိတ်၊ အားငယ်စိတ်၊ ကလေးဆန်စိတ်များကို စီးကျလာသည့် သွေးများနှင့်အတူ ဖဲ့ယူ သွားပြီး လူရာသွင်းခံရပါပြီ။ ပါရဲထိုးခြင်းသည် မိန်းကလေး၏ ရင်ထဲတွင် သိက္ခာတစ်ခု၊ တန်ဘိုးတစ်ခု၊ ( A sence of pride, a sences of dignity ) သွတ်သွင်းလိုက်ခြင်းဖြစ်သည်။ ယခုတွင် မိန်းမပျိုလေးသည် အလွန်ကြီးမားသော ဘဝအခက်အခဲများကိုလည်း ရင်ဆိုင်ရန် အသင့်ဖြစ်သွား ပြီဖြစ်သည်။ သူစကားပြောလျှင်လည်း ရပ်ထဲရွာထဲက အရေးတယူနားထောင်လာပြီး အလေးပေးလာကြပါသည်။မိန်းမပျိုလေးသည်သူ့ကိုယ်သူလှပလာကြောင်းစိတ်ချလက်ချ ယုံကြည် မှုရှိလာ ပြီဖြစ်သည်။ ပါးရဲဆိုသည်မှာ မိန်းမငယ်လေး တစ်‌ယောက်ကို စိတ်ဓာတ်ကြံ့ခိုင် ဒူပေနာပေ ခံသည့် မိခင်ကောင်းဖြစ်လာမည့်  မိန်းမပျိုအဖြစ် မှတ်ကျောက်တင် အဆင့်မြှင့်ပေးလိုက်သည့် ရိုးရာအလှ တစ်ခုပင်ဖြစ်သည်။ 

ခေါင်ပွဲ၊ လုံးယူပွဲ၊ မီးပုံပွဲများတွင် မီးလှုံသည့်အခါ အရွယ်‌ရောက်ပြီး ပါးရဲမထိုးထားသည့် မိန်းကလေးကို “Hmai bok ka, m ‘shi hai” (မှိုက်ဘောက်ကာ.. မရှီး..ဟိုင်း..) မျက်နှာဖြူ‌ရေ..‌ရော့ ဒီမှာ ဆား..လို့ မျက်နှာဖြူတဲ့ (ပြောင်ဖြစ်နေသည့်) နွားနောက်နှင့်နှိုင်ယှဉ်ပြီး နောက်ကြလှောင်ကြ ပါသည်။ ယောက်ျားများကလည်း ပါးရဲမထိုးထားသည့် မိန်းမအနားတွင် ဘုန်းနိမ့်သည်ဆိုပြီး မထိုင် ကြပါ။ 

ပါးရဲထိုးခြင်းကို စိတ်ပညာရှုထောင့်၊ လူမှုရေးနှင့် ယဉ်ကျေးမှုရှုထောင့်က ကြည့်မြင်ခြင်းဖြစ် သည်။ ပါးရဲထိုးခြင်းကို တမလွန်ဘဝ(Spiritual or after life) ရှုထောင့်၊ အနုပညာရသအမြင် (Aesthetic aspect) က ရှုမြင်ခြင်းကို ဖော်ပြပါမည်။ ချင်းဒေသခံများ လက်ခံထားသည့် ရိုးရာယုံကြည် မှုတစ်ခုက လူများသေသည့်အခါ သူတို့၏ဝိညာဉ်များသည် မိုးပီတောင်ကြား(Mopi m’kawd) မင်းတပ်-မတူပီလမ်းကြား မိုင်(၆၀)ဝန်းကျင်ကို ဖြတ်ရပါသည်။ ၎င်းနေရာသည် တမလွန် တောင်ကြား (Afterlife passage)တစ်ခုဖြစ်သည်။ ထိုနေရာကို မိုပီနူး(Mopi Nu) သို့မဟုတ် မိုနူးအွယ်(Monu Awi) ဆိုသည့် နတ်မိခင်ကြီးက စောင့်ကြပ်ပါသည်။ မိုနူးအွယ်က တမလွန်ဝိညာဉ် တောင်းကြားကို ဖြတ်လာသည့် အမျိုးသမီးတိုင်း၏ မျက်နှာကို စစ်ပါသည်။ ပါးရဲထိုးထားသည့် မျက်နှာနှင့်ဆိုလျှင် ၎င်းမျက်နှာကို ရေတိုက်ပြီး သူမ၏ တမလွန်ခရီးကို လမ်းပြကူညီ စောင့်ရှောက် ပေး၍ မျက်နှာသာပေးပါသည်။ ပါးရဲမထိုးထားသည့် မျက်နှာဆိုလျှင် ၎င်း၏ဝိညာဉ်ကို မိုနူးအွယ်က သူ့ခွေးနှင့် တောင်ကုန်းတောင်တန်းများကြားထဲတွင် ရှူးတိုက်ပြီး ဒုက္ခပေးပါသည်။ မိန်းကလေးများ ငယ်ငယ်ရွယ်ရွယ်နှင့် ပါးရဲမထိုးရသေးခင် သေဆုံးသွားလျှင် မိုနူးအွယ်က မျက်နှာသာပေးအောင် ဆိုပြီး လူသေအလောင်း၏ မျက်နှာကို မီးသွေးနှင့် ပါးရဲပုံစံ ဆိုးပေးထားပါသည်။ 

ယခုခေတ်တွင် ပါးရဲထိုးခြင်း မရှိတော့ကြောင်း သိရှိရပါသည်။ ပါးရဲထိုးခြင်းသည် အလှဆင်ခြင်း တစ်မျိုးပင်ဖြစ်ပါသည်။ ပါးရဲအကွက်၊ ဒီဇိုင်း၊ ကောက်ကြောင်းများကို သေချာကြည့်လျှင် အလွန် လှပပြီး စိတ်ဝင်စားစရာ ကောင်းပါသည်။ ပါးရဲတွင် မွင်းချင်း (Mun)များ၏ နဖူးတွင် (Y)ဝိုင်ပုံစံ အကွက်သည် ချင်းရိုးရာနတ်တိုင် (Pong)ကိုဖော်ကြူးထားသည်ဟုဆိုပါသည်။ လည်ပင်းရှိ အဝိုင်း များမှာ လပြည့်ဝန်းကို ကိုယ်စားပြုပြီး ပါးပြင်ရှိ အဝိုင်းခြမ်းများကို လခြမ်းပုံဟု ချင်းပါးရဲပုံများ ပြပွဲ ပြုလုပ်သွားသည့် Eric Lafforgre မှတ်တမ်းတွင် တွေ့ရပါသည်။ အချို့ပင့်ကူပုံ ပါးရဲများမှာလည်း အလွန်အချိုးကျ သေသပ်လှပါသည်။ သူတို့၏ Symmetrical ကျပုံ အဝေ့အဝိုက်များနှင့် အချိတ်အဆက်ရှိပုံကို ကြည့်လျှင် ပါးရဲထိုးသူ၏ အနုပညာစျာန်ဝင်စားမှု၊ အလှဖန်တီးမှုတစ်ခုကို မြင်နိုင်ပါသည်။ သွေးသံရဲရဲထုဆစ်ရသည့် သတ္တိအလှ၊ မျက်နှာပေါ် ပါးရဲရှိသည် ဆိုလျှင်ပင် ပါးရဲအလှကို ခံစားကြည့်ပါက ပါးရဲနောက်က ထိုမိန်းမသားတို့၏ဘဝ အားမာန်ကို မြင်ယောင်နိုင် ပါသည်။ ပါးရဲထိုးသူနှင့် ပါးရဲထိုးခံသူပါ အလွန်ကြီးကျယ်ခမ်းနားပြီး နှစ်ပေါင်းထောင်နှင့်ချီသည့် သမိုင်းဝင် အနုပညာတံတိုင်းတွင် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြင့် ပါဝင်ရသူများဖြစ်သည်။ အနုပညာ တစ်ခုကို မှော်ဝင်ဖန်တီးသူနှင့် ၎င်းအနုပညာကို ကြံ့ကြံ့ခိုင် ခံယူရဲသည့် အနုပညာယဉ်ကျေးမှုသည် ရှင်သန်စီးဆင်းနေခဲ့ပါသည်။ 

ယခုအချိန်တွင် မြန်မာလူမျိုးများနှင့် နိုင်ငံတကာကပါ ပါးရဲကို စိတ်ဝင်လာကြပြီး ပါးရဲကို လှသည်ဟု မြင်လာကြပြီဖြစ်သည်။ ပါးရဲထိုးခြင်း တိမ်ကောတော့မည့် အခြေအနေကို ‌ရောက်ရှိ နေခြင်းသည် စိတ်မကောင်းစရာ ဖြစ်ရပါသည်။ သို့သော် အားလုံးက စိတ်ဝင်စား အားပေးလာကြ ပြီဆိုလျှင် နောင်တစ်ချိန် ပါးရဲထိုးခြင်းပြန်လည်၍ ခေတ်စားလာမည်ကို မျှော်လင့်မိပါသည်။ အလက်စကား(Alaska) က ဌာနေတိုင်းရင်းသူများဖြစ်သည့် အင်နုတ်(Inuk) အမျိုးသမီးများသည် ရိုးရာပါးရဲကို ဂုဏ်ယူစွာ ပြန်ထိုးလာကြပါသည်။ စာရေးသူသည် မျက်နှာပေါ်တွင် ပါးရဲတွေ ရှိနေသည့် အမျိုးသမီးဖြစ်ခဲ့လျှင် ၎င်းပါးရဲအတွက် ဂုဏ်ယူနေမည်ဖြစ်ပါသည်။