ချင်း ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

အရှို(ချင်း)တိုင်းရင်းသားတို့၏ တူရိယာများအကြောင်း
Image

     ဝါးပုလွေကို ကရင်ဝါး(ယခါး)ဖြင့် ပြုလုပ်သည်။ အဆစ်ရှည်၍ဖြောင့်သော အသားပါးသောဝါးကို ရွေးချယ် ၍ ပြုလုပ်ရသည်။ ဝါးကိုခုတ်ပြီး အခြောက်လှမ်းရသည်။ ဝါးကို(၁၄)လက်မ အရှည်ပိုင်းပြီး အနားသတ်ရသည်။ ဝါးလုံးခေါင်းအကျယ်သည် (၁)လက်မဆိုလျှင် အနေတော်  ဖြစ်သည်။ မှုတ်သည့်ဘက်ကို အရင်းဘက်အပိုင်းအား ထားရသည်။ ပုလွေ အပေါက်ဖောက်ရာတွင် သံချွန်စ (သုန်ကလုတ်စူ)ကို မီးအပူပေးပြီး အပေါက်ဖောက်ရ သည်။ အပေါက်ကို(၇) ပေါက်ဖောက်ရသည်။ ထိပ်ဆုံးတွင်  စတုရန်းပုံ အပေါက်ကြီးဖောက်၍ ပျားဖယောင်းဖြင့် ပိတ် ရသည်။ ထို့နောက် စတုရန်းပုံ(နှာပေါက်)ကို ‌ပြောင်းဖက်ဖြင့်ပက်ရသည်။ 

  ပုလွေသည် ဧည့်ခံပွဲ(သို့မဟုတ်) အပျို၊လူပျို သုံးသည့် အခန်းတွင်ထားရှိသည်။ ညနေတောင်ယာမှ အပြန် အိမ်သို့ရောက်ကြသောအခါ အပျို၊လူပျိုများကို ပု‌လွေသံဖြင့် ခေါ်ယူစုရုံးကြသည့်အခါတွင် အသုံးပြုကြ ပါသည်။

ချင်းဗုံ (ဆန်းပလုံ) ကို အရှိုရိုးရာပွဲများ၊ အရှိုရိုးရာ အကများတွင် တီးမှုတ်ရသည်။ ယမနေပင် (အဝုန်း)၏ အရင်းကိုအဝကျယ်၍ အဖျားကိုအဝကျဉ်းပြီး အခေါက်ထွင်း ပြုလုပ်ရသည်။ ထိုပင်ကို ဆယ်နှစ်သားခန့်မှစ၍ အသုံးပြု နိုင်ပါသည်။ အသုံးပြုမည့် သစ်ပင်ကို ခုတ်ပြီးနောက် ချင်းဗုံဆိုဒ်အရွယ် အပိုင်းများပိုင်းဖြတ်ကာ အပေါ်လွှာကို ခုတ်ဖျဉ်းပြီးအိမ်သို့ သယ်သွားသည်။ အိမ်ရောက်လျှင် လွန်ဖြင့်ဖောက်၍ ဆောက်ခုံးဖြင့် ထွင်းပြီး ၀.၂၅ လက်မ 

အထူချန်၍ အချောသတ်ရသည်။ သားရေပတ်ရန် အတွက် အဝအကျယ်ကို နွားသိုးသားရေ၊ အဝအကျည်းကို နွားမပျို သားရေဖြင့် ကျစ်ရသည်။ ဤကဲ့သို့ သားရေကို ကျစ်ရာတွင် သားရေကို ရစ်ပတ်၍ ကျစ်ရသည်။ ချင်းဗုံကို အသံထွက် ကောင်းစေရန်အလယ်မှ အပေါက်ငယ် ဖောက်ရသည်။ အသံထွက် ထိန်းညှိရန် သားရေကြိုးပြား (သံလှယ်ရွေး) တပ်ဆင်ရသည်။

   မောင်းကြီး၊ လင်ကွင်းနှင့် ဗုံတိုတို့သည် ကခုန်ရာ တွင်အသုံးပြုသည့် တူရိယာပစ္စည်းဖြစ်သကဲ့သို့ မောင်းကြီး နှင့် လင်ကွင်းသည် ချင်းတို့ရိုးရာအရ အမွေပစ္စည်းအဖြစ် လည်း လက်ဆင့်ကမ်းပေးအပ်အသုံးပြုကြပါသည်။

   အရှို (ချင်း) တူရိယာဖြစ်သော ထီးန်ခုံ(၂)မျိုးရှိပါ သည်။ ထီးန်ခုံနှင့် လေဆေဖြစ်ပါသည်။ ထီးန်ခုံကို ကရင် ဝါးဖြင့် ပြုလုပ်ရပါသည်။ ထီးန်ခုံကို အပ်ချောင်းသာသာ  (၃)ချောင်းခွဲထားရပါသည်။ အလယ်ချောင်း၏ အနောက် ဘက်တည့်တည့်တွင် အပေါက်ဖောက်၍ ကြိုးတပ်ရပါ သည်။ လေဆေကို ကြေးဖြင့်ပြုလုပ်ရပါသည်။ လေဆေ ကို အောက်ခြေလုံးဖန်ဘူးပုံစံဖြင့် ပြုလုပ်၍ အလယ်တွင်  ကြေးချောင်းငယ်လေး တပ်ဆင်ရသည်။

   ထီးန်ခုံ/လေဆေသည် ချစ်သူ၊ သမီးရည်းစား တစ်ဦးနှင့်တစ်ဦး ချစ်ကြိုးသွယ်ရာတွင် ဘေးလူ(သို့မဟုတ်) မိဘ၊ မောင်ဘွားများမသိအောင် စကားဝှက်အဖြစ် ပြောဆိုရာတွင် အသုံးပြုကြပါသည်။