မရာဘာသာစကားဖြင့် မရာရိုးရာပွဲတော်၏ အမည် နာမသည် “KYUVA KHUTLA” (လေဗားခူးထလာ) ဖြစ်ပါသည်။ အဓိကဖွင့်ဆိုချက်ကို “ Cha-ypi ” ဟုလည်း ခေါ်တွင်ခဲ့ပါသည်။ “Cha-ypi” ဆိုသည်မှာ နှစ်စဉ်နှစ်တိုင်း ရာသီအလိုက် ကျင်းပသောပွဲဟု ဆိုလိုခြင်းဖြစ်ပါသည်။ မရာလူမျိုးတို့သည် ရိုးရာဓလေ့အမွေအနှစ် တစ်ခုစီနှင့် ဆိုင်သော နှုတ်ပြောရာဇဝင်၊ ဒဏ္ဍာရီပုံပြင်များ ရှိကြသည်။ ရှေိးရှေးတုန်းက ကြွယ်ဝချမ်းသာပြီး ဩဇာတိက္ကမရှိသူ တစ်ဦး (Katlo)ရှိခဲ့ပါသည်။ အိမ်မွေးတိရစ္ဆာန်များဖြစ်သော နွားနောက်၊ ကျွဲ၊ နွား၊ ဝက် စသည် များကိုသတ်၍ ရွာသူ ရွာသားများအားလုံးသာမက သားရဲတိရစ္ဆာန်များ၊ ငှက်များပါ ပင့်ဖိတ်ပြီး ကျင်းပကြသည်။ တစ်နေကုန် ခေါင်ရည်သောက်၊ သီချင်းဆို၊ ကကြပြီး ပျော်ပါးကြသည်။ ထိုအချိန်မှစ၍ မရာလူမျိုးစုများသည် နှစ်စဉ်ပွဲများ ကျင်းပလာခဲ့ကြသည်ဟု ဆိုသည်။
မရာလူမျိုးနွယ်စုဝင်များ နှစ်စဉ်ရာသီအလိုက် ကျင်းပသော ရိုးရာပွဲများစွာရှိသည်။ နှစ်စဉ်ပွဲတော်ချိန်ခါကို အဝေးမှ မျှော်လင့်စောင့်ဆိုင်းနေတတ်သည်။ ပွဲတော်များသည် ဆင်းရဲ ချမ်းသာမရွေး၊ လူထုတစ်ရပ်လုံး ပျော်ရွှင်မြူးတူး ရသောအချိန်၊ ဘဝ၏ နာကျင်ခက်ခဲမှုများကို ခဏတာ မေ့ပျောက်သောအချိန်အခါ၊ တောင်ယာလုပ်ငန်းများဖြင့် တစ်နှစ်လုံးတောထဲတွင် လုံးပန်းနေရာမှ တစ်ရွာထဲအတူနေ သူငယ်ချင်းများနှင့်အတူ ပျော်မြူးသော အချိန်အခါပင်ဖြစ် ပေသည်။
ရာသီအလိုက်၊ သွေးသားမျိုးဆက်အလိုက်၊ မျိုးရိုးစုအလိုက် ကျင်းပကြသော ပွဲတော်များစွာရှိသည်။ တစ်ချို့ပွဲများမှာ ယုံကြည်ကိုးကွယ်မှုနှင့် ဆက်နွယ်သော နတ်ပူဇော်ပွဲများ ဖြစ်သည်။ ထိုများစွာသော လူမှုရေးပွဲ၊ ဘာသာရေးပွဲများ အနက် မရာမျိုးနွယ်စု တစ်ခုလုံးကို လွှမ်းခြုံသော ရွာသူရွာသားတစ်ရပ်လုံး ပါဝင်သော၊ ထင်ရှားသော ပွဲ(၄)မျိုးမှာ “LYUVA KHUTLA” (လေဗားခူးထလာ)၊ Pazita (ပယင်းသား)၊ Ladawdai (လားဒေါဒိုင်)၊ Khohnakia(ခေါင်နာကီယာ) တို့ဖြစ်သည်။ ထိုပွဲ(၄)မျိုး အနက် ယနေ့တိုင် နှစ်စဉ်နှစ်တိုင်းကျင်းပလျက် ရှိသော “LYUVA KHUTLA” (လေဗားခူးထလာ)ပွဲတော် အကြောင်း ဖော်ပြလိုပါသည်။
တောင်ယာလုပ်ငန်းနှင့်ဆက်နွယ်သောပွဲတော်“LYUVA KHUTLA” (လေဗားခူးထလာ)
ဤပွဲကို တောင်ကသစ်(Erythin arborescels) ပင်လုံးကျွတ် ဖူးပွင့်သောရာသီတွင် ကျင်းပလေ့ရှိသည်။ ပွဲတော်နှင့်ဆက်စပ်သော ကဗျာက ဤသို့ဆိုသည် -
(Chiahchipawthla Beipinosachala…,
Lei zaolao ta, thlaisa a lei e…)
(ဆီလျော်သော ဘာသာပြန်)
တောင်ကသစ်တို့ ဖူးပွင့်ဝေ
ပွဲတော်ချိန်ခါ ဆင်နွဲနေ
ပူလောင်ပြင်းပြ နေရောင်အောက်
မြူးကြွခုန်ပေါက် ပျော်ရွှင်စွာ
ချွေးရဲရဲစို ရေပမာ။
ရှေးမဆွကစ၍ ယနေ့တိုင် မရာမျိုးနွယ်စုများအတွက် တစ်ခုတည်းသော အသက်မွေးဝမ်းကြောင်းမှာ ရွှေ့ပြောင်း တောင်ယာလုပ်ငန်းဖြစ်သည်။ တစ်နှစ်လျှင် တစ်နေရာသို့ တောင်ယာပြောင်းခုတ်ပြီး အသက်မွေးဝမ်းကျောင်းလာခဲ့ ကြသည်။ ထို့ကြောင့် မိမိအသက်နှင့် သားသမီးများ၏ အသက်ကို တောင်ယာလုပ်ကွင်းနေရာနှင့် ရေတွက်လေ့ရှိသည်။ ပုံမှန်အားဖြင့် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင် တောင်ယာခုတ်ပြီး မတ်လတွင် နေပူလှန်းကာ ဧပြီလတွင် တောင်ယာမီးရှို့ပြီး မေလတွင် မျိုးစေ့ကြဲသည်။
ဤပွဲကို တောင်ယာခုတ်အပြီး တောင်ယာမီး မရှို့မီ အားလပ်ရက်ဖြစ်သော မတ်လတွင် ကျင်းပလေ့ရှိသည်။ ဆင်းရဲချမ်းသာမရွေး ပျော်ရွှင်မြူးတူးစွာ ပါဝင်ဆင်နွဲကြ သည်။တောင်ယာခုတ်သောအချိန်မှ တောင်ယာကောက်သစ်များ ရိတ်သိမ်းပြီးစီးသော အချိန်အထိ တစ်နှစ်ဟု ရေတွက်သည်။ ထို့ကြောင့် ဤပွဲတော်သည် တစ်နှစ်အတွက် မျိုးစေ့များ မကြဲမီ တောင်ယာသီးနှံများ အောင်မြင်နိုင်ရေးနှင့် ဆက်နွယ်သော ပွဲတော်လည်းဖြစ်သည်။ ပွဲတော်အတွက် ကျေးရွာရှိ အိမ်ထောင်မိသားစုတိုင်း ခေါင်ရည်များ ကြိုတင် ပြင်ဆင် ကြပြီး သတ်မှတ်ရက်တွင် တစ်ရွာလုံး စုပေါင်းပါဝင်ကျင်းပ ကြသည်။ တစ်ရွာလုံးစုပေါင်း ကျင်းပရန် နေရာအတွက် ကျေးရွာအတွင်းရှိ ကြွယ်ဝချမ်းသာသော အိမ်ထောင်ဦးစီးကို ပထမရွေးချယ်ပြီး ပွဲရှင်အဖြစ်သတ်မှတ်သည်။ မရာဘာသာ စကားဖြင့် Aziko(ပိုင်ရှင်)ဟု အဓိပ္ပာယ်ရသည်။ နွားနောက်၊ နွား၊ ကျွဲ၊ ဝက်များသတ်၍ ခေါင်ရည်များဖြင့် ပျော်ရွှင်စွာ စုပေါင်း၍ အတူစားသောက် ကြသည်။
ပွဲမစမီ ကျေးရွာရှိလူပျိုအပျိုများက ရွာလယ်လမ်းမပေါ်တွင် “ပခူးပီးအက” (Pakhupila)နှင့် “ပခူးသီချင်း”များ ဆိုပြီး ပျော်ရွှင်စွာကကြသည်။ ပွဲတော်ကျင်းပနိုင် ရန် အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ပွဲတော်ဖွင့်ပွဲ ကဲ့သို့ဖြစ်သည်။ “ပခူးပီးအက”(Pakhupila)နှင့် ပခူးသီချင်းသည် အခြားသော နေ့၊လ၊ရာသီများတွင် မဆို၊ မက အပ်သော သီချင်းနှင့် အကဖြစ်သည်။ ဤပွဲတော်တစ်ခုတည်း၌သာ ဆိုရ၊ ကရသော သီချင်းနှင့်အကများဖြစ်သည်။
ပွဲတော်ရက်များအတွင်း အပျို၊လူပျိုများသည် ရွာတွင်းရှိ ချမ်းသာသော အိမ်ထောင်တစ်အိမ်ပြီး တစ်အိမ်ပြောင်းကြသည်။ မိမိတို့အိမ်သို့ အလည်ရောက်လာသော အပျို၊လူပျိုများအား အိမ်ရှင်မှ ဝက်သတ်ပေးပြီး ခေါင်ရည်လုံလုံလောက်လောက် ပြင်ဆင်ဧည့်ခံရသည်။ ခေါင်ရည်နှင့်အသားများကုန်သောအခါ အပျို၊ လူပျိုများသည် အခြားချမ်းသာသော မိသားစုအိမ်ထောင်သို့ ပြောင်းရွှေ့ရပြန်သည်။ အပျိုလူပျိုများသည် ထိုကဲ့သို့ တစ်အိမ်ပြီး တစ်အိမ်လှည့်လည်ကာ အတူစား၊ အတူသောက်၊ အတူသီချင်းဆိုကာ ပျော်ရွှင်စွာ ပွဲတော်ကျင်းပလေ့ရှိသည်။ ပွဲတော်ရက်တိကျစွာ ကန့်သတ်ခြင်းမရှိပေ။ ခေါင်ရည်နှင့် အစားအသောက်ပေးလှူသော အိမ်ထောင်အနည်းအများ ပေါ်မူတည်သည်။ ပုံမှန်အားဖြင့် (၆)ရက်မှ (၇)ရက်အထိ ကျင်းပလေ့ရှိသည်။ ဤပွဲသည် လူမှုရေးအလွှာမခြား၊ဆင်းရဲချမ်းသာမရွေး၊ မျိုးနွယ်စုအလွှာမခြား၊ ဘာသာရေး အငွေ့အသက်ကင်းပြီး တောင်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းသော လူထုတစ်ရပ်လုံးပျော်ရွှင်စွာ အတူ ပါဝင်ကျင်းပသော ရိုးရာလူမှုရေးသီးသန့်ပွဲဖြစ်သည်။
ပွဲတော်ရက်ကုန်ဆုံးသောအခါ တောင်ယာမီးရှို့ပြီး ပုံမှန်အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်သော မိမိတောင်ယာစိုက်ခင်းကိုယ်စီသို့တစ်နှစ်လုံးပင်ပန်းစွာ ပြန်လည်ရုန်းကန် ကြရလေတော့သည်။