ချင်းအမျိုးသားများသည် ဝဋ်လိုက်တတ်သည်ဟူသော အယူအဆကို လက်ခံထားကြသည်။ သူတစ်ပါး အရုပ်ဆိုးသည်ကိုကြည့်၍ ရယ်မိလျှင် မွေးသောကလေးများ အရုပ်ဆိုးတတ်သည်ဟု ယုံကြည်ကြသည်။ သူတစ်ပါး ဆင်းရဲသည်ကိုကြည့်၍ ဝမ်းသာအားရ ဖြစ်လျှင်လည်း မိမိသည်ဆင်းရဲတတ်သည်ဟု အယူရှိလေသည်။ မြေတွင်း၊ ကြွက်တွင်းများကို ပိတ်လျှင်သေခါနီး၌ အသက်ရှူ မဖြစ်ပဲ အသေမြန်တတ်သည်ဟု အယူရှိကြသည်။
သူတစ်ပါးလင်မယား ရန်ဖြစ်သည့်အကြောင်း၊ မသင့်မတင့်ဖြစ်ကြသည့် အကြောင်းကိုပြောလျှင် မိမိတို့ အချင်းချင်းလည်း မသင့်မတင့်ဖြစ်တတ်သည်ဟူ၍ အယူရှိ ကြသည်။ မုဆိုးမများ၊ မိဘမရှိသောကလေးများနှင့် သက်ကြီးရွယ်လွန်များကို စောင့်ရှောက်လျှင် နောင်အစဥ် ချမ်းသာရလိမ့်မည်ဟု အယူရှိကြသည်။
အသုဘအတွက် ကျွဲ၊ နွား၊ ကြက်၊ ဝက်၊ နွားနောက် များသတ်၍ နတ်ပသလျှင် ကျွေးမွေးဧည့်ခံလျှင် နွား၊ ကြက်၊ ဝက်နှင့် နွားနောက်တို့၏ ဝိညာဉ်သည် သေသူ၏ ဝိညာဉ်နောက်သို့ လိုက်သည်ဟု အယူရှိသည်။
မွေးဖွားပြီးခါစ ကလေး၏ချက်ကြိုးကို ခွေးများ၊ ကြောင်များစားသော် ပိုးကောင်ကိုက်သော် ကလေးဖျားနာ တတ်သည်ဟု အယူရှိသည်။ ကလေးနေမကောင်းသော် ယတြာချေသည့် သဘောဖြင့် ကလေးငယ်၏ နာမည်ကို ပြောင်းပေးလေ့ရှိသည်။
ငလျင်ပြင်းစွာလှုပ်သော် ရောဂါဘယ ထူပြောမည်ဟု အယူရှိကြသည်။ ရှေးကငလျင်လှုပ်လျှင် နတ်များကို ပသကြသည်။
အခါမဟုတ်ဘဲ မိုးရွာသော် တိမ်တောက်ချိန်များသော် ရာသီဥတု ဖောက်ပြန်တတ်သည်။ သီးနှံစပါးပိုးဖျက်တတ်သည်ဟု အယူရှိကြသည်။ ထို့ကြောင့် ရှေးအခါက အချိန်မဟုတ်ပဲ မိုးရွာလျှင် တိမ်နီတောက်ဖန်များလျှင် နတ်ဆရာ၏ အကူအညီဖြင့် နတ်ပသလေ့ရှိသည်။
ကျားစွယ်၊ ကျားရိုးများဆောင်လျှင် အမှောင့် ပယောဂ စုန်း၊ တစ္ဆေ၊ ကဝေများ မပူးမကပ်နိုင်ဟု အယူရှိသည်။ ထို့ကြောင့် ကလေးငယ်များအား ကျားရိုး၊ ကျားစွယ်များကို အဆောင်အဖြစ် ဝတ်ဆင်ပေးထားလေ့ရှိသည်။
ကျားသတ္တဝါ၌ နတ်ဆိုးများ အမြဲတွယ်ကပ်လျက် ရှိသည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် ကျားကိုပစ်၍ ရသော် ကျားခေါင်းကိုဖြစ်စေ၊ ကျား၏ ကိုယ်ခန္ဓာကို ဖြစ်စေရွာအတွင်းသို့မယူဝံ့ပေ။ ဤကဲ့သို့ကျားခေါင်းနှင့်ကျားကိုယ်ခန္ဓာကိုယူဆောင်ခဲ့သော်ရွာအတွင်းမှလူအများနှင့်အိမ်မွေးတိရစ္ဆာန်များကိုကိုက်စားခြင်း၊ လက်စားချေခြင်း ပြုတတ်သည်ဟု အယူရှိသည်။ ထို့ကြောင့် ပွဲပြုလုပ်ပြီးမှသာလျှင်ကျားသေကို ရွာအတွင်းသို့ သွင်းလေ့ရှိသည်။
ဟားခါးနယ်တွင် နေထိုင်မကောင်းသော် ရှေးအခါက ရွှံ့များဖြင့် ကျွဲရုပ်၊ နွားရုပ်၊ ကြက်ရုပ်၊ ဝက်ရုပ်၊ ပုတီးစေ့၊ မောင်းသဏ္ဍာန် ရွှံ့ရုပ်များပြုလုပ်၍ ရွာလမ်းများပေါ်တွင် ပစ်ထားတတ်သည်။ မကောင်းဆိုးဝါးနတ်၏ ဒေါသ အမျက်ကို ဖြေဖျောက်ရန်ဖြစ်သည်ဟု ဆိုသည်။ ဤသို့ ပြုလုပ်သော် နာဖျားခြင်းပျောက်မည်ဟု အယူရှိကြသည်။
မြွေများ မိတ်လိုက်နေသည်ကိုမြင်လျှင် လာဘ် မကောင်းဟု ယူဆကြသဖြင့် ယင်းအကြောင်းကို အခြား သူများအား ပြောပြလေ့မရှိကြချေ။ ဝက်ဝံများနှင့် သမင်၊ဒရယ်၊ ချေငယ်များကို ပစ်သောအခါ သစ်ကိုင်းများ ပေါ်တွင် တွယ်ကပ်၍ သေနေလျှင်မစားကောင်းဟု ယူဆကြသည်။ တောနတ်နှင့်ဆိုင်သောကြောင့်တောနတ်ကမပေးလို၍ တောကောင် သမင်၊ ဒရယ်၊ ချေငယ်များကို ပြန်လည်ဖမ်းယူထားသည်ဟု အယူရှိကြ လေသည်။
ပွီကိုင့်ဟုခေါ်သော ကြက်ဥမှုတ် ဗေဒင်ဆရာများ ကိုလည်း ချင်းရွာများတွင် တွေ့ရှိရသည်။ ယင်းဗေဒင် ဆရာများသည် နတ်နှင့်ဆိုင်ရာကိစ္စများနှင့် ရွာသူရွာသား များက လာရောက်မေးသည့် အလုပ်အကိုင်ကိစ္စ၊ သွားရေး လာရေးကိစ္စ၊ သာရေးနာရေးကိစ္စစသည်တို့တွင် ဗေဒင် ကြည့်ပေးသည်။ ဗေဒင်ဟောခမရလျှင် ပွီကိုင့်သည် လူမမာအတွက် တိရစ္ဆာန်များ ပူဇော်ပသသောအခါ ပေါင်တခြမ်းကို ရလေ့ရှိသည်။
ပလက်ဝ ချင်းအမျိုးသားများသည် ခရီးသွားလာ ရာတွင် နေ့ကောင်းရက်မြတ်ရွေးချယ်သော အလေ့အထများ မရှိသော်လည်း ခရီးထွက်၍ ခလုတ်တိုက်မိလျှင်၊ ပစ္စည်း တစ်ခုခု မေ့ကျန်ခဲ့လျှင်၊ မြွေကိုတွေ့လျှင် နိမိတ်မကောင်းဟု ယူဆကြသည်။ ခရီးသွားနေစဥ် သစ်တောက်ငှက်မြည်သံကို ကြားရသော် လမ်းခရီးတွင် အန္တရာယ်မုချ ရှိသည်ဟု အယူရှိ သည်။ သစ်တောက်ငှက်သည်သစ်ပင်ကို တတောက်တောက် ခေါက်နေသံကြားရသော် နိမိတ်ကောင်းသည်၊ မကြာမီ ခေါင်ရည်သောက်ရတော့မည်ဟု ဝမ်းသာအားရ ဖြစ်ကြ သည်။
အိမ်တွင်လည်းကောင်း၊ ရွာတွင်လည်းကောင်း၊ အိမ်အနီးသစ်ပင်တွင်လည်းကောင်း ပျားစွဲခဲ့သော် အဖျား အနာရောက်တတ်သည်ဟု အယူရှိသည်။ ပျားတုတ်ခံရ သည်ဟု အိမ်မက်မက်လျှင်လည်း ဖျားနာတတ်သည်ဟု ယူဆကြသည်။ ယင်းအခါမျိုးတွင် အနက်ရောင်ရှိသော ကြက်မနှင့် ယတြာပြုကြသည်။ မွေးမြူထားသောကြောင် သည် အိမ်မှထွက်သွားလျှင်၊ မီးဖိုတွင် မှိုပေါက်လျှင် သေဘေးရောက်မည့်နိမိတ်ဟု အယူရှိသည်။ အိမ်နောက် ဖက်တံခါးမှ ငှက်ပျံထွက်ခဲ့လျှင် ခြေနှစ်ချောင်းထွက်တတ် သည်။ အိမ်ရှေ့မှဝင်သော် လာဘ်ဝင်မည်။ ခွေးသည် အိမ်ခေါင်မိုးပေါ်တက်သော် သေဘေးရောက်အံ့။ နေအိမ်များတွင် မြွေတက်သော် ဘေးရောက်တတ်သည်။ တောင်ယာတွင် တောမျောက်များ ဝိုင်းပတ်၍ ကစားသည် ရှိသော် နိမိတ်မကောင်း။ ခြအုံတွင် မှိုပေါက်သော်ကောင်း သည်။ ချမ်းသာကြွယ်ဝသည်ဟု အယူရှိကြသည်။
ချင်းအမျိုးသမီးများ ကိုယ်ဝန်ဆောင်စဥ် မမှည့်သော အသီးကင်းများကို စားမိသော် မွေးဖွားချိန် မရောက်မီ ကလေးပျက်စီးတတ်သည်ဟု အယူရှိသည်။ ထို့ကြောင့် ချင်းအမျိုးသမီး ကိုယ်ဝန်ဆောင်များသည် အသီးကင်းများကို စားခြင်းမှ ရှောင်ကြဥ်ကြသည်။
မျောက်သားစားသော် ကလေးငယ်များ မျောက်ကဲ့သို့ အငြိမ်မနေ ဆော့တတ်သည်ဟု အယူရှိပြီး ကိုယ်ဝန်ဆောင်များသည် မျောက်သားစားခြင်းမှ ရှောင်ကြဉ်ကြ သည်။ မြွေသားစားခဲ့သော် ကလေးငယ်များသည် မြွေကဲ့သို့ လျှာခဏခဏ ထုတ်တတ်သည်ဟု အယူရှိ သည်။
ရေစီးသော မြစ်၊ ချောင်းများကို ဖြတ်ကူးသော ကလေးငယ်၏လိပ်ပြာသည် ရေစီးနှင့်ပါ၍ ကလေးငယ်သည် ဝမ်းတွင်း၌ပင် သေကြေပျက်စီးတတ်သည်ဟု အယူရှိ သည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်များသည် မြစ်ချောင်း များကို ဖြတ်ကူးခြင်းမှ ရှောင်ကြဥ်ကြသည်။
ပလက်ဝနယ်မှ ခမီ၊ အနူး၊ ခေါင်စို၊ ပနမ်းတို့သည် သင်္ချိုင်းမှပစ္စည်းများနှင့် မီးမဖွားနိုင်၍ သေသောနေအိမ်မှ ပစ္စည်းများကိုမသုံးပဲ ရှောင်ကြဥ်ကြသည်။ ရွာများတွင် လည်းကောင်း၊ တောင်ယာတွင်လည်းကောင်း အရေးကြီး ကိစ္စတစ်ခုခုရှိလျှင် ခုံးကာများ စိုက်ထားလေ့ရှိသည်။ ခုံးကာဆိုသည်မှာ ဝါးခြမ်းပြားကို ပေါင်းမိုးကဲ့သို့ ပြုလုပ် ထားခြင်းကိုခေါ်သည်။ ခုံးကာကို ကလေးရောဂါရ၍ နတ်စာကျွေးသောအခါတွင်ထိုးသည်။ တောတိရစ္ဆာန် များကို တုံးဖိထောင်ထားသည့် အခါများတွင်လည်း ထိုးသည်။ တောင်ယာမီးရှို့သည့်အခါတွင်လည်းထိုးသည်။ ဤအခါများတွင် ဧည့်သည်များမဝင်ရ၊ ဧည့်သည်များ သည် အိမ်ပြင်မှနေ၍ “ဘာအခင်းပါလဲ၊ ရွာအခင်းလား၊ တောင်ယာအခင်းလား၊ အမဲအခင်းလား၊ အခင်းဖွင့်သည့်အခါ အိမ်ပေါ်သို့တက်ချင်ပါသည်”ဟု ပြောရသည်။ ခုံးကာထိုးထားလျှက် ဝင်ခဲ့သည်ရှိသော် အရေးအခင်းပျက်သည့်အတွက် ကုန်ကျသည့် တန်ဖိုးအလျောက် လျော်ကြေးများပေးရသည်။
မင်းတပ်မြို့နယ်ရှိ မကန်းချင်းတို့နှင့် ပလက်ဝမြို့နယ်ရှိ ချင်းအမျိုးသားတို့၏ အိမ်များတွင် နွား၊ ကျွဲ၊ ခွေးနှင့် ဆိတ် တို့၏ ခေါင်းခွံများကို ချိတ်ဆွဲထားသော အခန်းတစ်ခန်း ရှိသည်။ တခါတရံလည်း ချိတ်ဆွဲထားခြင်းမရှိပေ။ ထိုအခန်းသည် ရိုးရာအလျောက် အထွတ်အမြတ် ပစ္စည်း များကို ထားသိုသည့် အခန်းဖြစ်သဖြင့် ဧည့်သည်များ ဝင်ရောက်ခွင့်မရှိပေ။ အကယ်၍ ဝင်မိသည်ရှိသော် နတ်မကြိုက်သဖြင့် ဝက်တစ်ကောင် အလျော်ပေးရသည်။ ဤအခန်းတွင်းသို့ ဝင်မိလျှင် မိတ်ဆွေပျက်တတ်သည်။ အိမ်၏ ဒေါင့်ဖက်ခပ်ကျကျတွင်ထားသော ဖိုခနောက်များ ကိုလည်း ဧည့်သည်များ မလှည့်ရပေ။ လှည့်မိလျှင်များစွာ စိတ်ဆိုးတတ်၍ ဝက်သွေး၊ ခွေးသွေးဖြင့် လျော်ရသည်။ မလျော်လျှင် အိမ်ပေါ်မှဆင်းခွင့်မပေးပေ၊ ချက်ချင်းလျော် ရသည်။ ဓား၊ သေနတ်များဖြင့်လည်း တစ်စုံတစ်ယောက်အား ခုတ်မည်၊ ပစ်မည်ဟု မရွယ်ရ။ ရွယ်မိသော် ဝက်ကလေး တစ်ကောင်ပေးရသည်။ အမဲလိုက်သည့်အခါ သို့မဟုတ် တောသွားနေစဉ်အခါတွင် ကျားကိုဖြစ်စေ၊ မည်သည့် သတ္တဝါကိုဖြစ်စေ မကြောက်ပါဟု ပြောဆိုခြင်းများမပြုရ၊ ပြောဆိုလျှင် အန္တရာယ်နှင့် ရင်ဆိုင်တွေ့ရတတ်သည်ဟု ယုံကြည်ကြသည်။
မရာနှင့် ကလင်ကော့(လူရှေ) အမျိုးသားများလည်း တောလည်ထွက်လျှင် ချောင်း၊ မြောင်း၊ အင်းအိုင်များ အနီး၌ မတ်တပ်ရပ်၍ အပေါ့မစွန့်ရပေ။ နတ်ဖမ်းစားတတ် သည်ဟု အယူရှိသည်။ အိမ်ပြန်မရောက်မချင်းလည်း ဆံထုံးကိုမဖြေရ၊ နတ်မကြိုက်ဟုဆိုသည်။ မိန်းမများ အမဲလိုက်ခြင်းကိုလည်း နတ်များမကြိုက်၊ မိန်းမများသည် ကျားကိုက်ထားသော အသားများ၊ စွန်ချီလာသော အကောင်များကို မစားကြရ။ စားလျှင်ဖောရောင်တတ် သည်ဟုဆိုသည်။ ယောက်ျားများလည်း ကျားကိုက်၊ စွန်ချီ လာသော အသားများကို စားလိုက တောထဲ၌သာ စားရသည်။ အိမ်သို့ယူဆောင်မလာရပေ။
မိုးဦးကျ ပထမဆုံးမိုးရွာလျှင် မည်သူမျှ အလုပ် မဆင်းဘဲ သီးနှံများအောင်မြင်ရန်အတွက် အိမ်တွင်းမှာသာ နေရသည်။ တောထဲတွင် ကျောက်တုံးနှင့် သစ်ပင်ကြီးများကို ငယ်သည်ဟူ၍မပြောရ။ နတ်များမကြိုက်၍ ဖျားနာတတ် သည်ဟု အယူရှိသည်။ အိမ်သစ်တက်ပြီးနောက် လေးရက်၊ ငါးရက်အတွင်း အိမ်ပေါ်တွင် ထမင်းဟင်းချက်ပြုတ်ခြင်း မပြုရ။ အိမ်ရှေ့တွင်သာ ချက်ပြုတ်ရသည်။ မလိုက်နာသော် အိမ်ပျက်စီးတတ်သည်ဟု အယူရှိသည်။ နယုန်လ(စီပါ) တွင် လက်ထပ်ထိမ်းမြားခြင်းမပြုရ၊ ကြက်မတွန်လျှင် မုဒိန်းမှု ဖြစ်တတ်သည်ဟု ဆိုသည်။
ခမီ၊ အနူး၊ ခေါင်စို၊ ပနမ်းတို့တွင် အိမ်များဆောက်သောအခါ သစ်များကို အထူရွေးချယ် သုံးစွဲတတ်ကြသည်။ ရှောင်အပ်သော သစ်များတွင် သစ်နွယ်လိပ်ကို အိမ်မဆောက်ရ၊ သစ်ခမောက်ခေါ် ဖိုခနောက်သဖွယ် သုံးပင်ခွနေသောသစ်ကို အိမ်မဆောက်ရ၊ သစ်ပင်ကို လှဲရာတွင် ချောင်းကိုဖြတ်၍ ကျသွားသော သစ်ကိုလည်း မသုံးရ၊ တစ်ပင်ကနှစ်ပင်ခွနေသော ညီနောင်ကိုလည်း မသုံးရ၊ ဘောင်တွယ်သစ်၊ ပျားတွယ်သစ်များကိုလည်း မသုံးရ၊ အိမ်တိုင်ကို တွင်းထဲစိုက်စဉ် အိမ်တိုင်ချင်းမထိရ၊ တောင်ပို့နေရာ၊ မြေတွင်းများရှိသောနေရာများတွင်လည်း အိမ်မဆောက်ရ၊ ဖြူတွင်းရှိသော နေရာတွင်လည်း မဆောက်ရ၊ စရပ်တိုင်၊ တန်တားတိုင်သစ်များကိုလည်း အိမ်တွင်မသုံးရဟူသောအရှောင်များရှိသည်။ ဤအရှောင်များသည် အိမ်၏မင်္ဂလာအတွက် ရှောင်ကြဉ်ရခြင်း ဖြစ်သည်။ မရှောင်သော် ဘေးဥပဒ်အန္တရာယ် ဖြစ်တတ်သည်။ စီးပွားပျက်တတ်သည်ဟု အယူရှိကြပါသည်။