မင်းတပ်မြို့နယ် မွင်းချင်း အမျိုးသားတို့သည် ရိုးရာ ဓလေ့ပွဲတော်များကို ထားမကာ (ခေါ်) ကောက်သစ်စားပွဲ ဝေါက်ရို့ (ခေါ်) ဝက်သတ်ပွဲ အိမ်ကာ (ခေါ်) အိမ်သစ်တက်ပွဲ၊ ယူလှတ်ခ် (ခေါ်) ခေါင်ပွဲ၊ ကုမ်စီ (ခေါ် )နှစ်သစ်ကူးပွဲဟူ၍ ၁၂ရာသီပွဲတော်များ ကျင်းပလေ့ရှိသည်။
ဤပွဲများမှာ အချိန်ရာသီအလိုက် ကျင်းပရသော ပွဲများဖြစ်သည်။ ယူလှတ်ခ်(ခေါ်)ခေါင်ပွဲမှာ အကြီးဆုံးပွဲဖြစ် သည်။ ဂုဏ်အတွက် ပြုလုပ်သောပွဲဖြစ်သည်။ ခေါင်ပွဲတွင် ရှာယူး (ခေါ်) တစ်ညကျင်းပပြုလုပ်သောပွဲ၊ မကူးယူး (ခေါ်) နှစ်ညကျင်းပသောပွဲ၊ လုံးယူး(ခေါ်)ရက်သတ္တပတ် ပြုလုပ်သောပွဲဟူ၍ ရှိသည်။
ရှာယူးသည် လူတစ်ဦးတစ်ယောက်အတွက် ပထမ ဦးဆုံး ပြုလုပ်ရသောပွဲဖြစ်သည်။ တနည်းအားဖြင့် ဆိုသော် လူတစ်လုံး သူတစ်လုံးအဖြစ် ပထမဦးဆုံး အထိမ်းအမှတ် ပြုရသောပွဲဖြစ်သည်။ ဤပွဲကို တစ်ညတာသာ ကျင်းပ၍ ရေချောင်းမှ အဓိကရ ကျောက်ဖျာတွင် ကြက်ဉ၊ ခေါင်ရည် စသည်တို့ဖြင့် နတ်မျာအား ပူဇော်ပသပြီး တစ်ခမ်းတစ်နားဖြင့် အိမ်သို့ ပင့်ချီရသည်။ အိမ်သို့ရောက်လျှင် နွားနောက်၊ ကျွဲ၊ နွားစသည့် မိမိတတ်နိုင်သော တိရစ္ဆာန်ကို ကြိုတင်ပြင်ဆင် ထားရှိသော နတ်တိုင်တွင် ချည်၍ နတ်ဆရာ အလိုအရ တန်ခိုးကြီးနတ်များအား တိုင်တည်ကာ ပူဇော်ပသရသည်။ ကြိုတင်ဖိတ်ကြား၍ ရောက်ရှိလာကြသော ရွာတိုင်း၊ ရပ်တိုင်းမှ ပွဲရှင်၏ ဆွေမျိုးမိတ်သင်္ဂဟများနှင့် လက်လှမ်း မီရာ အခြားဖိတ်ကြားထားသူ ဧည့်ပရိသတ်များအား ခေါင်ရည်၊ အစားအစာများဖြင့် ဧည့်ခံကျွေးမွေးရသည်။ မည်သူမဆို ပါဝင်စားသောက်နိုင်ခွင့်ရှိသည်။ တစ်ညတာမျှ ပျော်ရွှင်စွာ စားသောက်ကြပြီးနောက် နောက်တစ်နေ့တွင် ကျောက်ဖျာကို တောတောင်ခင်ရိုး၌ အခမ်းအနားဖြင့် တင်ရသည်။ ကျောက်ဖျာတင်ရာသို့ ရိုးရာဓလေ့ထုံးစံများ အရ ပွဲရှင်လင်မယားတို့သည် ဝတ်ကောင်းစားလှများ ဝတ်ဆင်ပြီး ပါဝင်ရသည်။ ကျောက်ဖျာတင်ပြီးနောက် နတ်ဆရာက တန်ခိုးကြီး နတ်အသီးသီးကို ပင့်ဖိတ်ပူဇော်ကာ ပွဲရှင်လင်မယားတို့၏ သားသမီးထွန်းကားရေး၊ ကျန်းမာရေး၊ စီးပွားရေး တိုးတက်ရေးတို့ကို ဆုမွန်တောင်းပေးရသည်။ ဤသို့ ခင်ရိုးတွင် ကျောက်ဖျာတင်ခြင်းမှာ ဤပွဲရှင် အိမ်ထောင်စုများ သေဆုံးလျှင် အရိုးအိုးကို ဤကျောက်ဖျာ အောက်၌ ထားရန်ဖြစ်သည်။ ဤသို့ကျောက်ဖျာမတင်နိုင် သူမှာ သေဆုံးသောအခါ၌ အရိုးအိုးထားရန်နေရာရှိမည် မဟုတ်ပေ။ ဤရှာယူးခေါ် ပွဲမျိုးကို သုံးကြိမ်တိုင်တိုင် ကျင်းပပြုလုပ်သူမှသာ လုံးယူးပွဲကြီးကို ကျင်းပပြုလုပ် နိုင်ခွင့်ရှိသည်။
မကူးယူးခေါ် နှစ်ညပြုလုပ်သောပွဲမှာ ရှာယူးကဲ့သို့ ပင်ဖြစ်၍ တစ်ညပို ကျင်းပခြင်းသာပိုသည်။ လုံးယူးပွဲမျိုးကို လူတိုင်းကျင်းပပြုလုပ်ခွင့် မရှိပေ။ ရှာယူး၊ မကူးယူးတို့ကို သုံးကြိမ်တိုင်တိုင် ကျင်းပပြုလုပ်သူမှသာ လုံးယူပွဲကို ကျင်းပပြုလုပ်ခွင့်ရှိသည်။ ဤပွဲကို ရက်သတ္တပတ်တိတိ ကျင်းပရ၍ ပထမဆုံးနေ့ကို လောင်းကျေ၊ ဒုတိယနေ့ကို ပိုင်ချွတ်၊ တတိယနေ့ကို လုံကော့၊ စတုတ္ထနေ့ကို ဗုတ်ခွီး၊ ပဉ္စမနေ့ကို လုံမဆွန်၊ ဆဌမနေ့ကို ခေါ်တိ၊ သတ္တမနေ့ကို တာထားဟူ၍ ခေါ်သည်။ ဤပွဲတွင် နွားနောက်အနည်းဆုံး တစ်ကောင်မှ မိမိတတ်နိုင်သလောက် သတ်ဖြတ်၍ ဆွေမျိုး မိတ်သင်္ဂဟအားလုံးနှင့် လက်လှမ်းမီရာ ကျေးရွာတိုင်းမှ လူကြီးလူငယ် ဆင်းရဲချမ်းသာမရွေး ဖိတ်ကြားကျွေးမွေး ကြသည်။
လုံးယူး၏ ပထမနေ့ဖြစ်သော လောင်းကျေနေ့တွင် ခေါင်ရည်များနှင့် ထမင်းဟင်းများကို ယူဆောင်လျက် ကျောက်ပြင်တင်ရန် လုံခေါ် (ခေါ်) ကျောက်တိုင်ရှိရာ ချောင်းသို့သွား၍ စားသောက်ကြပြီး ကျောက်တိုင်များကို အိမ်သို့ယူဆောင်လာရသည်။
လုံးယူး၏ ဒုတိယနေ့တွင် ရွာတွင်းမှ လူများစုပေါင်း၍ နွားနောက်ချည်ရန် နတ်တိုင်များ၊ ပွဲ၌ဟင်းခပ်ရန် သစ်သား ခွက်များကို ပြုလုပ်ကြရသည်။ ထိုလုပ်ငန်း၌ ကူညီသူများအား နတ်ပွဲ၏ ပဉ္စမမြောက်နေ့ဖြစ်သော လုံမဆွန်နေ့၌ နွားနောက် သားများကို အစိမ်းလှီး၍ လုပ်ခအဖြစ် ပေးကမ်းဝေငှရ သည်။ ပေါင်းဗေးဆိုသည်မှာ နတ်တိုင်နှင့် သစ်သားစားခွက် ပြုလုပ်ခြင်းကို ခေါ်သည်။
လုံးယူး၏ တတိယနေ့ဖြစ်သော လုံကော့၏အဓိပ္ပာယ်မှာ လုံသည် ကျောက်ဖျာဖြစ်ပြီး ကော့မှာ ထမ်းခြင်းကိုပြသည်။ ထို့နေ့တွင် ယာရှိ ယောက်ျားများအားလုံး နတ်ပွဲရှင်၏ အိမ်၌ ထမင်းဟင်းများ စုဝေးစားသောက်ကြသည်။ ထို့နောက် ကြက်ဖတစ်ကောင်ဖြင့် နတ်တင်ပူဇော်သည်။ ယင်းကြက်ဖ တစ်ခြမ်းကို အစိမ်းထား၍ ကျန်တစ်ခြမ်းကို ချက်ပြီး ကျောက်ဖျာထမ်းသွားသူများနှင့်အတူ ရွာ၏ တောင်ဖက် ချောင်းထဲသို့ဆင်း၍ လောင်းသာခေါ် ချောင်းစောင့်နတ်အား ကြက်ဉတစ်လုံးထပ်ဖြည့်ပြီး ကျောက်ဖျာတောင်း ပသရပြန် သည်။ ထိုသို့ပသပြီးသည်နှင့် တပြိုင်နက် အမျိုးသမီးများက အသင့်ထမ်းယူလာသော နွားနောက်သားခြောက်နှင့် ပဲယဉ်းကို ရောထောင်းထားသည့် ထမင်းဟင်းများကို ဝေငှစားသောက်ကာ ခေါင်ရည်များ သောက်ကြရပြန်သည်။ ပြီးဆုံးလျှင် ကျောက်ဖျာကိုထမ်းရန် အသင့်ပြုလုပ်ပြီးနောက် ပဆန်းဆရာက အူဟစ်ရသည်။ ထိုအခါ ပရိတ်သတ်ကပါ ဝိုင်း၍ ၁၂ ကြိမ်တိတိ အူဟစ်ကြပြီး ကျောက်ဖျာကို ထမ်း၍ ပြန်ကြရသည်။ လမ်း၌ နားသည့်အခါတိုင်း ထိုကဲ့သို့ အူဟစ်ကြရသည်။ ကျောက်ဖျာ အိမ်သို့ရောက်လျှင် ပဉ္စမနေ့ဖြစ်သော လုံမဆွန်ခေါ် ကျောက်ဖျာတင်သည့်နေ့ မတိုင်မချင်း ထိုကျောက်ဖျာပေါ်သို့ မည်သူတစ်ဦး တစ်ယောက်မျှ တက်မထိုင်ရချေ။ ကျောက်ဖျာ ပေါ်၌ မသိုင်းထင်းရူးရွက်နှင့် ခီငှ သစ်အယ်နီရွက်ကို တင်ထား ရသည်။ ပြီးလျှင် ပေါင်ဗေး ခေါ် ဒုတိယနေ့က ပြုပြင်ခုတ်လုပ် ထားခဲ့သော နွားနောက် ချည်ရန် နတ်တိုင်များကို စိုက်ထူကြ ရသည်။
လုံးယူး၏ စတုတ္ထနေ့ကို ဗုတ်ခွီး ဟုခေါ်၍ အဓိပ္ပါယ် အားဖြင့် နွားနောက်သယ်ခြင်းနေ့ဟု ဆိုလိုသည်။ ဤနေ့တွင် နွားနောက်များကို နတ်တိုင်များတွင်ချည် ပြီးသော် တားရီးနတ်ပဆန်းက နွားနောက်ရိုက်တံဖြင့် နွားနောက် များကို ခေါင်ရည်ဗူးမှ ခေါင်ရည်ကိုငုံပြီး မန်းမှုတ်ရိုက်နှက်ကာ မျိုးရိုး ဘာသာအစဉ်အလာအားဖြင့် နေထိုင်လာခဲ့သည့် အတိတ်ဘဝဇာတ်လမ်းစုံကို ပြောဆို ရေရွတ်မှတ်တမ်း တင်ကြရသည်။ ထိုသို့ပြုလုပ်ခြင်းကို လှေပစ်ဟုခေါ်သည်။ ပြီးလျှင်မိန်းမယောက်ျားရော၍ လှေ့လမ်းခေါ် နွားနောက်ကို ဝိုင်း၍ ကကြရသည်။ ထို့နောက် နွားနောက်ကိုသတ်၍ လှေလူလမ်းခေါ် နွားနောက် ခေါင်းကို ဝိုင်းပတ်ပြီး ကပြရ ပြန်သည်။
ထိုသို့ပြီးလျှင် ရပ်ဝေးမှ ဖိတ်ခေါ်ထားသော ဧည့်ပရိသတ်များလည်း ဤအချိန်၌ပင် တဖွဲဖွဲအဆက် မပြတ်ရောက်ရှိလာကြကာ ကျွေးမွေးဧည့်ခံသော ခေါင်ရည်များကို ပွဲတစ်လျှောက်လုံး တစ်ပုံးဝင် အလုံးရေ ၄၀ မှ ၁၀၀ အတွင်း ရေနှင့်မခြား ဖောဖောလှိုင်လှိုင် သောက်သုံးကြရ သည်။
ထမင်းဟင်းများကိုလည်း ဝိုင်း၍ စားသောက်စေပြီး တပျော်တပါး တစ်ဦးကိုတစ်ဦး ခွံ့၍ စားသောက်ကြရ သည်။ ထိုသို့ လက်ရေတစ်ပြင်စီးဝိုင်း၍ စားသောက်ခြင်းကို အေးပိုင် ဟုခေါ်သည်။
လုံးယူး၏ ပဉ္စမနေ့ကို လုံမဆွန်နေ့ ဟုခေါ်၍ အဓိပ္ပာယ်မှာ ကျောက်ဖျာတင်သည့်နေ့ ဖြစ်သည်။ ထိုနေ့တွင် နံနက်မိုးလင်းချိန်မှစ၍ ပွဲရှင်နှင့်နီးစပ်ရာ ဆွေမျိုးများက ပွဲမှအသားများကို ဝေယူပြီး ပရိသတ်များအား ကျွေးမွေး ဧည့်ခံကြရသည်။ ထို့နောက် ပဆန်းဆရာ၏ အစီအစဉ်ဖြင့် သီးသန့်မီးဖိုငယ်၌ ကြက်ဉများကိုပြုတ်၍ ဝက်ကလေး တစ်ကောင်ကိုသတ်ကာ ချက်ပြုတ်ထားသော နွားနောက်၏ အသည်းနှလုံးသားများကိုပါ ယူဆောင်လျက် ရွာအနောက် သင်္ချိုင်းရှိကျောက်ဖျာခင်းရာ ကျောက်ပြင်ကုန်းသို့ သွားကြ ရသည်။ လမ်းတွင် ကလေးလူငယ်မှအစ ဖီဖွတ် ခေါ် ဝါးရိုးတံကလေးများကို တီး၍ သွားရောက်ကြကာ ကျောက်ဖျာ ပေါ်တွင် လှဟာ ခေါ် ခြောက်ထပ်သောချေစွယ် လည်ဆွဲ တန်ဆာနှင့် မိုး ခေါ် ကျောက်ပုတီး လည်ဆွဲတန်ဆာတို့ဖြင့် ဝိုင်း၍ အလယ်တွင် ဆန်ကွဲအနည်းငယ်ပုံသည်။ ပြီးလျှင် ပွဲရှင်၏ ဇနီးသည်အား ပဆန်းဆရာက ကြက်ပေါက်စငယ် လေးတစ်ကောင်ကို ကျွေးမွေးစေသည်။ ကြက်ကို ကျွေးမွေးပြီးနောက် ပဆန်းက ကြက်ဉစိမ်းတစ်လုံးဖြင့် ကျောက်ဖျာကိုရစ်ဝိုင်း၍ နာမည်ပေးရသည်။ ထိုမှ အိမ်ပြန် ရောက်သော် အိမ်ရှေ့တွင် ကျောက်ဖျာအသစ်ကို တင်ရသည်။ ကျောက်ဖျာသစ် တင်ခင်းပြီးသည်နှင့် တစ်ပြိုင်နက် ကျောက်ဖျာပတ်လည်တွင် လုံးယူးခေါ် ခေါင်များဝိုင်းရံပြီး လုံမဆွန် ခေါ် ကျောက်ဖျာတင် ထမင်းကို ကျွေးရသည်။ ထို့နောက် အကောင်းဆုံး ခေါင်အိုးကြီးထဲမှ ခေါင်ရည်ကို နွားနောက်ဦးချိုသစ်တွင် ထည့်၍ ဤပွဲမျိုးအကြိမ်ကြိမ် ပြုလုပ်ခဲ့ဘူးပြီး တေးကဗျာ အဆိုတော်သူ ဧည့်သည်တစ်ဦး အားပေး၍ ကျောက်ဖျာအမည်ကို မှည့်စေရသည်။ ဤသို့ ခေါင်သောက်ခြင်းကိုပင် လုံးယူးဟုခေါ်သည်။
လုံးယူး၏ ဆဌမမြောက်နေ့ကို ခေါ်တိ ဟုခေါ်၍ အဓိပ္ပာယ်မှာ နတ်ကိုပြန်လွှတ်ခြင်းဖြစ်သည်။
လုံးယူး၏သတ္တမနေ့ကို တာထားဟုခေါ်၍ ထိုနေ့တွင် ပွဲ၏နိဂုံးအဖြစ် စားသောက်၍ ပြီးဆုံးခြင်းသို့ ရောက်သည်။
အိမ်ရှေ့တွင် ကျောက်ဖျာတင်ခြင်းမှာ မိမိပြုလုပ်ခဲ့သော ပွဲများအတွက် အထိမ်းအမှတ်ဖြစ်သည့်အပြင် မိမိသေဆုံး သွားသောအခါ ဤကျောက်ဖျာပေါ်တွင် ရုပ်အလောင်းကို တင်၍ အသက်ရှင်စဉ် ဆောင်ရွက်ခဲ့သော လုပ်ငန်းများကို တေးသီချင်းများဖြင့် ဂုဏ်ပြုခြင်း၊ နောက်ဆုံးနှုတ်ဆက် ခြင်းများပြုလုပ်၍ မသာပွဲခံရန်ဖြစ်သည်။ အိမ်ရှေ့တွင် ကျောက်ဖျာတင်နိုင်ခြင်း မရှိသူများသည် သေဆုံးသောအခါ ကျောက်ဖျာပေါ်တွင် မသာပွဲခံနိုင်ကြမည် မဟုတ်ပေ။ လုံးယူးခေါ် ပွဲကြီးတွင်သာ အိမ်ရှေ့၌ ကျောက်ဖျာတင် နိုင်ခွင့်ရှိ၍ အခြားပွဲများတွင် ခင်ရိုး၌သာ ကျောက်ဖျာတင်ရ သည်။ ဤသို့သော လုံးယူးပွဲ အနည်းဆုံး သုံးကြိမ်ပြုလုပ်၍ အိမ်ရှေ့တွင် ကျောက်ဖျာသုံးကြိမ်ထက်မနည်း တင်ယူပြီးမှသာ မာန်အေ ခေါ် နတ်ပွဲတွင် ကျွေးမွေးသည့်အစားအစာများကို စားသောက်နိုင်ခွင့်ရှိသည်။ မာန်အေဆိုရာ၌ မာန်သည် မင်းဖြစ်၍ အေမှာ အစာဖြစ်သောကြောင့် မင်းများသာ စားရသော အစားအစာဖြစ်ပေသည်။