ကျောက်ရောဂါဖြင့်သေခြင်း၊ ကာလဝမ်းရောဂါဖြင့် သေခြင်း အစရှိသည့်ရောဂါဖြင့်သေဆုံးခြင်းများကို အနည်းဆုံးတစ် နှစ်မြေမြှုပ်ပြီးမှအရိုးကိုပြန်ဖော်၍မီးသင်္ဂြိုလ်လေ့ရှိ၏။ကလေးမွေးရင်း သွေးတက် သော အစိမ်းသေကိုအနည်းဆုံး ခုနစ်ရက်မြေမြှုပ်ပြီးမှ ပြန်ဖော်၍ မီးသင်္ဂြိုလ်ကြ၏။ အချို့ပိုးကရင်ရွာ များက ခုနစ်ရက်မစောင့်တော့ဘဲညမြှုပ်ပြီး နောက်နေ့ပြန်ဖော် မီးသင်္ဂြိုလ်သည်လည်းရှိသည်။
ဥပမာ ညအချိန်တွင် မီးဖွားရင်းသွေးတက်သောဆုံးသော မိန်းမကိုရွာတွင်ကြာကြာမထားဘဲဖျာနှင့်လိပ်၍ ညခြင်းပင်သင်္ချိုင်းသို့မီးခွက်ထွန်းကာ သွားရောက်မြှုပ်နှံကြ၏။ ထိုအလောင်းကို တစ်ညလုံးအိပ်စောင့်ကြ၏။နံနက်ပထမကြက်တွန်ချိန်တွင်တစ်ယောက်ကကြက်ဖကဲ့သို့လက်နှစ်ဘက်ကိုခတ်လျှက်“အောက်အီးအီးအွတ်”ဟူ၍ ပါးစပ်မှတွန် ရသည်။နံနက်မိုးမလင်းခင်ခုနစ်ကြိမ်တိုင်တိုင် ထိုကဲ့သို့ တွန် ပြပြီးနောက်“ထကြဟေ့၊ထကြ--- တို့လူမြှုပ် ထားတာ ခုနစ်ရက်ပြည့်သွားပြီ၊ ကြက်ဖခုနစ် မနက်၊ ခုနစ် ကြိမ်တွန် ပြီးပြီ၊ဒီနေ့မီးသင်္ဂြိုလ်ရအောင်”ဟူ၍ ခပ်ကျယ်ကျယ် ပြောရ၏။ ကျန်သူများကလည်း “ဟုတ် ကဲ့၊ကောင်းပါပြီ” ဟူ၍ ပြန်ပြောရ၏။ ဤသို့စတိသဘောဖြင့် တစ်ညမြှုပ်၍ နောက်နေ့အလောင်းကို ပြန်ဖော်ကာမီးသင်္ဂြိုလ်ကြသည်လည်းရှိ၏။ ရိုးရာဓလေ့ချင်းတူသော်လည်းတစ်ရွာနှင့်တစ်ရွာ လုပ် နည်းလုပ်ဟန်များ အနည်းငယ်သာ ကွာခြားမှုရှိသည်ကို တွေ့ရှိရ ပါသည်။
လူသေကို မီးသင်္ဂြိုလ်ခြင်းသည် အဓိကလုပ် ဆောင်ချက် တစ်ရပ်ဖြစ်၏။ သေဆုံးသူအား မီးသင်္ဂြိုလ်၍ မပြီးမချင်းသေသူ၏ဆွေမျိုးထဲမှလက်ထပ်ထိမ်းမြားခြင်းမပြုရပေ။ဆွေမျိုးသားချင်းထဲမှနောက် တစ်ဦး သေဆုံး၍ မီးသင်္ဂြိုလ်ပြီးသော်လည်း အရိုးကောက်ပွဲကို ပထမလူ မီးသင်္ဂြိုလ်မပြီး လျှင်ကျော် မလုပ် ရပေ။ ထို့ကြောင့် ပထမသေသူ၏ အရိုးကို ပြန်ဖော်မီးသင်္ဂြိုလ်ပြီးမှသာ နောက်လူအရိုး ကောက်ပွဲ ကျင်းပ ရရိုးထုံးစံရှိ၏။ပထမနှင့်ဒုတိယသေသူတို့၏အရိုးကောက်ပွဲကို တစ်ကြိမ်တည်းပေါင်း လုပ်ကြရသည်လည်း ရှိ၏။ ရပ်ရွာ တွင်လူသေသောအခါ အချက်ပေးတီးခတ်ရန် လူသေမောင်းကြီးတစ်လုံးသီးသန့်ရှိ၏။အချို့က အမင်္ဂလာမောင်း ဟု ခေါ်ဝေါ်သမုတ်ထားကြသည်။ထိုမောင်းသံကိုကြားရသောအခါ ရွာမိရွာဖများနှင့်အတူအပျိုလူပျိုများလူသေအိမ်သို့ သွားရောက်စုရုံးကြပြီး လိုအပ်သည်များကို မိသားစု စိတ်ဓာတ်အပြည့်အဝဖြင့်လုပ်ဆောင်ကြလေသည်။
လူသေကိုနေအိမ်တွင်အကြာဆုံး ခုနစ်ရက်အထိသာ ထားပြီး သင်္ချိုင်းသို့သွားရောက် မီးသင်္ဂြိုလ် လေ့ ရှိ၏။ လူသေ ၏ ရပ်ဝေးဆွေမျိုးများ စုံလင်ပြီဆိုလျှင် အိမ်တွင် အချိန်ဆွဲ၍ ထားလေ့မရှိပေ။သင်္ချိုင်းသို့ ထမ်းသွားရာတွင် ခြေကို သင်္ချိုင်းဘက်သို့ လှည့်ထားရသည်။ ခြေကို ရွာဘက်သို့လှည့်ထားလျှင် လူသေ၏ဝိညာဉ်သည် ရွာသို့ပြန်လာမည်ဟူ၍ ယုံကြည်ကြသည်။လူသေအခေါင်းထမ်းသွားရာ တွင် အချို့ကအခေါင်း၏ ခြေဘက်မှ ကြိုးရှည်တစ်ချောင်းချည်ထားကာ အသုဘပို့သူ အချို့က ကြိုးကိုကိုင်၍ သင်္ချိုင်းသို့ လမ်းပြဆွဲသွားရသည်လည်းရှိ၏။
သင်္ချိုင်းသို့ရောက်သော် ကြိုတင်ပင့်ဖိတ်ထားသော သံဃာတော်များ၏ ပရိတ်ရွတ်တရားတော် နာပြီး နောက် အလောင်းကိုမီးင်္ဂြိုလ်ရန် အသင့်ပြင်ထားသော ထင်းပုံပေါ်သို့ တင်လိုက်ရ၏။ သင်္ချိုင်းတွင် ရှိ သော သစ်ပင်၊ဝါးပင်များ ကို အသုဘအတွက် အနည်းငယ် အသုံးလို၍ ခုတ်ယူမည်ဆို လျှင်သင်္ချုင်း စောင့်နတ်ကိုတိုင်တည်ပြီးမှခုတ်ယူကြရသည်။ အသုဘပို့သူများ၊ မီးသင်္ဂြိုလ်သူများ ရွာသို့ပြန် သောအခါ တောကျီးကန်းအာသံကို ကြားရ၍လည်းကောင်း၊ ရွာထဲသို့ဝင်သော်ခွေးဟောင်၍လည်းကောင်းနိမိတ်မကောင်းဟုယူဆကြ၏။ ထို့သို့နိမိတ်မကောင်းခြင်းများ တွေ့ရှိရသော အခါ “ခတ်ကယ်”ဟုခေါ်သောခေါစာကျွေးတောထုတ်ခြင်းကို ပြုလုပ်ရ ၏။ရွာနှင့်သင်္ချိုင်းကြားသို့ယောကျ်ားတစ်စုသွား၍“ခတ်ကယ်” ရ၏။
ပြုလုပ်ပုံမှာနှီးပြားကြီးတစ်ခုကို ခွေလိုက်ပြီးဝါးခြမ်း ငယ်နှစ်ချောင်းစီအစုလိုက် ခုနစ်ဆင့်စိုက်ထား ရသည်။ ၎င်း အရှေ့တွင်တွင်းငယ်တစ်တွင်းတူးကာ ယူဆောင်လာသော ထမင်းထုပ်ငယ်ကို တွင်းထဲ အနည်းငယ်သပ်ချပြီး ထမင်း ထုပ် ငယ်ကိုတွင်းထဲသို့ ထည့်ထားလိုက်ရ၏။ထမင်းထုပ်ပေါ်တွင် မီးထွန်းထားသော ဖယောင်းတိုင်ကို တင်ထားရသည်။ ၎င်း အပေါ်သို့အရက် အနည်းငယ်လောင်း ထည့်၍ “အသင်သည် ငါတို့နှင့်မဆိုင်တော့ပါ၊ငါတို့ဆီ ပြန်မလာနဲ့တော့” စသည် ဖြင့် ရွတ်ဖတ်ပြောဆိုရ၏။ ဖယောင်းတိုင်မီးသေသွားသောအခါ ကျန်သူများအားလုံး ထမင်းထုပ်ကို အသင့်လုပ်ထားသော ဝါးချွန် များဖြင့် တစ်၊နှစ်၊သုံး ပြိုင်တူထိုးရ၏။ ခေါင်းဆောင်သူက “သေပြီလား” ဟုမေးရပြီး၊ ကျန်သူအားလုံး က“သေပြီ” ဟုပြန်ပြောရ၏။ ထို့နောက်အသင့်ယူလာသော ကြက်အဖိုအမနှစ်ကောင်ကို သင်္ချိုင်းသို့လွှတ်ကာ“မကောင်းတာအားလုံး ကြက်နောက်ကိုလိုက်သွားတော့”ဟူ၍ပြောရ၏။ ဤတွင် “ခတ်ကယ်”ခြင်း ပြီးဆုံးသွားသည်။
လူသေကို မီးသင်္ဂြိုလ်တော့မည်ဆိုလျှင် ထင်းပုံပေါ်တွင် တင်ထားပြီးခေါင်းကိုအနောက်အရပ်သို့ လှည့်ထား၍ ခြေကိုအရှေ့ဘက်သို့လှည့်ထားရသည်။လူနှစ်ယောက်က မီးညှိထားသော ဖယောင်းတိုင် တစ်တိုင်စီကိုင်၍ လူသေ၏ ဦးခေါင်းဘက်နှင့် ခြေရင်းဘက် တစ်ယောက်စီနေပြီး တစ်ဦးကမေးလာသမျှ တစ်ဦးကပြောင်းပြန်ဖြေကြရ၏။ ဥပမာ တစ်ဦးက မိုးကောင်းကင်ကို မေးလျှင် တစ်ဦးက မြေ ကြီးကိုပြရသည်။မြေကြီးကိုမေးလျှင်မိုးကောင်းကင်ကိုပြရသည်။အရှေ့အရပ်ကိုမေးလျှင် အနောက်အရပ်ကိုပြ၍ တောင်အရပ် ကို မေးလျှင်မြောက်အရပ်ကိုပြကာပြောင်းပြန်ဖြေရ၏။ ထို့နောက်အလောင်းကိုစတင်မီးသင်္ဂြိုလ်တော့၏။
မီးသင်္ဂြိုလ်ချိန်တွင် စောင့်ဆိုင်းရင်း အရက်များကို သောက်ကြ၏။သင်္ချိုင်းတွင် သောက်သုံးသော အရက်များမကုန်ပါကရွာသို့ ပြန်ယူလာရရိုးထုံးစံမရှိဘဲသင်္ချိုင်းမြေ၌ ပင်လောင်းပစ်ခဲ့ရသည်။ လူသေအလောင်းကိုထမ်းလာသော ထမ်းစင်မှဝါးများကို သင်္ချိုင်းမှာပင် ဖျက်ဆီးပစ်ရသည်။ လူသေအလောင်း မီးလောင်ကျွမ်းကုန်ဆုံးသော် အဆစ်နှစ်ခုပါသော ဝါးပိုးပိုင်းဖြင့် ကြို တင် ပြုလုပ်ထား သောဝါးကျည် ထောက်ရှည်နှစ်လုံးမှရေများဖြင့် မီးအားလုံး ငြိမ်းသွားအောင် လောင်းရသည်။ထို့သို့ လုပ် ဆောင်ရာတွင် သင်္ချိုင်းအေးအောင် ပြုလုပ်ခြင်းဖြစ်သည်ဟုဆိုကြသည်။ မီးအားလုံးသေသွားသော်မီးသွေးစများ၊ အရိုးအပိုင်း အစများ နှင့်ပြာများကို စုပုံလိုက်ပြီးမီးခိုး လုံးဝမထွက်တော့သည့် တိုင်အောင်ရေဖြင့် လောင်းရ၏။ အရိုးမီးသွေးပုံကြီးကို တစ်ထွာခန့်အရှည် ရှိ သည့်ဝါးခြမ်းငယ်ကလေးများဖြင့် ပတ်လည် ကြက်ခြေခတ် အနေအထားဖြင့် စိုက်၍ခတ်ထားရ၏။ အရှေ့အနောက်တောင်မြောက် လေးဘက်လေးတန်မှ အပေါက်ငယ်တစ်ပေါက်စီထားရ၏။သေသူ၏ ဝိညာဉ်ထွက် ပေါက်ဝင်ပေါက်ဟူ၍ ထားရှိခြင်း ဖြစ်သည်။
သင်္ချိုင်းမြေမှ မထွက်ခွာမီ မီးသင်္ဂြိုလ်သူများသည် လက်မအရွယ်မျှရှိသော သစ် ကိုင်းတစ်ချောင်းစီဖြင့် အရိုး မီးသွေးပုံကြီးကို သုံးပတ်ပတ်ပြီးသည်နှင့် တစ်၊ နှစ်၊ သုံး ပြိုင်တူသစ်ကိုင်းကိုထိုး စိုက်လိုက်ကြ ၏။သေသူ၏ဝိညာဉ်ကိုသတ်ထားခြင်းဖြစ်သည်။သင်္ချိုင်းအပြင်သို့ထွက်သွားချိန်တွင် သင်္ချိုင်းအဝင်အဝ၌ အဆစ်နှစ်ဖက်ပိတ်ဝါးလုံးတစ်ပိုင်းကို ပါးလွှာအောင်ဓားဖြင့်သပ်ထားပြီးချထားရာသင်္ချိုင်းမှထွက်ခွာလာသူတိုင်း အနည်း ငယ်စီခြေဖြင့် ခလုတ်တိုက်သွားရသည်။ နောက်ဆုံးသူကကွဲအောင်နင်းခြေ လိုက်ရသည်။ မိမိတို့နောက်သို့ လူသေ ၏ဝိညာဉ်လိုက်မလာနိုင်အောင် နင်းသတ်ထားခြင်းပင်ဖြစ်သည်။
မီးသင်္ဂြိုလ်ကြသူများသင်္ချိုင်းအပြင်သို့ရောက်ကြသော် ခေါင်းဆောင်ဖြစ်သူက တွင်းကလေးတစ်တွင်းကိုတူးကာ အသစ်ယူလာသော ထမင်းထုပ်ပေါ်တွင်တင်ထားရ၏။ခေါင်း ဆောင် ဖြစ်သူက တွင်းထဲရှိ ထမင်းထုပ်အပေါ်သို့ အရက်အနည်းငယ်လောင်းချ၍ လူသေ၏ဝိညာဉ်အား ပြန်မလာရန် မောင်းထုတ်ရွတ်ဖတ် ပြောဆိုပြီး ဖယောင်းတိုင် မီးငြိမ်းသော်ဝါးချွန်တစ်ချောင်းစီဖြင့် တွင်းထဲရှိ ထမင်း ထုပ်ကို တစ်၊နှစ်၊ သုံးပြိုင်တူထိုးကြရသည်။ခေါင်းဆောင်ဖြစ် သူက “သေပြီလား” သုံးကြိမ်မေး၍ ကျန်သူ များက “သေပြီ” ဟု သုံးကြိမ်ပြန် လည် ဖြေကြားရသည်။ ဤသို့လုပ်ဆောင် ခြင်းကို“ဆေသီဆေမန့်”ဟုခေါ်၏။ ဝိညာဉ်ကို သေအောင် ထိုးသတ်ထားခြင်းဟုအဓိပ္ပါယ်ရပါသည်။
သတိပြုရန်မှာ“ဆေသီဆေမန့်”သည်“ခတ်ကယ်”နှင့်မတူချေ။လူသေကိုမီးသင်္ဂြိုလ်ပြီးနောက်ထိုသူ ၏ ဝိညာဉ်ရွာသို့ ပြန်မသွားအောင် သတ်ထားခြင်းပင်ဖြစ်သည်။ “ခတ်ကယ်”မှာ ရွာသို့ပြန်ကြစဉ် နိမိတ်မကောင်းသောအရာ များမြင်ရ၊တွေ့ရ၊ကြားရမှသာလျှင်ခေါစာကျွေးတောထုတ်ခြင်းကိုလုပ်ဆောင်ရသည်။ နိမိတ်ကောင်းပြီဆိုပါက“ခတ်ကယ်” လုပ်ရန်မလိုပေ။သေသူအားမီးသင်္ဂြိုလ်ပြီး ခုနစ်ရက်လွန်မှသာလျှင် အရိုးအပိုင်းအစသုံးစနှင့်မီးသွေးတုံးကလေး သုံးတုံးကို သွားရောက်ကောက်ယူ၍ ပိတ်စအဖြူဖြင့် ထုပ်ကာပလိုင်းထဲထည့်ယူလာပြီးအရိုးကောက်ပွဲပြုလုပ်လေ့ရှိသည်။အရိုးကောက်ပွဲ၏ သင့် တော်သည့်အချိန်ကာလကို ရွေး၍လုပ်ဆောင်ကြ၏။ အများအားဖြင့်ခြောက်သွေ့သော လများဖြစ်သည့် ကဆုန်လနှင့်တပေါင်းလများတွင် ပြုလုပ်ကျင်းပလေ့ရှိကြသည်။