ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် တိုင်ရင်းသားလူမျိုးစု (၁၃၅) မျိုးအနက်ကယားမျိုးနွယ်စုမှာ(၉)မျိုးပါဝင်ပါသည်။၎င်းတို့မှာကယား၊ဇယိမ်း၊ကယမ်း (ပဒေါင်း)၊ ကဲ့ခို၊ ဂေဘား၊ ပရဲ(ကယော်)၊ မနုမနော၊ ယင်းတလဲ၊ ယင်းဘော် စသည်မျိုးနွယ်စုများဖြစ်သည်။ တိုင်းရင်းသားမျိုးနွယ်စုများသည် မိမိတို့၏ယုံကြည်ကိုးကွယ်မူ၊ ရိုးရာဓလေ့၊ စကားစာပေ၊ အနုပညာယဉ်ကျေးမှုများမှာ ကွဲပြားသည်။
ကယားတိုင်းရင်းသားများသည် ရိုးရာမိရိုးဖလာကေ့ထိုးဘိုးဘာသာ၊ ဗုဒ္ဓဘာသာနှင့် ကက်သလစ်ခရစ်ယာန်ဘာသာ၊ နှစ်ခြင်းခရစ်ယာန်ဘာသာကို ယုံကြည်ကိုးကွယ်ကြပါသည်။ ကယားတိုင်းရင်းသားတို့သည် တောင်စောင့်နတ်၊ ကမ္ဘာစောင့်နတ်အစရှိသော နတ်အမျိူးမျိုး ရှိသည်ဟု ယုံကြည်ကြသော်လည်း မကိုးကွယ်ကြပါ။ အိမ်တွင်နတ်ရုပ်ထုကြီးကိုးကွယ်ခြင်း လည်းမရှိပါ။ ရွာအပြင်တွင် နတ်ကိုပူဇော်ပသသည့် နေရာသတ်မှတ်ပြီး ပူဇော်ပွဲကို ပြုလုပ် ကြပါသည်။
ကယားတိုင်းရင်းသား၏ မိရိုးဖလာဓလေ့အရ အကြီးမားဆုံး ယုံကြည်ကိုးကွယ်မှုမှာ ကေ့ထိုးဘိုး (ခေါ်) တံခွန်တိုင်ဘာသာဖြစ်ပါသည်။ ကေ့ထိုးဘိုးဘာသာသည် လူသားနှင့် သက်ရှိသက်မဲ့ အရာခပ်သိမ်းတို့ကို ဖန်ဆင်းသည်ဟု ယုံကြည်ကြသည့် (ဖိသာလု)ခေါ် ဘုရားကို ပူဇော်ပသ၍ ကောင်းချီးမင်္ဂလာအဖြောဖြာကို ဆုမွန်ကောင်းတောင်းအမှုပြုခြင်းဖြစ်ပါသည်။
ကေ့ထိုးဘိုးဘာသာသည် ကေ့ထိုးဘိုး(ခေါ်) တံခွန်တိုင်စိုက်ထူပြီး လှူဒါန်းခြင်း၊ ပူဇော် ပသခြင်း၊ ဆုမွန်ကောင်းတောင်းခြင်းအမှုကို ကမ္ဘာဦးတည်စမှ လူသားအဆက်ဆက်တို့က အစဉ်အလာမပျက် ကျင့်ဆောင်လာခဲ့သော ကေ့ထိုးဘိုးဘာသာ အဓိကကျင့်ဝတ်များမှာ-
(၁) သေဆုံးသူများကို သတိရ၍ ဂါရဝပြုပြီး အကူအညီတောင်းခံခြင်း
(၂) ကေ့(ခေါ်) နယ်မြေရွာနတ်ကို ပူဇော်ပသ၍ ရပ်ရွာကောင်းရာကောင်းကြောင်းကို ဆုတောင်းခြင်း၊
(၃) ကေ့ထိုးဘိုး(ခေါ်) တံခွန်တိုင်ကို စိုက်ထူပူဇော်ပသ၍ ရာသီဥတုမှန်ကန်ရေး၊ တိုင်းပြည် အေးချမ်းသာယာရေး၊ ရောဂါဘယကင်းဝေးရေး၊ ဆန်ရေစပါးပေါများရေး၊ လူဦးရေတိုးပွားရေး အစရှိသည်တို့ကို ရည်စူးပြီး ဆုတောင်းခြင်းဖြစ်ပါသည်။
ကေ့ထိုးဘိုး(ခေါ်) တံခွန်တိုင်ကို စိုက်ထူ၍ ပူဇော်ပသခြင်းအမှုသည် နတ်များကို ပူဇော် ပသခြင်းမဟုတ်ပါ။ ကောင်းကင်ဘုံ၌စံမြန်သော ဖိသာလု(ခေါ်) ဘုရားသခင်ကိုပူဇော်ပသခြင်း ဖြစ်ပါသည်။ ကေ့ထိုးဘိုး(ခေါ်) တံခွန်တိုင်သည် (မို့ဒူဒီးဘို့) (ခေါ်)ကောင်းကင်နှင့် ကမ္ဘာကို ချက်ကြိုးဖြင့် ဆက်သွယ်ထားသည်။ ကောင်းကင် ၏ ချက်ကြိုး တိုင်ဖြစ်ပြီး ဖိသာလုစံမြန်းရာ သလူကွန်း(ခေါ်) ပိုးအိမ်တော်နှင့် တိုက်ရိုက်ဆက်သွယ်မှုရှိသည်ဟုဆို၍ တံခွန်တိုင်ကို စိုက်ထူပြီး လိုအပ်သောဆုကျေးဇူးအဖြာဖြာကို တောင်းလျှောက်လျှင် ဖိသာလုဘုရားသခင်က နားညောင်းတော်မူမည်ဟု ယုံကြည်ကြ၏။
ထိုကြောင့် ကယားတိုင်းရင်းသားတို့သည် ကေ့ထိုးဘိုး(ခေါ်) တံခွန်တိုင်ကိုစိုက်ထူ၍ ပူဇော်ပသခြင်းအမှုကို ဆောင်ရွက်ခြင်းသည် နတ်များကိုပူဇော်ပခြင်းမဟုတ်ဘဲ ဖိသာလု(ခေါ်) တစ်ဆူတည်းသော အရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူသောသခင်ကို ရှိခိုးပူဇော်ပသခြင်း ဖြစ်သည်။
ကယားပြည်နယ်တွင် ဗုဒ္ဓသာသနာတော် စတင်ထွန်းကားတောက်ပလာသော အချိန်ကား ပဉ္စမသင်္ဂါယနာတင်ဘဝရှင် မင်းတုန်းမင်းလက်ထက်ကဖြစ်ပါသည်။ ထိုစဉ်အခါက ဦးသီရိ အမည်ရှိသော ရှမ်းအမျိုးသားတစ်ဦးနှင့်အတူ ရှမ်းပညာရှိတို့သည် ကယားပြည်နယ်တွင် ဗုဒ္ဓသာသနာတော်ပြန်ပွားရေးကိစ္စကို ဘုရင်ထံလျှောက်ထားခဲ့ကြရာ မင်းတုန်းမင်းကြီးက ဖောင်တော်ဦးဟုထင်ရှားကျော်ကြားသော ဗုဒ္ဓရုပ်ပွားတာ်(၅)ဆူ၊ ရွှေပေအက္ခရာတင်ပိဋကတ် တော် (၃) ပုံကို လှူဒါန်းခဲ့သည်။ဤသို့ အလှူ တော်ကြီးများနှင့် မပြီးသေးဘဲ ရတနာပုံ နေပြည်တော်အတွင်း သီတင်းသုံးနေတော်မူသော ရှမ်းလူမျိုးကျမ်းတက် ရဟန်းတစ်ပါးကိုပါ ပစ္စည်း(၄)မျိူးဖြင့် ကယား ပြည် နယ်တွင် သာသနာပြုရန် စေလွှတ်တော်မူခဲ့သည်။
မင်းတုန်းမင်းလက်ထက်၌ လွိုင်ကော်မြို့တွင် စတင်ထွန်ကားလာသော ဗုဒ္ဓသာသနာ တော်သည် စောလဖော်မင်းကြီးလက်ထက်သို့ ရောက်လာသောအခါ တိုင်းရင်း သားအမြောက် အများ ဗုဒ္ဓဘာသာဝင်များ ဖြစ်လာကြသည်။ အရှေ့ကရင်နီကို အုပ်စိုးခဲ့သော စပ်လဝီ လက်ထက်သို့ ကျရောက်သောအခါ ဗုဒ္ဓသာသာတရား ထွန်းကားလာသည့်အလျောက် ဘုရား စေတီပုထိုး၊ ကျောင်းကန်များတိုးတက်များပြားလာခဲ့သည်။
ကယားတိုင်းရင်းသားများသည် ခရစ်ယာန်ဘာသာအယူဝါဒကို လွန်ခဲ့သော နှစ်ပေါင်း (၁၀၀)ကျော်ကစတင် လက်ခံယုံကြည်ကြပါသည်။ ခရစ်ယာန်ဘာသာဆိုရာ၌ ကတ်သလစ် ခရစ်ယာန်နှင့် နှစ်ခြင်းခရစ်ယာန်တို့ ပါဝင်ကြပါသည်။
ကယားပြည်နယ်တွင် ကသလစ်ခရစ်ယာန်ဘာသာ အယူဝါဒကို စတင်လာရောက် ဟောပြောသွန်သင်သူများမှာ အီတလီနိုင်ငံမှ ခရစ်ယာန်ဘာသာသာသနာပြု ဘုန်းကြီးများဖြစ် ကြပါသည်။ ထိုသာသနာပြုများသည် တောင်ငူတွင် ဌာနချုပ်ထားရှိပြီး ကရင်ပြည်နယ်မြောက်ပိုင်း ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်များတွင် ကတ်သလစ်ခရစ်ယာန် သာသနာတော် ထွန်းကား ပြန့်ပွားရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။
၁၈၇၂ခုနှစ်တွင် ကက်သလစ်သာသနာပြုဘုန်းတော်ကြီး FR. Rocco အမည်ရှိသော ရဟန်းတစ်ပါးသည် ခရစ်ယာန်သာသနာတော်အတွက် လမ်းစကိုရှာဖွေရန်ရည်စူးပြီး ကယားပြည်နယ်အတွင်းရှိ ဟိုယာ၊ ဒေါရောက်ခူ၊ မိုဆို၊ ဘောလခဲ၊ စောလုံဟော်ခမ်းအစရှိသော ကျေးရွာများသို့ကြွရောက်ခဲ့သည်။ ထိုရဟန်းသည် အတည်တကျသီတင်းသုံးနေထိုင်ခြင်းမရှိဘဲ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းဒေသရှိ ကျေးရွာများသို့ (၁၈) နှစ်တိုင် တစ်ရွာဝင် တစ်ရွာထက် လှည့်လည်ကြွရောက်ပြီး ခရစ်ယာန်အယူဝါဒကို ဟောကြားသွန်သင်ပေးခဲ့သည်။
ဘုန်းတော်ကြီး FR.Rocco နှင့်အတူ ခရစ်ယာန်သာသနာတော်ထွန်းကား ပြန့်ပွားရေး အတွက် ဟောပြောသွန်သင်သော ရဟန်းတစ်ပါးမှာ FR. Villa ဖြစ်ပါသည်။ ယင်းရဟန်းသည် မိုးဗြဲတောင်ဘက်ရှိ (၃) မိုင်အကွာ နန်းဖဲချောင်းနှင့် ဘီလူးချောင်းဆုံစည်းရာ ရှိလိုဒီအာခူ ကျေးရွာတွင် ကြွရောက်သီတင်းသုံးခဲ့ပြီး ထိုမှနေ၍ ကယားပြည်နယ်မြောက်ပိုင်းနှင့်ရှမ်းပြည်နယ် တောင်ပိုင်းအတွင်းရှိ ကျေးရွာများသို့ လှည့်လည်၍ ခရစ်ယာန်သာသနာကို ဟောပြောခဲ့ပါ သည်။
ကယားပြည်နယ်တွင် ခရစ်ယာန်သာသနာထွန်ကားရေးအတွက် ကြိုးပမ်းသည့် ရဟန်း တစ်ပါးမှာ FR. E. Saqrada ဖြစ်ပါသည်။ ယင်းရဟန်းသည် ၁၈၈၄ ခုနှစ်မှစ၍ ကရင်ပြည်နယ် မြောက်ပိုင်းနှင့် ကယားပြည်နယ်အနောက်ပိုင်းဒေသသို့ ကြွရောက်လာပြီး ခရစ်ယာန်ဘာသာ အယူဝါဒကို သွန်သင်ပေးခဲ့သည်။ ဤရဟန်းသည် တောင်ပေါ်ဒေသတွင် နှစ်ပေါင်း(၂၅)နှစ်တိုင် အမှုတော်ကို ထမ်းဆောင်ခဲ့ပါသည်။
အထက်ဖော်ပြပါ ခရစ်ယာန်သာသနာပြုများ၏ ဟောပြောသွန်သင်ပေးမှုကြောင့် ကယားတိုင်းရင်းသားအချို့ ခရစ်ယာန်ဘာသာဝင်များ ဖြစ်လာကြသည့်အတွက် ၁၈၈၉ခုနှစ်တွင် ဘုန်းတော်ကြီး FR.Antonio ဆိုသူသည် ကယားပြည်နယ် ဖရူဆိုမြို့မြောက်ဘက် (၆)မိုင် အကွာရှိ ဆိုလျားကူးရွာတွင်ကြွရောက် သီတင်းသုံးခဲ့ပါသည်။ ၁၉၀၆ခုနှစ်တွင် ဘုန်တော်ကြီး FR. Peano ဆိုသူသည် ဒေါရောက်ခူတွင်လည်းကောင်း၊ ၁၉၀၃ခုနှစ်တွင် ဘုန်းတော်ကြီး FR. Pakati က ဟိုယာတွင်လည်းကောင်း၊ ၁၉၁၆ခုနှစ်တွင် ဘုန်းတော်ကြီး FR.Borsano က မိုဆိုတွင်လည်းကောင်း၊ ၁၉၃၇ခုနှစ်တွင် ဘုန်းတော်ကြီးများ ဖြစ်ကြသော FR. Mora နှင့် FR. Luigi တို့က ကေကောသို့ အလှည့်ကျ ကြွရောက်သီတင်းသုံးခဲ့ပါသည်။
ထိုခရစ်ယာန်သာသနာပြု ရဟန်းတော်များ၏ သွန်သင်ဟောပြောနိုင်မှုကြောင့် ကယားတိုင်းရင်းသား အမြောက်အများ ခရစ်ယာန်ဘာသာဝင်များ ဖြစ်လာခြင်းဖြစ်ပါသည်။
နှစ်ခြင်းခရစ်ယာန်အသင်းတော်
ကယားပြည်နယ်တွင် နှစ်ခြင်းခရစ်ယာန်အသင်းတော်ကို လာရောက်ဟောပြော သွန်သင်သူများမှာ အမေရိကန်နှစ်ခြင်းခရစ်ယာန် သာသနာပြုဆရာကြီးများဖြစ်ကြသည်။
၁၈၈၄ ခုနှစ်တွင် နှစ်ခြင်းခရစ်ယာန်သာသနာပြုဆရာကြီး ဘန်ကာဆိုသူသည် ကယားပြည်နယ်သို့ ရောက်ရှိလာပြီး နှစ်ခြင်းခရစ်ယာန်အသင်းတော်ကို စတင်တည်ထောင် ခဲ့ပါသည်။ နှစ်ခြင်းခရစ်ယာန်အသင်းတော်ဌာနချုပ်ကို ဒီမော့ဆိုမြိုနယ်၊ ဒေါဆိစီရွာတွင် ဖွင့်လှစ်ထားပါသည်။ အသင်းတော်၏ လုပ်ငန်းများကို ဆရာကြီးဂျွန်ဆင်က ကြီးကြပ်ပေးခဲ့ သည်။
၁၈၈၉ခုနှစ်တွင် သွားလာမှုပိုမိုလွယ်ကူစေရေးအတွက် နှစ်ခြင်းခရစ်ယာန်အသင်းတော် ဌာနချုပ်ကို ဒေါဆိအီမှ လွိုက်ကော်မြို့တောင်ကွဲဘုရား တောင်ဘက်ကုန်းမြင့်ပေါ်သို့ ပြောင်းရွှေ့ ဖွင့်လစ်တည်ထောင်ထားပါသည်။ တောင်ကုန်းပေါ်တွင် အလယ်တန်းကျောင်းတစ်ကျောင်း ကိုလည်း ဖွင့်လှစ်ထားပါသည်။ ထိုကျောင်းသည် ဂျပန်ခေတ်တွင် မီးလောင်ပျက်စီးသွားပါ သည်။
ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားသည့်အခါ ထိုနေရာ၌ နှစ်ခြင်းခရစ်ယာန်အသင်းတော်ကို ပြန်လည်တည်ထောင်ရန် ရည်ရွယ်ထားပါသော်လည်း ၁၉၄၈- ၁၉၄၉ ခုနှစ်၊ ပြည်တွင်းစစ်ကြီး ဖြစ်ပွား၍ ပြန်လည်တည်ထောင်နိုင်ခြင်းမရှိပေ။ ၁၉၅၂ခုနှစ်တွင် နှစ်ခြင်းခရစ်ယာန် အသင်းတော်၏ ဌာနချုပ်ကို ဒီမော့ဆိုမြို့နယ်၊ လွိုင်နန်းဖတွင် ပြန်လည်တည်ထောင်ခဲ့ပါသည်။ ယခုအခါ နှစ်ခြင်းခရစ်ယာန်အသင်းတော်ဌာနချုပ် ဒီမော့ဆိုမြို့တွင် တည်ထောင်ထားပါသည်။