ကချင် ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

လော်ဝေါ်တိုင်းရင်းသားတို့၏ ဝတ်စားဆင်ယင်မှုများ
Image

ရှေးယခင်က ‌လော်‌ဝေါ်တိုင်းရင်းသားတို့သည် မွေးစကလေးကို အနားမကွတ်သော အဖြူရောင်အဝတ်ကို ဦးစွာဝတ်ဆင်ပေးကြသည်။ အနှီးထည်သဘောမျိုးဖြစ် သည်။ ကလေး ငယ်များသည် (၁)နှစ်မှ (၅)နှစ်အရွယ်အထိ ဘော်ဟန်ခေါ် ဒူးအထိရှည်သော အဖြူရောင် ခေါင်းစွပ်အင်္ကျီလက်ရှည်ဂျပ်ခုတ်ထည်ကို ဝတ်ဆင်ကြရသည်။ မိန်းကလေးများသည် အသက် ငါးနှစ်မှစ၍ ရိုးရာဝတ်စုံကို ဝတ်ဆင်ကြရပြီး ယောက်ျားလေးများသည် အသက်(၆)နှစ်တွင် ရိုးရာဝတ်စုံကို ဝတ်ဆင်ကြရသည်။ ရှေးယခင်က မိမိတို့၏ရိုးရာဝတ်စုံကို အမြဲဝတ်ဆင်ကြပြီး၊ အင်္ဂလိပ်ခေတ်မှစ၍ ရိုးရာဝတ်စုံကို အမြဲမဝတ်ဆင်တော့ပေ။ ရိုးရာပွဲတော်အခမ်းအနားများ၌သာ ဝတ်ဆင်ကြသည်။ ယခင်က ကလေးများအားလုံးကို နားဖောက်ပေးကြသည်။ နားဖောက် ထားမှသာ သေဆုံးလျှင် နတ်ပြည်သို့ရောက်သည်။ နားမဖောက်ပါက သေဆုံးလျှင် ငရဲပြည်သို့ ရောက်သည်ဟု ယုံကြည်ကြသည်။ မွေးပြီးပြီးချင်း သေဆုံးသောကလေးငယ်များကိုလည်း  နားဖောက်ပြီးမှသာ မြှုပ်နှံလေ့ရှိကြသည်။


ယခုအသက် (၆၀)ခန့်အဘိုးအို၊အဘွားအိုများသည် နားပေါက်များ ဖောက်ထားသည်ကို တွေ့ရသည်။ အဘွားအိုများတွင် အနည်းဆုံး(၃)ပေါက်ခန့်ရှိသည်။ အများဆုံး(၅)ပေါက် (၆)ပေါက်ခန့်ရှိသည်ကို တွေ့ရသည်။ နားပေါက်များများရှိလျှင် နားကိုပို၍ အလှဆင်နိုင်သဖြင့် နားပေါက်များများဖေါက်ရန် သဘောကျကြသည်။


      အသက်(၃)နှစ်မှ (၅)နှစ်ကြား  မိန်းကလေးများအား ဗန်ဗျော်(Ban Byaw:)ခေါ် ပန်းပွား များနှင့် ငွေဆွဲပြားလေးများကို ဦးစွာဆင်မြန်းပေးကြသည်။ အရွယ်ရောက်လာသော မိန်းကလေး များသည် ငွေဆွဲပြားနှင့်ငွေနားတောင်းကို ဆင်မြန်းကြသည်။ အိမ်ထောင်ရှင် အမျိုးသမီးများက ငွေပြွန်နားတောင်း၊ ငွေဆွဲပြား၊ ကြေးခွေနှင့် ပန်းအမျိုးမျိုးတို့ကို ဆင်မြန်းကြသည်။


       နားတောင်း၊ နားဆွဲ၊ နားကွင်းတို့ကို  အမျိုးမျိုးဝတ်ဆင်ကြပါသည်။ အင်္ကျီကို တစ်ပြားစေ့၊ ငါးပြားစေ့၊ မူးစေ့၊ မတ်စေ့များဖြင့် အလှဆင်ခြင်း ငွေမောင်းများ၊ ငွေခြူများဖြင့် အလှဆင်ခြင်း တို့ကိုတွေ့ရသည်။ အင်္ဂလိပ်ခေတ်သုံးကျပ်ပြားဝိုင်းများ၊ ကြွေစေ့များ၊ဘော်ကြယ်များလည်း တပ်ဆင်ကြသည်။ လည်ပင်းတွင် ဘယက်ပုံစံအပြားလိုက် ငွေထည်များကိုဝတ်ဆင်ကြပြီး  ငွေကွင်းပြားကို ထပ်မံစွပ်ကြသည်။ သန္တာပုတီးစေ့များကို သီကုံး၍ဆွဲကြသည်။ လက်ကောက်အပြားများကို ဝတ်ဆင်ကြသည်။ လက်ဝတ်တန်ဆာအဖြစ် ဝတ်ဆင်ကြသော ပစ္စည်းများကို များသောအားဖြင့် ငွေ၊ သံ၊ ကြေး၊ သွပ်၊ ဒန်၊ ခရုခွံ၊ ကမာခွံ၊ ဆင်စွယ် တို့ဖြင့်ပြုလုပ်ကြသည်။ ငွေနားကွင်း၊ ငွေနားဆွဲ၊ ငွေနားတောင်း၊ ကြေးလက်ကောက်၊ ငွေလက်ကောက်၊ သံလက်ကောက် များကို အမြတ်တနိုးဆင်ယင်ကြသည်။ 


ရှေးယခင်ကလော်ဝေါ်အမျိုးသမီးအပျိုများသည် ဆံပင်ကိုဂုတ်တွင်ညီအောင်ညှပ်ထားပြီး အရှေ့တွင် ဆာမူရိုင်းပုံစံထားကြသည်။ ဆံပင်ညှပ်နည်းမျာ- ဆံပင်ကို ရေစွတ်၍ သစ်သား တုံးငယ်ဖြင့် ခပ်ဖြည်းဖြည်းရိုက်ချခြင်းဖြစ်သည်။ အိမ်ထောင်ကျပြီးသူများက ဆံပင်ကို အရှည် ထားပြီး ဆံထုံးထုံးခြင်း၊ ခေါင်းပေါင်းခြင်းတို့ကို ပြုလုပ်ကြသည်။ မျက်နှာကို ထူးထူးခြားခြား အလှပြင်ခြင်းမျိုးကို  မတွေ့ရပေ။ အမျိုးသားများသည် ဆံပင်ကို အရှည်ထားပြီး ရောင်ထုံး ထုံးကာ ခေါင်းပေါင်းထားလေ့ရှိသည်။ လော်ဝေါ်တိုင်းရင်းသားအမျိုးသားများသည် ခေါင်းပေါင်းကို ဘယ်ဘက်တွင်ချသည်။ ညာဘက်လက်မှ ဓါးကိုကိုင်၍ ခုတ်လျှင် ခေါင်းပေါင်းစပါသွားမည်စိုး၍ဘယ်ဘက်တွင်ထားခြင်းဖြစ်သည်။


လော်ဝေါ်တိုင်းရင်းသားတို့၏ ရိုးရာဝတ်စုံမှာ အဆင့်(၅)ဆင့်ခန့်အထိ ပြောင်းလဲလာ  သည်ကို‌တွေ့ရှိရပါသည်။ ထို့သို့ ပြောင်းလဲလာရခြင်းမှာ အရောင်အသွေးများ ထပ်မံပြုလုပ်နိုင် လာခြင်း၊အလှအပပိုမိုဆင်လာခြင်း၊ တီထွင်တတ်လာခြင်းတို့ကြောင့် ဖြစ်ပေသည်။


လော်ဝေါ်တိုင်းရင်းသားတို့ ပထမဆုံးဝတ်ဆင်သောရိုးရာဝတ်စုံမှာ အမျိုးသားများသည် ခေါင်းပေါင်းအဖြူပေါင်း၍ အင်္ကျီအဖြူ လက်စက(သို့မဟုတ်) လက်ရှည်ကို အနားများတွင် အနက်ရောင်ပိတ်စဖြင့်ကွပ်ထားပြီး ကော်လံမပါသောအင်္ကျီကို ဝတ်ဆင်သည်။ နံပြတ် လုံချည် အဖြူရောင်ကို ခါးပတ်အဖြူရောင်ဖြင့်ပတ်၍ ဝတ်ဆင်သည်။ အပေါ်ဖက်တွင် အနီရောင် အောက်ဖက်တွင် အနက်ရောင်ပိတ်စတို့ဖြင့်ကွပ်ထားသော အဖြူရောင်ခြေစွပ်ကို စွပ်ကြသည်။ တောအုန်းပင်အမျှင်ဖြင့် ရက်လုပ်ထားသော လပျော်အာ(Labyao ah)ခေါ် လွယ်အိတ်၊ ငါးလွယ်တို့ကို သစ်သားကိုထွင်း၍ ကြိမ်ဖြင့်ကွပ်ထားပြီး ကျားစွယ်တပ်ဆင်ထားသော အဆောင်အယောင်အဖြစ် လွယ်ကြသည်။


အမျိုးသမီးများသည် ခေါင်းပေါင်းအဖြူကို ပေါင်းပြီး အဖြူရောင်အင်္ကျီ လက်စက (သို့မဟုတ်)လက်ရှည်ကို ဝတ်ဆင်ကြသည်။ ပိတ်၏တစ်ဖက်စွန်း၌ အနီရောင်ပန်းဖော်ထားသော ထမီကိုချည်ဖြင့် ရက်ထားသည့်ခရန်ထန်းခေါ်ခါးပတ်ဖြင့်ပတ်၍ ဝတ်ဆင်သည်။ အဖြူရောင်ခြေစွပ်ကိုစွပ်၍ လျှော်ဖြင့်ရက်လုပ်ထားသော လွယ်အိတ်အဖြူ၊ ကြိမ်ဝါးတို့ဖြင့် ရက်လုပ် ထားသော ရှည်ပြဲ (shae pye) ခေါ် လွယ်ခြင်းတို့ကို လွယ်ကြသည်။



 ဒုတိယအဆင့်အနေဖြင့် အမျိုးသားများသည် အနက်ရောင်ခေါင်းပေါင်းကို ပေါင်းပြီး ရောင်စုံ အကွက်စင်းကြားအင်္ကျီကို ဝတ်ဆင်ကြသည်။ အဖြူရောင်နှင့်အမဲကွက်ကြားလုံချည်ကို အဖြူ၊ အနီ၊ အနက်ရောပြီး ရက်လုပ်ထားသည့် ခါးပတ်ဖြင့်ပတ်၍ ဝတ်ဆင်ကြသည်။ အဖြူရောင် ခြေစွပ်ကိုစွပ်ပြီး ထောင်ရှိ(thaung shid) ခေါ် ချည်အဖြူနှင့် အနက်ရောရက်ထားသော လွယ်အိတ်၊ သစ်သားကို ထွင်းထားပြီး အရောင်ခြယ်ထားသော ပျော်ဖြူ (byao phyu)ခေါ် ဓါးအိမ်၊ ဝါးကြိမ်တို့ဖြင့် ရက်လုပ်ထားသော လွယ်ခြင်းတို့ကိုလွယ်ကြသည်။


အမျိုးသမီးများသည် ရောင်စုံပန်းပွား တပ်ဆင်ထားသော အနက်ရောင်ခေါင်းပေါင်းကို ပေါင်းပြီး အနက်ရောင်လက်စကအင်္ကျီကို ကြွေကြယ်သီးအဖြူတပ်၍ ဝတ်ဆင်ကြသည်။ အဖြူ ရောင်ပေါ်တွင် အနက်ကွက်ထားသော  ကန်ဖြူ ခေါ် ထမိန်ကို အဖြူ၊အနီ ၊အနက်ရောင်တို့ဖြင့် ရောရက်ထားသော ခါးပတ်ဖြင့်ပတ်၍ ညာဘက်တွင် ခါးပတ်စကို တစ်ပေခန့်ချထားသည်။ အဖြူရောင် ခြေစွပ်ကိုစွပ်၍ ချည်ဖြင့် ကြယ်ပုံစံရက်ထားသော အိတ်တွင် အနီရောင်ပန်းများ တပ်ထားပြီး ကြိုး၌ကြွေစေ့တပ်ထားသော စရံအာ(Sa’Ran: Ah;) ခေါ် လွယ်အိတ်၊ ပြဲစား  (Pye” Zah”)ခေါ် လွယ်ခြင်းတို့ကို လွယ်ကြသည်။


တတိယအဆင့်တွင် အမျိုးသားများသည် အနီနှင့်အနက်ရောင်ကို အလျားလိုက်ဖြစ် အောင်စပ်၍ ရက်ထားသော ခေါင်းပေါင်းကိုပေါင်းကာ အဖြူရောင်လက်ရှည်ပေါ်တွင် ကရော (kayhoe)ခေါ် အနက်ရောင်အင်္ကျီကိုထပ်၍ ဝတ်ဆင်ကြသည်။ ခေါင်းပေါင်းစကို လက်ဝဲ ဘက်တွင်ထား၍ ပေါင်းကြသည်။ အနက်ရောင်ပေါ်တွင် အပြာရောင်သုံးလိုင်းစင်း၍ ရက်ထားသော မိုင်နေထောင် (main na’ thang)ခေါ် လုံချည်ကို ရောင်စုံပန်းဖေါ်ထားသော လက်ရက်ခါးပတ်ဖြင့် ပတ်၍ ဝတ်ဆင်ကြသည်။ အဖြူရောင်ခြေစွပ်ကစွပ်ပြီး အနက်ရောင်ပေါ် တွင် အနီ၊ အဖြူ၊ အစိမ်း၊ အဝါရောင်များ စင်း၍ ရက်လုပ်ထားသော အာတုံး ခေါ် လွယ်အိတ်၊ သစ်သားကို ထွင်းထားပြီး အနီရောင်ဆေးဆိုးကာ ကျားစွယ်တပ်ထားသော ဓါးအိမ်၊ ဓါးလွယ်ခြင်းတို့ကို လွယ်ကြသည်။


အမျိုးသမီးများသည် အနက်ရောင်ပိတ်စ တစ်ကိုက်ကျော်၏ အနားနှစ်ဖက်စွန်း၌ အနီ၊ အဝါ၊ အစိမ်းရောင်ပန်းများ တပ်ဆင်ထားသော ခေါင်းပေါင်းကို ပေါင်းကြသည်။ အနက်ရောင် အင်္ကျီလက်ရှည်၏ တံတောင်ဆစ်နှင့်လက်ကောက်ဝတ်တွင် နှစ်လက်မခန့် အနီရောင်ပိတ်စ ကပ်ချုပ်ထားပြီး ထိုအနီစကို အဝါရောင်နှစ်ဆင့်ဖြင့် အနားကွပ်ထားသော အင်္ကျီကိုဝတ်ဆင် ကြသည်။ အနက်ရောင်အပေါ်၌ ချည်အစိမ်းဖြင့် နှစ်လက်မခန့် တစ်ကြောင်းစင်းရှိပြီး နံပြတ် အနားပေါ်တွင်  ပန်းဖေါ်ထားသောထမီအား တစ်ကိုက်ခန့်ရှိသော   ပိတ်ပြားစကို ခါးပတ်စ အဖြစ်ပတ်၍ ဝတ်ဆင်ကာရှေ့တွင်ထုံးပြီး တစ်ပေခန့် အမိတ်ချထားသည်။ အနီရောင်ဖြင့်  အနားကွပ်ထားသော အဖြူရောင်ခြေစွပ်ကို စွပ်ကြသည်။ ချည်အနက်ပေါ်တွင်အကွက် ဖေါ်ရက်ထားပြီး လွယ်ကြိုးပေါ်တွင် ကြွေသီးများတပ်ဆင်ထားသည့် လွယ်အိတ်ကို လွယ်ကြ  သည်။


စတုတ္ထအဆင့်တွင် အမျိုးသားများသည် အနီနှင့်အနက်ရောင်တို့ကို ရောရက်ထားသော ထပ်တုံး(Thab’ Tung) ခေါ် ခေါင်းပေါင်းကိုပေါင်း၍ ရှပ်အင်္ကျီအဖြူရောင်ပေါ်တွင် တိုက်ပုံ အင်္ကျီကိုထပ်၍ ဝတ်ဆင်ကြသည်။ အနက်ရောင်တွင် အစိမ်းရောင် အစိမ်းသုံးကြောင်းဖြင့် ရက်လုပ်ထားသော တန်ပိုင်(Tang Pai) ခေါ် လုံချည်ကို အနက်ရောင်ပေါ် ကြယ်ပုံစံ နှစ်ထပ်ရက်ထားပြီး ကြေးနှင့်ဒန်ခေါင်း တပ်ဆင်ထားသော ခါးပတ်ဖြင့်ပတ်၍ ဝတ်ဆင်ကြ သည်။ အဖြူရောင် ခြေစွပ်ကိုစွပ်ပြီး ၊ ရောင်စုံပန်းများဖြင့် အောက်ခြေတွင်ချုပ်ကပ်ထားသော လွယ်အိတ်၊ သစ်သားကို ထွင်းထားပြီး  အနီရောင်ဆိုးထားသော လဘန်ဗျော်(La’Bam: Byao) ခေါ်ကျားစွယ်တပ်ထားသော ဓါးလွယ်တို့ကို လွယ်ကြသည်။


အမျိုးသမီးများသည်  အရှည်(၇)ပေခန့်ရှိသော အနက်ရောင်ပိတ်၏ အနားစွန်းတွင်ပန်းပွား များတပ်ဆင်ထားသော ခေါင်းပေါင်းကို ပေါင်းကြသည်။ ကတ္တီပါပိတ်နက်ပေါ်တွင်ကျောဘက်၌ ငွေမောင်းနှစ်လိုင်း၊ငွေဆွဲပြားနှစ်လိုင်း၊အရှေ့ဘက်တွင် ငွေကျပ်စေ့နှစ်လိုင်း၊ ကြယ်သီးအဖြစ်ကျပ်စေ့တစ်ဆယ့်သုံးစေ့၊ လက်မောင်းတွင် တစ်ဆင့်၊ လက်ကောက်ဝတ်တွင် တစ်ဆင့် နှစ်လက်မခန့်ရှိ ပိတ်နီစကို ချုပ်ကပ်ထားပြီး လက်မောင်းတွင် လောင်ဇွမ်(Laung Zein)ခေါ် သစ်ခွမျှင်အဝါဖြင့် ပန်းထိုးထားသောအင်္ကျီကို ဝတ်ဆင်ကြသည်။ အနက်ရောင်ပေါ်တွင်(၅)လက်မခြားစီ၌လက်မဝက်ခန့်အစိမ်းရောင်လိုင်းစင်းများပါပြီး အနားနှစ်ဘက်စွန်းတွင် အနီရောင်မှန်ကူ ကွက်ကို အဝါရောင်ဖြင့် အကွက်ဖော်ကာ ခြေရင်းအနား၌ (၂)လက်မခန့် အဝါရောင် အကွက်များ ပန်း‌‌ဖော်ထားသောရင်ကွဲထမီကို  အဖြူရောင်တွင် အနီရောင်ကြယ်ပုံ၊ အဝါရောင် ကြယ်ပုံတို့ဖြင့် ပုံဖော်ရက်လုပ်ထားသော ခေါင်းပါသည့်ခါးပတ်ဖြင့်ပတ်ပြီး ဝတ်ဆင် ကြသည်။ ကြိမ်ကို(၃)ပင်လိန်ဖြင့် ရက်လုပ်ထားသောလွယ်ခြင်း၊ ရောင်စုံချည်များဖြင့် ရက်လုပ် ထားပြီး ရောင်စုံပန်းများတပ်ဆင်ကာ ကြိုးတွင်ကြွေအပြည့်စီထားသော လွယ်အိတ်တို့ကို လွယ်ကြသည်။  အဖြူရောင် ခြေစွပ်ကို စွပ်ကြသည်။ 


ပဥ္စမအဆင့်သည် ယခုမျက်မှောက်ခေတ်တွင် ဝတ်ဆင်နေသော ဝတ်စုံဖြစ်သည်။ အမျိုး သားများသည် အနက်ရောင်ပေါ်တွင် အဝါရောင်နှင့်  နနွင်းရောင်လေးထောင့်ကွက်ကျား  ရက်လုပ်ထားသော(၆)ပေအရှည်ရှိသည့် ခေါင်းပေါင်းကို ပေါင်းကြသည်။ ကော်လံမပါသော ရှပ်အင်္ကျီအဖြူပေါ်တွင် တိုက်ပုံအင်္ကျီအဖြူနှင့်အနက်ကို ထပ်၍ ဝတ်ဆင်ကြသည်။ အနက် ရောင်ပေါ်တွင် အစိမ်း(၃)လိုင်း စင်းထားသော ဆမ်ခရော်မိုင်(Sam Khyo: Mai) ခေါ် လုံချည်နှင့် အနက်အပေါ် အပြာရောင်းလိုင်းစင်းနှစ်ခုကို (၂)လက်မခြား၍ လုံချည်အလယ်တွင်စင်း ထားသော ရစ်ဖောင်မိုင်(Qid Phaung Mai) ခေါ် ကျားဝတ်လုံချည်ကို အဆင့်(၃)နှင့်(၄) တွင်ပတ်ကြသော ခါးပတ်ဖြင့်ပတ်၍ ဝတ်ဆင်ကြသည်။ အောက်ခံအနက်ပေါ်တွင် အဝါ၊ အနီ၊ အစိမ်း၊ ပန်းရောင်တို့ဖြင့်အကွက်ဖော်ထားသော လွယ်အိတ်၊ လဘန်ပျော်ဓါးလွယ်တွင် (၃)ပင်လိန် ကြိုးဖြင့် ကျစ်ထားပြီး ၊ ဓားရိုးတွင် ဆတ်ချို၊ ဆင်စွယ်ဖြင့် ကွပ်ထားသော ဓါးလွယ်တို့ကို လွယ်ကြသည်။ အဖြူရောင်ခြေစွပ်ကို စွပ်ကြသည်။


အမျိုးသမီးများတွင် အသက်ကြီးပိုင်းများသည် စတုတ္ထအဆင့် ခေါင်းပေါင်းများကို ပေါင်းနေဆဲဖြစ်သည်။ မိန်းကလေးငယ်များတွင်လည်း အချို့မှာရှေးကပုံစံအတိုင်း ခေါင်းပေါင်း  ကြသည်။ မြစ်ကြီးနားမြို့နှင့် ဝိုင်းမောမြို့တစ်ဝိုက်ရှိ လော်ဝေါ်တိုင်းရင်းသားမိန်းမပျိုများမှာ ခေါင်းပေါင်းကို ဆန်းသစ်တီထွင်လာကြသည်။ အရှေ့ဖက်တွင် ငွေမျှင်ကိုးလိုင်းဖြင့် ချယ်ဒေါ် ‌(မနောတိုင်) အကွက်ကိုလည်းကောင်း၊ အနောက်ဘက်တွင် ကြွေကြယ်သီးများတပ်ဆင်၍ လည်းကောင်း၊ အလှဆင်ထားသော အဝါရောင်ခေါင်းစွပ်ကို စွပ်ကြသည်။ ငွေမျှင်(၉)လိုင်းမှာ လော်ဝေါ်မျိုးနွယ်ဖြစ်ပေါ်စေသည့် ညီအစ်ကို(၉)ဦးကို ကိုယ်စားပြုပေသည်။  အင်္ကျီနှင့်ထမီမှာ စတုတ္ထအဆင့်ကအတိုင်းဖြစ်သည်။ လူငယ်ပိုင်းတွင် ရင်ကွဲထမီအစား ကွင်းဆက်ထမီကို ဝတ် ဆင်ကြသည်။ အလျားခြောက်ပေ အနံတစ်ပေခန့်ရှိသည့် ပိတ်စအပြာကို  ခါးပတ်အဖြစ် ပတ်ကြသည်။ ထောင်ရှစ်၊စရံအား ၊ ထောင်စွန်း စ‌သောလွယ်အိတ်များထဲမှ နှစ်သက်ရာကို လွယ်ကြသည်။ ရှည်ပြဲခေါ် လွယ်ခြင်းငယ်ကို လှပအောင် တန်ဆာဆင်၍ လွယ်ကြသည်။ ခြေစွပ်အဖြူရောင်ကို စွပ်ကြသည်။


လော်ဝေါ်ရိုးရာဝတ်စုံ အပြည့်တစ်စုံ၏ တန်ဘိုးမှာ(၁၉၉၆)ခုနှစ်တွင် ကျပ်(၃၀၀၀)မှ ကျပ်(၁၀၀၀၀)အထိရှိသည်။ ဗမာတိုင်းရင်းသားများ မင်္ဂလာဆောင်လျှင် ဗမာတိုင်းရင်းသား ဝတ်ဆင်သကဲ့သို့ လော်ဝေါ်တိုင်းရင်းသားများသည်လည်း မင်္ဂလာဆောင်လျှင် မိမိတို့၏ရိုးရာ ဝတ်စုံများကို ဦးစားပေးဝတ်ဆင်ကြသည်။


ယခုအခါတွင် စန်းကားကျေးရွာရှိ လော်ဝေါ်အမျိုးသားများသည် ဗမာတိုင်းရင်းသား များကဲ့သို့ ရှပ်အင်္ကျီနှင့် ချည်ထည်ပုဆိုးကို ဝတ်ဆင်ကြပြီး အမျိုးသမီးများမှာလည်း ရင်စေ့ အင်္ကျီ၊ လုံချည်များကို ဝတ်ဆင်နေကြပြီဖြစ်သည်။ အသက်(၆၀)ကျော်အဘွားအိုများသည် ခေါင်းကို အဝတ်ဖြင့်အမြဲပေါင်းထားလေ့ရှိသည်။ ရှေးယခင်က ရိုးရာဝတ်စုံကို အမြဲဝတ်ဆင် လာခဲ့သော အဘွားများအား ယခုအခါတွင် မိမိတို့၏ မြေးများအား ရိုးရာဝတ်ကို အမြဲဝတ် စေချင်သေးလားဟုမေးရာ အဘွားများက ခေတ်အလိုက်ပြောင်းလဲသွားပြီဖြစ်၍ မိမိတို့က ဝတ်စေချင်သော်လည်း ခေတ်အခြေအနေအရ နေထိုင်ဝတ်ဆင်ရပြီး ရိုးရာပွဲတော်များတွင်သာ အမြတ်တနိုး ဝတ်ဆင်သည်ကို သဘောကျကြောင်း ပြောဆိုပါသည်။


ရိုးရာဝတ်စုံများ၊ အဆင်တန်ဆာများ၊ ဝတ်ဆင်ရခြင်းမှာ အခြားတဖက်ရန်သူများနှင့် မိမိတို့အကြား ခွဲခြားသိရှိနိုင်ရေးအတွက်လည်းကောင်း၊ အလှအပအတွက်လည်းကောင်း၊ ရာသီဥတုဒဏ်ခံနိုင်ရန်အတွက်လည်းကောင်း၊ ဝတ်ဆင်ရာမှတစ်ဆင့် မျိုးနွယ်ရိုးရာဝတ်စုံဟူ၍ ဖြစ်ပေါ်လာဟန်ရှိပါသည်။