လော်ဝေါ်တိုင်းရင်းသားတို့တွင် ရာသီအလိုက်ကျင်းပသော ပွဲတော်များရှိသည်။ ထိုပွဲ များသည် တောင်ယာလုပ်ငန်းကို အခြေခံ၍လည်းကောင်း၊ မျိုးနွယ်စု၏ ရိုးရာလူမှုရေးဓလေ့အပေါ်တွင် အခြေခံ၍လည်းကောင်း ကျင်းပကြပါသည်။ ရိုးရာပွဲတော်များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။
မီးဘော်ဘော်ပွဲ(Myi: Bao: Bao:poe)
၎င်းပွဲတော်ကို နှစ်စဉ်ဇန်နဝါရီလနှင့် ဖေဖေါ်ဝါရီလများတွင် ကျင်းပကြပါသည်။ ရွာထိပ်ရှိ နတ်စင်တွင် တစ်ရွာလုံးစုပေါင်း၍ စားသောက်ကြကာ တစ်နှစ်တာအတွက် တောင်ယာလုပ်ကိုင်မည့် နေရာကို နတ်ဟောဗေဒင်ဖြင့် အတည်ပြုချက် ယူကြခြင်းဖြစ်သည်။ ပွဲကို တစ်ရက်ကြာ ကျင်းပကြသည်။
လော်ကော့ဖတ်( Lao: Ko’ Phag’)
၎င်းပွဲတော်မှာ စုပေါင်းငါးဖမ်းပွဲတော်ဖြစ်သည်။ နှစ်စဉ် မတ်၊ ဧပြီ၊ မေလများတွင် တစ်ရက်ကြာ ကျင်းပကြသည်။
ယော်မျှော်ပွဲ (Yo Myo) _ဂေါက်တွိုင်ပွဲ (Gaug Taui) _ယော်မျှော့ပွဲ (Yo Myo)
ယော်မျှော်ဆိုသည်မှာ တောင်ယာခုတ်ခြင်း၊ ဂေါက်တွိုင်ဆိုသည်မှာ စူးထိုးစပါးစိုက်ခြင်း၊ ယော်မျှော့ဆိုသည်မှာ ပေါင်းသင်၊ ပေါင်းနုတ်၊ ပေါင်းရှင်းခြင်းကိုဆိုလိုသည်။ ထိုအလုပ်များကို မတ်လ၊ ဧပြီလ၊ သြဂုတ်လ၊စက်တင်ဘာလများတွင် ရာသီအလိုက်ပြုလုပ်ကြသည်။ ထို့သို့ပြုလုပ်ရာတွင် မိသားစုအလိုက် ဆွေမျိုး၊ မိတ်ဆွေများ ကို ဖိတ်ခေါ်ပြီး လက်စားလိုက် စနစ်ဖြင့် စုပေါင်းပြုလုပ်ခြင်းဖြစ်သည်။ လာရောက်ကူညီသူများကို အိမ်ရှင်မှထမင်း၊ဟင်း၊ခေါင်ရည်၊ဆေးလိပ်တို့ဖြင့် ဧည့်ခံရသည်။ တစ်ရက်ကြာစီ ကျင်းပကြသည်။
ဂျော်ဇိုင်ဒေါ်ပွဲ(Jo Zai Do Poe)
မိမိတို့၏တောင်ယာစိုက်ခင်းများတွင်သားရဲတိရစ္ဆာန်များဝင်ရောက်ဖျက်ဆီးမှုများမရှိစေရန်အတွက် နတ်ကိုပူဇော်ပသသည့်ပွဲဖြစ်သည်။ အများအားဖြင့် ဩဂုတ် လတွင်ကျင်းပကြသည်။ နတ်ဆရာက ဦးဆောင်ကျင်းပ ပေးရသည်။ တစ်ရက်ကြာ ကျင်းပသည်။
လောထောင်ပွဲ(Lho’ Thoung : Poe)
ဆောင်းဦးပေါက်ပွင့်လင်းရာသီတွင်ကျင်းပကြသည်။ သြဂုတ်လ၊ ဒီဇင်ဘာလများတွင် လပြည့်ညများ၌ကျင်းပကြသည်။အပျိုလူပျိုများပျော်ပါးနိုင်သည့်ပွဲဖြစ်သည်။
ခူပြေပွဲ(Khu: Pye Poe)
၎င်းပွဲကို တောင်ယာထဲတွင်ကျင်းပလေ့ရှိကြသည်။ စက်တင်ဘာလ၊ အောက်တိုဘာလ များတွင်တောင်ယာမှ သခွားသီးထွက်ချိန်တွင် ကျင်းပသည်။ လပြည့်ညများ ၌ သခွားသီးပြိုင်ပွဲ၊ ပေါက်ပွဲများပြုလုပ်၍ တစ်ညကြာကျင်းပသည်။ အပျိုလူပျိုများ ပျော်ပါးနိုင်သောပွဲတစ်မျိုးဖြစ် သည်။
ဂေါက်ရှဲပွဲ(Gaung:She Poe)
ဂေါက်ရှဲပွဲဆိုသည်မှာ တောင်ယာစပါးကို စုပေါင်းရိတ်သိမ်းပွဲပင်ဖြစ်သည်။ နိုဝင်ဘာလ၊ ဒီဇင်ဘာလများတွင် ကျင်းပကြသည်။ စပါးရိတ်ခြင်း၊ စပါးနယ်ခြင်း၊ စပါးလှေ့ခြင်းတို့ကို လက်စားလိုက်စနစ်ဖြင့် စုပေါင်းလုပ်ကိုင်ကြခြင်းဖြစ်သည်။ အိမ်ရှင်မှ ထမင်း၊ ခေါင်ရည်နှင့် စားသောက်ဖွယ်ရာများ ကျွေးမွေးရသည်။
ဂေါက်ဆပ်ဇော်ပွဲ(Gaung: Sag Zo: Poe)
၎င်းပွဲမှာကောက်သစ်စားပွဲဖြစ်သည်။ ပထမဦးဆုံးထွက်ရှိသော သီးနှံများကို နတ်အား ပူဇော်ပသခြင်းဖြစ်သည်။ ခရစ်ယာန်ဘာသာဝင်များ ဖြစ်လာသောအခါတွင် ကျမ်းစာ၌ “ပထမ ဆုံးထွက်ရှိသော ကောက်ဦး၊ ကောက်နှံကို ဘုရားသခင်အားဆပ်ကပ်ရမည်” ဟုပါရှိနေသည်။ ထိုကြောင့် ကောက်သစ်စားပွဲကို ဘာသာရေးအရ၊ ရိုးရာအရ ဆက်လက်ကျင်းပနေဆဲ ဖြစ်သည်။ ကောက်သစ်စားပွဲကို မိသားစုအလိုက်သော်လည်းကောင်း၊ ရွာအလိုက်သော်လည်းကောင်း၊ တစ်နှစ်တစ်ကြိမ် ပြုလုပ်ကြသည်။
နတ်ပူဇော်သောအချိန်က မိမိတို့တောင်ယာထဲမှ ပထမဆုံးထွက်ရှိသော သီးနှံများကို စုပေါင်းသိမ်းဆည်းထားပြီးနောက် သီးနှံများကို ဝိုင်းဝန်းချက်ပြုတ်ကြရသည်။ ထို့နောက် နတ်များကို အစားအသောက်များဖြင့် ပူဇော်ကန်တော့ကြသည်။ အထူးသဖြင့် ဘိုးဘွားများနှင့် ဆိုင်သော အိမ်ရှင်မဒိုင်နတ်ကို ထမင်းထုပ်ဖြင့်ပူဇော်ရသည်။ ထို့နောက်အိမ်ရှင်၏ မိသားစုထဲမှ အကြီးဆုံးလူက အလျင်စားရသည်။ ပြီးလျှင် မီးဖိုနှင့်ဖိုခုံလောက်ကို ကျွေးရသည်။ ကျွေးသည့်အခါတွင် “မီးရှို့ပြီးမှ တောင်ယာစိုက် ပျိုးရတယ်၊ ဖိုခုံလောက်ပေါ်တင်ပြီး ထမင်းချက် ပြီးကျက်မှငါတို့စားရတယ်၊ ဒါကြောင့် ခင်ဗျားတို့နဲ့ပူးပေါင်း စားပါတယ်” ဟုပြောရသည်။ ပြီးမှ မိတ်ဆွေများ စု၍စားရသည်။
ကောက်သစ်စားပွဲတွင် ပထမဆုံးရရှိသောသီးနှံကို မိမိ၏ မိသားစုဝင်မဟုတ်ဘဲ အခြားမိသားစုတို့မှ စားလျှင် တစ်နှစ်တာအတွက် ကောင်းချီးမင်္ဂလာသည် မိမိတို့အတွက် မရနိုင်ဟု ယုံကြည်ကြသည်။ ယခုခရစ်ယာန်ဘာသာဝင် ဖြစ်လာသောအခါ သင်းအုပ်ဆရာအား ပထမဦးဆုံးရရှိသော သီးနှံကို ပေးရသည်။ ပြီးမှ မိသားစုထဲမှ အသက်ကြီးဆုံးသူကိုကျွေးရသည်။ ထို့နောက် အခြားဧည့်သည်များကို စားခွင့်ပြုကြသည်။
ရွာအလိုက်ကျင်းပသော ကောက်သစ်စားပွဲတွင် တစ်ရွာလုံးရှိ မိသားစုတိုင်းမှ ထွက်ရှိသော ကောက်ဦးနှံဦးများကို ဘုရားကျောင်းသို့ယူလာ၍ ဘုရားသခင်အား ကပ်လှူပြီးနောက် ဝိုင်းဝန်း ချက်ပြုတ်ကြသည်။ ထို့နောက် ရွာရှိအသက်အကြီးဆုံး အဘိုးအဘွားများက ဦးစွာစားပြီးမှ ကျန်လူများကစားရသည်။ ကောက်သစ်စားပွဲသည် လော်ဝေါ်တိုင်းရင်းသားများအား အချင်းချင်း စည်းလုံးညီညွတ်စေသည်ကိုတွေ့ရသည်။
ဂေါက်အောဇော်ပွဲ (Gaung: Au: Zo: Poe)
၎င်းပွဲမှာ လော်ဝေါ်တိုင်းရင်းသားတို့၏ နှစ်သစ်ကူးပွဲတော်ဖြစ်သည်။ ဇန်နဝါရီလတွင် မိသားစုအလိုက် ကျင်းပလေ့ရှိသည်။ ကောက်ညှင်းစပါးကို ရေစိမ်ပြီး စပါးအလိုက်ကျက်အောင် လှော်ကာ ထောင်းရသည်။ မုန့်ဆန်းသဘောမျိုးပြုလုပ်၍ မိမိအိမ်စောင့်နတ်နှင့် အခြားနတ် များကို ပူဇော်ပသပြီး လူများစားသုံးကြသည်။
လော်ဝေါ်တိုင်းရင်းသားတို့၏ ရိုးရာပွဲများသည် မိမိတို့၏ လူမှုရေးဖွဲ့စည်းမှုကို ကျစ်လျစ် ခိုင်မာအောင် ဆောင်ရွက်ပေးနိုင်သည့် အနေအထားကိုတွေ့ရသည်။ တစ်ဦးချင်းစီ၏ မိသားစု စားဝတ်နေရေးကို အများကလက်စားစနစ်ဖြင့် စုပေါင်းလုပ်ကိုင်ကာ ချစ်ခင်ရင်းနှီးမှုများကို ရယူသည့် စည်းလုံးညီညွတ်စေသော ပွဲတော်များဖြစ်သည်။ ယခုအခါတွင်မူ အထက်ပါ ပွဲတော် များထဲမှ ကောက်သစ်ပွဲကိုသာ တွေ့နိုင်တော့သည်။