ကချင်လူမျိုးတို့သည်တမလွန်ဘဝကိုယုံကြည်ကြ သူများဖြစ်ကြသည်။ တစ်စုံတစ်ယောက်သည် အသက် ရှင်လျက်ရှိနေရာမှ သေလွန်ခြင်းသို့ ရောက်သောအခါ မူလခန္ဓာနှင့်တွဲဖက်လျက်ရှိသောဝိညာဉ်သည် ခန္ဓာကိုယ်ထဲမှ ခွဲထွက်သွားသည်ဟု အယူရှိ ကြသည်။ ထိုဝိညာဉ် သည် ခန္ဓာကိုယ်ထဲမှ ခွဲထွက်၍ တွယ်ရာမဲ့ဖြစ်နေသဖြင့် ဘိုးဘေးတို့၏ဝိညာဉ်များစုဝေးရာဒေသသို့ရောက်အောင် ကျန်ရစ်သူဆွေမျိုးသားချင်းတို့က ပို့ဆောင်ပေးရမည့် တာဝန်ရှိသည် ဟူ၍လည်း ယုံကြည်ကြသည်။ ထိုဒေသ ကိုဝိညာဉ်တို့တိုင်းပြည်(ဆူးဂါး) ဟုခေါ်သည်။ သေသူ၏ဝိညာဉ်ကထိုဝိညာဉ်တိုင်းပြည်သို့ မပို့မိလျှင် ထိုဝိညာဉ်သည်လူများအားမကြာခဏလာရောက်နှောင့်ယှက်နေ လိမ့်မည်ဟုယုံကြည်ကြသည်။ ထို့ကြောင့် သေသူ၏ ဝိညာဉ်အား ဝိညာဉ်တို့ စုဝေး ရာသို့ ပို့ဆောင်ပေးရခြင်း သည် အရေးကြီးသောလုပ်ငန်း တစ်ရပ်ဖြစ် သည်။
လူတစ်ယောက်သေဆုံးသည်နှင့်တစ်ပြိုင်နက် အိမ်နီးချင်းများသိစေရန်သေနတ်သုံးချက်ဖောက်ရသည်။ အသုဘမောင်းထုနည်းဖြင့်မောင်းကိုထုရသည်။ သေနတ်သံ၊ မောင်းသံမကြားနိုင်သော အရပ်တွင်နေထိုင်ကြသည့် ဆွေမျိုးများထံသို့ မူ လူလွှတ်၍ အကြောင်းကြားရသည်။ သတင်းကြားသောဆွေမျိုးမိတ်သင်္ဂဟများကမိမိတို့တတ် နိုင်သော ကျွဲ၊ နွားနှင့် အခြားပစ္စည်းများကိုယူဆောင်လာကြသည်။အသုဘရှင်ကလည်းသေသူ၏ပစ္စည်းများကိုသေသူ၏မိတ်ဆွေများအား အမှတ် တရဖြစ်စေခြင်းငှာ ဝေငှပေးရသည်။
ထို့နောက်သေသူကို မိတ်ဆွေသင်္ဂဟ များကပင် ရေချိုးပေးရသည်။အသုဘရှင်တို့မှာပူပန်သောက ရောက်နေကြ၍ မည် သည်ကိုမျှပင် မလုပ်ကိုင်နိုင်ကြချေ။ သေ သူကို ရေချိုးပေးရန်အတွက် အထူးတလည် ရေခပ်လာရ သည်။ အလောင်းကိုဆေးကြောရန်နှင့် နတ်ဆရာသုံးရန်အတွက် ရေကိုအထူးတလည် သွားရောက် ခပ်ယူရာ ရေခပ် သွားရာတွင်နတ်ဆရာအပြင် မောင်း၊လင်ကွင်းနှင့် ဗုံတီးသူအဖွဲ့ပါသွားရသည်။ ရေဆိပ်တွင်နတ်ဆရာက “ဤနေရာတွင် နုံးရှောင် မြစ်နှင့် နုံးနောင် မြစ်မှရေများ ဆန်၍လာစေ” ဟု ဆိုရ သည်။ ရေခပ်မည့်သူများက ဝါး ကျည်တောက်နှစ်ခုကို လက်တစ်ဖက်တွင်ကိုင်၍ ရေစပ် သို့ သုံးကြိမ်သွား၊ သုံးကြိမ်ပြန်ဆုတ်၊ လေးကြိမ်မြောက် တွင် လက်ဝဲလက်ဖြင့် ရေကိုစုန်၍လည်းကောင်း၊ လက် ယာလက် ဖြင့်ရေကို ဆန်၍လည်းကောင်း ခပ်ပြီးပြန်လာ ရသည်။ ရုပ်အလောင်းကို ရေချိုးပြီး မျက်နှာသစ်ရာတွင် သေသူ၏ လက်ဝဲလက်ဖြင့်ပင် သေသူ၏မျက်နှာကိုသစ် ပေးရသည်။အိမ်တစ်အိမ်တွင် တစ်စုံတစ်ယောက် သေဆုံးသည်နှင့်တစ်ပြိုင်နက် အိမ်တွင်းတွင်ကိုးကွယ် ထားသောနတ်များကို ခေတ္တခဏ သွားလိုရာသို့ သွားရောက်စံမြန်းရန် မေတ္တာရပ်ခံရသည်။ နတ်များကို အိမ်မှခေတ္တထွက်သွားရန် မေတ္တာရပ်ခံခြင်းမှာ သေသူ၏ရုပ်အလောင်းကို နတ်များမမြင်စေလိုသောကြောင့် တစ်နည်းအားဖြင့် ဆို သော်နတ်တို့ကိုယ်တိုင်စောင့်ရှောက်ထားသူ(ဝါ)နတ်တို့ကိုပူဇော်ပသခဲ့သူကိုအသက်ရှင်ရန် နတ်တို့က မစွမ်းဆောင်နိုင်သဖြင့် နတ်တို့မျက်နှာ မပူစေရန် အိမ်မှခေတ္တ ထွက်ခွာ သွားစေခြင်းဖြစ်သည်ဟု ဆိုသည်။
ထို့သို့မေတ္တာရပ်ခံပြီးနောက် နတ်နှင့်ဆိုင်သော အသုံးအဆောင် ပစ္စည်းများကို ဖက်များဖြင့်ထုပ်ကာ တောင်းတွင်ထည့် ၍ အိမ်ပြင်ထုတ် ချိတ်ဆွဲထားရသည်။ အသုဘ ကိစ္စမပြီးမီ နတ်ပူဇော်ရန်အကြောင်း ပေါ်လာပါ ကအိမ်ပြင်မှာပင် ပူဇော်ပသရသည်။အိမ်တွင်းနတ်များကိုအိမ်ပြင်ထုတ်ပြီးနောက်နတ်ဆရာသည်အသုဘကိစ္စကိုသေသူ၏ဘိုးဘေးထံ အကြောင်းကြား ၍ သေသူ၏ ဝိညာဉ်ကို လာရောက် ထိန်းသိမ်းရန် ပန်ကြားလေသည်။ သေသူ၏အဘေးကို စတင်အကြောင်းကြားရာတွင် နတ် ဆရာသည်လက်ဝဲလက်ဖြင့်မောင်းကို တီးခတ်၍- “သင် သည်လည်းသေလွန်ခဲ့ပြီဖြစ်၍ သင်၏သားနှင့် သင်၏မြေး တို့သည် သင့်နောက်သို့လိုက်ခဲ့ကြပြီးဖြစ်လေသည်။ ယခု သင်၏မြစ်သည်လည်း အလားတူပင် သင့်လမ်းသို့လိုက် ခဲ့ချေပြီ။ အသင်ကိုယ်တိုင်လာရောက်၍ သင့်မြစ်အား အသင်တို့စုဝေးနေထိုင်ရာ ဝိညာဉ်လောကသို့ အရောက် ခေါ်သွားပါလော့ ဟူ၍ ရွတ်ဆို ပန်ကြားကာ မောင်းကို လက်ခတ်အသစ်ဖြင့်ထပ်မံတီးခတ်၍ အထက်ပါအတိုင်း အခါခါ ထပ်မံ၍ ရွတ်ဆိုပြန်သည်။
ထို့သို့ အဘေးဖြစ်သူအားပန်ကြားပြီးနောက်သေသူ၏အဖိုးဖြစ်သူအားလည်းကောင်း၊သေသူ၏ ကွယ်လွန် ပြီးဖြစ်သောသူ့ဖခင်အားလည်းကောင်း တစ်ဦးပြီးတစ်ဦးပန်ကြားရပြန်သည်။ သေသူ၏ဝိညာဉ်ကို ပန်ကြားရာတွင် “အသင်အသက် မသေစေရန် ကျွန်ုပ်တို့သည်အစွမ်းရှိသရွေ့အမျိုးမျိုးအဖုံဖုံ ကုသခဲ့သည်။ အမျိုးမျိုးသောနတ်တို့အား ပူဇော်ပသခြင်း အမှုကိုပြုခဲ့ကြသည်။ သို့ရာတွင် ကျွန်ုပ်တို့ကြိုးစားမှုမအောင်မြင်၊ သင်၏အဘေး ၊ သင့်အဖိုး၊ သ့င်အဖေတို့ကဲ့သို့ပင်ကွယ်လွန်အနိစ္စ ရောက်ခဲ့သည်။ သို့ဖြစ်၍သင်၏ဝိညာဉ်သည်သင့်အဘေး၊သင့်အဖိုး၊သင့်အဖေတို့ ရှိရာအရပ်သို့ သွားပါလေလော့ဟူ၍ ပြော ကြားပြီးနောက်သေသူအားဝိညာဉ်အဖြစ်သာ အသိအမှတ်ပြု၍ လူနာမည်ကို မခေါ်တော့ဘဲ ဝိညာဉ်ဟုသာ ခေါ်တော့သည်။ သေသူနှင့်ဆက်ဆံရာတွင် လက်ဝဲလက် ကိုသာ အသုံးချတော့သည်။
အသုဘနှင့်ဆိုင်သော လုပ်ငန်းရပ်များတွင် လိင်ကို လိုက်၍လည်းကောင်း၊ အသက်အရွယ်ကို လိုက်၍ လည်း ကောင်း ကွဲပြားခြားနားမှုများရှိသည်။ကွယ်လွန်သူသည် အမျိုသမီးဖြစ်ပါက ယင်း၏ဘိုးဘေးတို့ကိုပန်ကြားခြင်းမပြု၊ ယင်း၏ လင်ယောကျ်ားနှင့် လင်ယောကျ်ား၏ ဘိုးဘေးတို့ထံမှ သာပန်ကြားရသည်။သေဆုံးသူသည် အသက် အရွယ်ကြီးရင့်မှသာလျှင် မောင်းကိုတီးခတ်၍ လူငယ်လူရွယ်များ သေဆုံးလျှင်မူ မောင်းကိုမသုံး ချေ။
ထို့သို့နတ်ဆရာက သေဆုံးသူအား ပန်ကြားပြီးနောက် အသက်ပျောက်သောနေရာ နတ်စင်ရှိရာ အခန်း ဝသို့ ရွှေ့ပြောင်း ရသည်။ ထိုနေရာတွင် နတ်ဆရာသည်သေသူအားသူ၏ဘိုးဘွားများရှိရာသို့ ခရီးထွက်ခွာရန် အဝတ်အစားများဝတ်ဆင်ပေးမည် ဖြစ်၍ လဲလျောင်းနေ ရာမှ ထရန်အမိန့်ပေးသည်။ ထိုအခါအနီးအနားရှိလူများ ကသေသူအားမ၍ခုံငယ်ပေါ်တွင်ထိုင်သည့်အနေအထားဖြင့်တည်စေ၍သာမန်လူတန်းစားဖြစ်ပါက ဝါးကျည် တောက်ဖြင့် လည်းကောင်း၊ ဒူဝါများအတွက် မောင်းတွင် လည်းကောင်း ထည့်လာသောရေကို လက်ဝဲလက်ဖြင့် ယူ ၍ ရေချိုးပေးရသည်။ ထို့နောက် လက်ဝဲလက်ဖြင့်ပင် ခေါင်းဖီး ပေးရသည်။ထိုသို့ ဆေးကြောသုတ်သင်ပေးခြင်းမှာ လူနံ့ပျောက် အောင်ဖြစ်သည်။ထို့နောက်သစ်လွင်သော အဝတ်အစား များကိုဝတ်စားပေးရသည်။သူ၏အသုံးအဆောင်များကို လည်း သေသူ၏ကိုယ်တွင်တပ်ဆင်ပေးရသည်။ ဤသို့ တပ်ဆင်ပေးရာတွင် အသက်ရှင်သူတို့ နည်းအတိုင်း မဟုတ်ပဲပြောင်းပြန်တပ်ဆင်ပေးရသည်။ ဓား၊လှံ ၊ လွယ် အိတ်၊ လေး၊ မြား ၊ သေနတ်တို့ကို သေသူ၏ လက်ဝဲလက် တွင်ချိတ်ဆွဲပေးကြသည်။အမျိုးသမီးဖြစ်ပါကပုတီး ၊ နား တောင်း ၊ လက်ကောက် စသော လက်ဝတ်တန်ဆာများကို ဆင်ယင်ပေးရသည်။ ကွမ်းခွက်၊အပ်၊ အပ်ချည်၊ ဘီး စသော သေသူ၏ပစ္စည်းများကို နောက် လွယ်တောင်း တွင်ထည့်၍သေသူ၏အမျိုးသမီးဘေးတွင်ချထားရသည်။ ကလေးများဖြစ်ပါက သူတို့၏ ကစားစရာများကို ချထား ပေးရသည်။ထို့နောက်သေသူ၏ပါးစပ်ထဲသို့ဖြစ်စေ၊ လက် မောင်းအောက်သို့ဖြစ်စေ ငွေမတ်စေ့၊ ငွေမူးစေ့ တစ်ခုခုကို ကူးတို့ခသဘောဖြင့် ထည့်ပေး လိုက်ရသည်။
သေသူအား ထိုအနေအထားအတိုင်းထားကာ သေသူ၏ဘိုးဘေများ၏ ဝိညာဉ်များကို ပင့်ဖိတ်၍ ပြရသည်။ ထိုသို့ပြပြီးနောက်သေသူ၏ဘေးတွင်ချထားသောပစ္စည်းများကိုနတ်စင်ရှေ့သို့ သယ်ဆောင်သွား၍ အိမ်တွင်းသို့ ဝင်လာသော ဧည့်သည် များ သေသူ၏မျက်နှာကို မြင်နိုင် သည့် အနေအထားအတိုင်း အလောင်းကိုထားရမည်။ ထို့နောက်သေသူ၏ဒူးနှစ်ဖက်၊ခြေမနှစ်ချောင်းနှင့်လက်မ နှစ်ချောင်းတို့ကို ပူး၍ချည်ပေးရသည်။ သေသူသည်အိမ်တွင် အကြီးအကဲဖြစ်ပါက ရုပ်အလောင်းကို အိမ်ခေါင်းမိုး၏ အောက်တည့်တည့်တွင် ထားရသည်။ ထိုသို့ပြင်ထားသော ရုပ်အလောင်းအနီးတွင် သေသူ၏ ပစ္စည်းများကို ချိတ်ဆွဲထားရသည်။ သေသူ၏ဝိညာဉ်သည် ဘိုးဘေးများ၏ဝိညာဉ်ရှိရာအရပ်သို့မရောက်မချင်းအိမ်တွင်းစောင့်နတ်ဖြစ်လာသည်။ ယင်းနတ်အား နေ့စဉ်ဆားနှင့် ငရုတ် ကောင်းမပါသော စားဖွယ်များ တင်ဆက်ရ သည်။
ထိုအချိန်မှာပင် အသုဘအိမ်သို့ ရောက်လာသော မိတ်သင်္ဂဟဆွေမျိုးများက အသုဘအတွက် ခေါင်းလုပ်ရန် တာဝန်၊ အိမ်ရှေ့တွင် ကရွယ်ခေါ် ဝါးရုံးဆောကလုပ်ရန် တာဝန်များကို ခွဲဝေကြသည်။ ကရွယ်ခေါ် ဝါးရုံကို အိမ်ရှေ့ တွင် ကျင်းတူး၍ ဝါးခက်များကိုမဖြတ်ပဲ ပကတိဝါးရုံများကဲ့သို့ပင် အောက်ခြေစု၍အခက်အလက်များ ဝေဆာစွာ ပြုလုပ်ထားသည်။ထိုဝါးရုံတွင် သုံးသောဝါးများကို လူသေမြှုပ်ရာတွင် ဆောက်လုပ်သည့် အဆောက်အဦး အတွက် အသုံးချသည်။ထိုဝါးများကို အခြားအကြောင်းတွင်အသုံးမပြုရချေ။ထိုဝါးရုံဆောက်သောအခါ ကျွဲ သို့မဟုတ် နွား ကိုသတ်၍ပူဇော်ရသည်။ထိုဝါးရုံတွင်အဝတ် အစား အသုံးအဆောင်ပစ္စည်းများကို ချိတ်ဆွဲရသည်။ အသုဘပွဲ ကရာ တွင် ထိုဝါးရုံကိုဝိုင်း၍ ကကြလေ သည်။
သေသူကိုခေါင်းသွင်းရန်အတွက် ခေါင်းလုပ်ရန်ပထမဦးစွာသစ်ပင်ကို ရှာဖွေရသည်။ ပစ္စည်းရှိသူ များက တောင်တမာ သားကို ခေါင်းလုပ်ရာတွင် အသုံးပြုကြ သည်။ သစ်ပင်ကိုလှဲရာတွင် သစ်ပင်လှဲခါနီး၌ ကြက်တစ် ကောင်ကို ရိုက်သတ်၍ သစ်ပင်စောင့်နတ်အား ပူဇော်ရသည်။သစ်ပင်လုံးကို ထွင်း၍ ခေါင်းပြုလုပ်ရသည်။ခေါင်း ကိုဖုံးရန်အတွက်သစ်ကိုခြောက်လက်မခန့်လွှာယူ၍ အဖုံး လုပ်ရသည်။ခေါင်းကိုလှပစေရန် အနီရောင်ဆေးသုတ်ရ သည်။ ရုပ်အလောင်းကိုရေရှည်ထားသော အခါတွင် ခေါင်း၏ ခြေရင်းဖက်နား၌ အပေါက်ငယ်တစ်ခုဖောက်၍ ထို အပေါက်ဝတွင် ဝါးလုံးဖြင့်အိမ်အောက်သို့ ဆက်ထားခြင်း ဖြင့် ရုပ်အလောင်းမှ အပုပ်ရည်အပြင်သို့ ထွက်သွားနိုင်သည်။ မြေမြှုပ်သင်္ဂြိုဟ်ခြင်းကို သေဆုံးသည့်နေ့မှစ၍ ရက်စုံများတွင် ပြုလုပ်လေ့ရှိသည်။ မြိထွယ်ခေါ် နတ်ဝင်သည်များ သေဆုံးမှသာလျှင် (၇) ရက် မြောက် နေ့တွင် အသုဘချလေ့ရှိသည်။အခေါင်း၏ဘေးတလျောက်တွင်ပစောက်ပုံသဏ္ဍာန်များ ရေးဆွဲ လေ့ရှိသည်။ ထိုသို့ ပြု လုပ်ရခြင်းမှာသေသူနှင့်အတူ ပါသွားလိုသော ဝိညာဉ် များကြောက်ရွံ့ စေရန်ဖြစ်သည်။ ထို့နောက် အခေါင်းကို လူသေမထည့်မချင်း ကရွယ်နားတွင် ထားရသည်။
လူသေသော ညဖက်တွင်ဖြစ်စေ၊ နောက်နေ့တွင် ဖြစ်စေကွယ်လွန်သူနှင့်တကွကွယ်လွန်သူ၏ဝိညာဉ်အား လာရောက်ခေါ်ယူရန် ပင့်ဖိတ်ထားသောကွယ်လွန်သူ၏ အဖိုး၊ အဘေး၊အဖေတို့၏ဝိညာဉ်များအားပူဇော်ရသည်။ဤသို့ပူဇော်ရာတွင်ကြက်တစ်ကောင်ကိုသတ်၍လေးပိုင်း ပိုင်းကာခေါင်းပိုင်းကိုလောလောဆယ် သေသူ၏ဝိညာဉ်အားပူဇော်၍ ကျန်တစ်ပိုင်းကို သေသူ၏ ဘိုး၊ဘေး၊ အဖေတို့၏ ဝိညာဉ်များအား တစ်ပိုင်းစီ ပူဇော်ရသည်။ ထိုကြက် နှင့်အတူ ခေါင်ရည်၊ ကောက်ညှင်းပေါင်း တို့နှင့် လည်းပူဇော်ရသည်။ ထိုဝိညာဉ်များအား ပူဇော်သော အစားအစာများကို လူငယ်များ မစားကောင်းချေ။
စားမိပါက မေ့လျော့တတ်သည်ဟု ယုံကြည်ကြသည်။ ဤ ပူဇော်သော အစားအစာများထဲတွင် ဆား နှင့် ငရုတ် ကောင်း မထည့်ရချေ။ သေသူ၏ဝိညာဉ်အား ပူဇော်သော ညနေပိုင်းတွင်အသုဘပွဲကို ကျင်းပလေ့ရှိကြသည်။ ထိုသို့ အသုဘပွဲကျင်းပမည့်အကြောင်းလကို သေသူ၏ ဝိညာဉ်အား နတ်ဆရာကပထမအကြောင်းကြားပြီးနောက် ချိတ် ဆွဲထားသော မောင်းနှင့် ဗုံရှည်ကိုတီးကာ ကပွဲကို အိမ် တွင်းမှစ၍ ကကြသည်။ ကပွဲခေါင်းဆောင်နှစ်ဦးလှံတစ်ချောင်းစီကိုင်ကာကပွဲကို ဖွင့်လှစ်စေသည်။ ထို ခေါင်း ဆောင်နှစ်ဦးအနက် တစ်ဦးက သေသူကို ကိုယ်စားပြု၍ တစ်ဦး ကကျန်ရစ်သူများကို ကိုယ်စားပြု၏ ။လှံများတွင်ပန်းပွားများ တပ်ဆင်သည်။ကျန်ရစ်သူများကို ကိုယ်စားပြုသူ၏လှံမှာ သပ် ရပ် လှပစွာ ပန်းစည်းကြိုးများ၊ပန်းပွားများဖြင့် တန်ဆာဆင်ထားသော်လည်း သေသူကိုကိုယ်စားပြုသူ၏ လှံကိုမူ မသပ်မရပ်ပင်ထား၍ ကိုင်ဆောင်ရာ တွင်လည်း ပြောင်း ပြန်ကိုင် ဆောင်ရ သည်။ ထိုသူနှစ်ဦးနောက်မှ ယောကျ်ားများနှင့် ကလေးများက လိုက်ကကြသည်။ အကခေါင်းဆောင် နှစ်ဦးသည် နောက်ပါများ နှင့်ပထမဦးစွာဧည့်ခန်း မီးဖိုနားမှ အသုဘရုပ်အလောင်းအနားသို့ သွားချည်၊ပြန်ချည်နှင့် သုံးကြိမ်မျှ ပြုလုပ်ပြီးသော်အိမ်ပြင်သို့ထွက်ကာ ကရွယ်ကိုပတ်၍ ကကြ ပြန်သည်။ ကပွဲပြီးခါနီးတွင်ကရွယ်စိုက်ခြင်းကိုသရုပ်ဖော်၍ က သည်။ထိုအကဖြင့် အသုဘကပွဲကိုအဆုံးသတ်သည်။ အိမ်တွင်းတွင် ကကြစဉ် လှံကိုင်သူများမှာ အဓိကဇာတ်ကောင်အဖြစ်သေ ဆုံးပုံ၊ ရေ ချိုးပုံ၊ အဝတ်လဲ ပေးပုံ တို့ကို သရုပ်ဖော်ကကြသည်။အသုဘကပွဲ၏ပဏာမအကကို“အင်ဒေါင်ကခရန်”ဟု ခေါ် ၍ အသုဘကပွဲကြီးကိုမူ ဂဗုံဒွန်” ဟုခေါ်သည်။ ကချင်လူမျိုးတို့သည် အသုဘ မြှုပ်နှံရန် အတွက် ရွာဘေးတွင် သင်္ချိုင်းသီးသန့် သတ်မှတ် မြှုပ်နှံ လေ့ ရှိ သည်။အချို့မှာရွာနှင့်နီးကပ်သောတောထဲတွင်မြှုပ်နှံ၍အချို့မှာ ဝေးလံသော တောများတွင် မြှုပ်နှံကြသည်။မြှုပ်နှံရန်နေရာ ရွေး သောအခါ ကြက်ဉ တစ်လုံးကို ကိုင်ဆောင်၍ အဓိဌာန်ပြုပြီး သေသူအား မည်သည့်နေရာတွင် မြှုပ်ရန် ဆန္ဒရှိ ကြောင်းမေးမြန်းပြီးတောတွင်းတစ်နေရာတွင် ကြက်ဉကို ပစ်လိုက် ရသည်။ ကြက်ဉကျသောနေရာတွင် ကွဲပါက ထိုနေရာကို ရုပ် အလောင်းမြှုပ်ရန်ကျင်းတူးသင့်သော နေရာဟု မှတ်ယူကြသည်။ အကယ်၍ ကြက်ဉ မကွဲပါကမကွဲမချင်းနေရာသစ်ရှာကြရသည်။ ကျင်းတူး ရာတွင် ကျင်းကိုအိမ်ရှိရာဖက်သို့ ဦးတိုက်တူးရမည့် နေရာ၊ ဓာမ မျိုးတို့ တူးရမည့် နေရာတို့ကို သတ်မှတ်၍ မယုမျိုး တို့က စ၍ တူးရသည်။ ကျင်းစ၍မတူးမီ သေသူအား ရည်မှန်း၍ကြက်တစ်ကောင်သတ်၍ ပူဇော်ရသည်။ ထိုကြက်ကို ကျင်းတူးသူ များ ချက်စား ကြသည်။သာမာန်လူတန်းစားများအတွက် ကျင်းကို သုံးပေ ကျော်ခန့်သာ နက်အောင်တူး၍ ဒူဝါမျိုးတို့အတွက်မူကား လေးပေ ၊ငါးပေခန့်နက်အောင်တူးပြီးအောက်တွင်ပျဉ်ပြား ခံထားရသည်။
သေဆုံးပြီး (၄) ရက်မြောက်၊ (၆)ရက်မြောက်၊ (၈) ရက်မြောက်သော နေ့များတွင် အသုဘချလေ့ရှိသည်။ အစိမ်းသေ သေသူ၏ အသုဘကိုအိမ်ပြင်သို့ ထုတ်သောအခါ တံခါးပေါက် မှမထုတ်ပဲ အိမ်ထရံကို ဖောက်ထုတ်ကြသည်။အသုဘချသွား ရာ လမ်းတလျှောက်တွင်ထက် နေအောင်သွေးထားသောဓားနှစ်လက်ကို လူနှစ်ယောက်က ကိုင်ဆောင်ပြီး အခေါင်းပတ်လည်တွင် လေကိုဓားနှင့်ခုတ်ရင်းလိုက်ပါသွားရသည်။အကြောင်းမှာအသက်ရှင်နေသူတို့၏လိပ်ပြာများပါသွားမည်စိုး၍ဖြစ်သည်။မောင်းကိုလည်းတီးခတ်သွားရသည်။ လိပ်ပြာမောင်းသူလည်း လိပ်ပြာမောင်းရသည်။ လိပ်ပြာမောင်းရာတွင် ဆန့်ကျင် ဖက် လိင် က မောင်းရသည်။
ခေါင်းကိုမြေတွင်မမြှုပ်မီ ဆွေမျိုးသားချင်းများကသေသူအား နောက်ဆုံးကြည့်ကြသည်။ ထို့နောက်ခေါင်းကို မြေသို့ချ၍ အသုဘပို့သူ အားလုံးက မြေဖို့ကြသည်။ မြေပုံမှာ မြေပြင်မှ အထက်သို့ တစ်ပေခန့်မို့မောက်နေရသည်။ မြေပုံ၏ခေါင်းရင်းတွင် ကျောက် ချွန်တိုင် တစ်တိုင်စိုက်သည်။ အသုဘပို့ရာမှ ပြန်ကြသောအခါ တွင် အသုဘပို့သူ များသည် နှုတ်မှ “ဒီလမ်းကို နောက်ဘယ်တော့မှ မလာပါရစေနဲ့တော့” ဟု ထပ်တလဲလဲ ရွတ်ဆိုရသည်။
ရုပ်အလောင်းကို မြေတွင်မြှုပ်ပြီးသည့်နေ့မှစ၍ နောက် ဆုံး အသုဘအခမ်းအနား ပြီးဆုံးမည့်နေ့အထိ ညစဉ် အသုဘကပွဲ ကို အသုဘအိမ်တွင်ကျင်းပသည်။နောက်ဆုံးသောအခမ်းအနားကို မလုပ်နိုင်သေးပါက ထိုညတွင်ကပွဲမလုပ်တော့ပေ။ အသုဘကပွဲတွင် သံစဉ်ဖြစ်သော မောင်းသုံးလုံးကို တီးခတ်၍ ကကြိုးမှာသတ်မှတ်ထားသည့်အတိုင်း ကကြသည်။ကပွဲ ၏ ရည်ရွယ်ချက်မှာ သေသူအားဖျော်ဖြေခြင်း၊ အမှတ်တရဖြစ်စေခြင်း၊ ကျန်ရစ်သူများအတွက် စိတ်ပြေလက်ပျောက် ဖြစ်စေခြင်း တို့ အတွက် ပြုလုပ်ခြင်းပင်ဖြစ်သည်။ကကြိုး၊ကကွက်များမှာ အလွန်များပြားလှ၍ကကွက်တစ်မျိုးတွင်အဓိပ္ပာယ်တစ်မျိုးစီရှိရာကကြိုး (၃၇)မျိုးခန့်ရှိပြီး ကချင်လူမျိုးတို့၏ဘဝမှန်ကို သရုပ်ဖော်ကနည်းများပါဝင်၏။ကချင်လူမျိုးတို့၏ဘဝနေ ထိုင်စားသောက်ပုံ၊ ဝမ်းသာ ရွှင်လန်းပုံ၊ ဝမ်းနည်းကြွေကွဲပုံ၊ ကံကြမ္မာ ညိုးနွမ်း ပုံ စသည့် ဘဝအတွေ့အကြုံများကို သရုပ် ဖော်ကပြကြသည်။ကပွဲ၏ ပထမပိုင်းတွင် သေသူအတွက်လုပ်ကိုင် ကြပုံများကို ကကြ၏။ ထို့နောက်မှ နေ့စဉ်လုပ်နေကျ လုပ်ငန်း တောင်ယာ ခုတ်ခြင်း၊ စပါးစိုက်ခြင်း၊ စပါးကြဲ ခြင်း၊ စပါးရိတ်ခြင်း၊ ပဲ၊ ဝါတို့ကို စိုက်ပျိုး ခြင်း၊ ဗိုင်းငင်ခြင်း၊ ယက်ကန်းရက်ဟန် တို့ကို ကကြိုးကကွက် များနှင့် သရုပ်ဖော်ကြရာ ကဟန်များမှာ ငြိမ့်ညောင်းလှသည်။ ထိုအကများကို အများအားဖြင့် လူငယ်များကသာ ကကြသော်လည်း လူကြီး ၊လူငယ် ၊ကလေး၊ မိန်းမ ၊ယောကျ်ား အားလုံးသည် ဝိုင်းကကြသည်။ ထိုကပွဲကိုခေါင်းဆောင် နှစ်ဦးက ဦးဆောင် ရာ ခေါင်းဆောင်တို့ကိုကြည့်၍ ကကွက်ကို ပြောင်းကရ သည်။
ထိုကပွဲကို၄၊၅၊၆ရက် ဆက်လက်ကျင်းပရာ ရွာတွင်း မှ သာမက အနီးအနား ရွာများမှ မိတ်ဆွေ သင်္ဂဟများလည်း လာ ရောက်ကြသဖြင့်ဧည့်ခံရသည်။ ကပွဲမှာ ညဦးယံမှစ၍ နံနက် နေထွက်သည်အထိ ကြာညောင်းသည်။ ဤသည်မှာ ကချင်လူမျိုးတို့၏ အသုဘ အခမ်းအနား ပင်ဖြစ်ပေသည်။