ကချင် ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

ကချင်ပြည်နယ်နေ့၊ ဇန်နဝါရီလ ၁၀ ရက်
Image

၁၉၄၆ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ပြည်မနှင့် တောင်တန်းဒေသမှ ကချင်၊ ရှမ်း၊ ချင်းအားလုံးနှင့်အတူ လွတ်လပ်ရေးယူနိုင်ရန် မြစ်ကြီးနား၊ မန်ခိန်သို့ သွားရောက်၍ ဆွေးနွေးခဲ့သည်။ ပင်လုံစာချုပ် ချုပ်ဆိုရာတွင် ကချင်ခေါင်းဆောင် ၆ ဦး တောင်းဆိုခဲ့သည့် အချက်များ၌ လွတ်လပ်ရေးရလျှင် ကချင်ပြည်နယ် သီးသန့် သတ်မှတ်ပေးရန်နှင့် ကချင်ပြည်နယ်နေ့ကို နိုင်ငံတော်က အသိအမှတ်ပြု သတ်မှတ်ပေးရန်ဟူသော အချက်လည်း ပါဝင်ခဲ့သည်။ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးရရှိခဲ့ပြီးနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတ စဝ်ရွှေသိုက်သည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ ရောက်ရှိ၍ စီတာပူ၊ မနောကွင်း၌ ဇန်နဝါရီလ ၁၀ ရက်နေ့၊ နံနက် ၈ နာရီအချိန်တွင် ဒူဝါဆင်ဝါးနောင်အား ကချင်ပြည်နယ်ကောင်စီဥက္ကဌအဖြစ် ပထမဆုံး ရွေးချယ် တင်မြှောက်ကာ ပဋိညာဉ်ခံယူခဲ့သည်။ ထို့နောက် သမ္မတစဝ်ရွှေသိုက်သည် ကချင်ပြည်နယ်ကောင်စီဥက္ကဌ ဒူဝါဆင်ဝါးနောင်သို့ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကို ပေးအပ်၍ ထို့နေ့၌ပင် ကချင်ပြည်နယ်အစိုးရကို ဖွဲ့စည်းကာ ဇန်နဝါရီလ ၁၀ ရက်နေ့ကိုလည်း ကချင်ပြည်နယ်နေ့အဖြစ် တရားဝင် အသိအမှတ်ပြု သတ်မှတ်ခဲ့သည်။