ကချင် ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

လီဆူချီဘီ
Image

အမည် - လီဆူချီဘီ


ပါဝင်ပစ္စည်း - သစ်၊ Chinese fan plams (Livistona Chinensis)ထန်းဆံကြိုး(သို့) ဂစ်တာကြိုး၊ သားရေ၊ ဝါး


အမျိုးအစား - ကြိုးတပ်တူရိယာ


လီဆူချီဘီသည် လီဆူအားလုံးကို ကိုယ်စားပြုသော တူရိယာထဲမှ တစ်မျိုးဖြစ်သည်။ ရှေးပဝေသဏီခေတ်မှ ယနေ့ချိန်ထိ လီဆူလူမျိုးများ အမြတ်တနိုးထိန်းသိမ်း အသုံး ပြုနေသောတူရိယာ ဖြစ်သည့်အပြင် လီဆူအားလုံးအတွက် အသည်းစွဲပစ္စည်းတစ်ခုဖြစ်ပါသည်။ လီဆူချီဘီကိုအသုံးပြု လာခဲ့သည်မှာ တရုတ်အင်ပါယာ မတည်ဆောက်မီ ကတည်းက ဖြစ်သည်ဟု ရှေးဘိုးဘေးတို့ ပြောစမှတ်ပြုကြသည်။ သံမဏိဂစ်တာကြိုး မပေါ်သေးချိန်တွင် Chinese fan Palms (Livistona Chinensis) ထန်းဆံကြိုးတပ်ဆင် အသုံးပြုခဲ့သည်။ လီဆူချီဘီသည် နေရာဒေသအလိုက် သုံးကြိုးတပ်လီဆူချီဘီတူရိယာနှင့် လေးကြိုးတပ် လီဆူ ချီဘီတူရိယာဟူ၍ နှစ်မျိုးရှိသည်။ 


လီဆူချီဘီကို အမိမြန်မာနိုင်ငံတွင်သာမက တရုတ် နိုင်ငံ၊ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် နိုင်ငံတကာအရောက် လီဆူလူမျိုးများ တွင်ကျယ်စွာအသုံးပြုသည်ကို တွေ့ရပါသည်။


လီဆူချီဘီကို ခါကြီးရက်ကြီး ပွဲလမ်းသဘင် များတွင် ဖျော်ဖြေရန်အတွက်လည်းကောင်း၊ စုပေါင်းကခုန်ရန် အတွက်လည်းကောင်း အသုံးပြုသည်။   နှစ်သစ်ကူးပွဲ၊ ကောက်သစ်စားပွဲ၊ အိမ်သစ်တက်ပွဲ၊ မင်္ဂလာဆောင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများတွင် လီဆူချီဘီကို အသုံးပြုတီးခတ်ကာ ကွာချဲကခုန်ခြင်းသည် မပါမဖြစ်သော အစီအစဉ်တစ်ခု ဖြစ်သည်။ ထို့အပြင် အထီးကျန်လွမ်းဆွတ် ချိန်တွင်လည်း တီးခတ်ကြသည်။ နာရေးနှင့် အမင်္ဂလာပွဲများတွင် အသုံး မပြုကြပေ။ 


ရိုးရာပုံပြင်


လီဆူလူမျိုးသည် ကိုယ့်ထီးကိုယ့်နန်းနှင့် လွတ်လပ်စွာနေထိုင်သော လူမျိုးဖြစ်သည်ဟု ဘိုးဘေးတို့ကဆိုသည်။ နောက်နောင်တွင်အင်အားကြီးသောတရုတ်တို့ အနိုင်ကျင့် ဗိုလ်ကျမှုကြောင့် ထီးနန်းစွန့်ကာ တော၊ တောင်တွင် ထွက်ပြေးကာ တောင်ယာလုပ်ငန်းကိုသာ အားထားကြ တော့သည်။ 


တောင်ယာလုပ်ကိုင်နေရင်း ပင်ပန်းသည့်အခါ ယခင်ကရရှိခဲ့သော စည်းစိမ်ကို လွမ်းဆွတ်တမ်းတရာ အနားယူသည့်အချိန်တွင် မိုးကာဖြင့်ဝတ်ဆင်ထားသော Chinese fan Palms (Livistona Chinensis) ထန်းဖက်မှ အမျှင်တွေဆွဲနှုတ်၍ ကြိုးစတစ်ဖက်ကို ခြေမတွင်ချည် နောက်တစ်ဖက်ကို လက်ဖြင့်ဆွဲ၍ ကျန်လက်တစ် ဖက်ဖြင့် တီးခတ်အလွမ်းဖြေလေသည်။ 


       နှစ်တွေလတွေ ကြာလာသော် သစ်ဝါးကိုသုံး၍ တီးခတ်လာသည်။ လီဆူလို “ချီ” ဆိုတာက ခြေကိုဆို လိုပြီး “ဘီ” ဆိုတာက ဖြည်လို့ အဓိပ္ပာယ်ရပါသည်။ ထို့ကြောင့်ဤတူရိယာ၏ အမည်ကို ချီဘီ “ခြေဖြည်”ဟု ခေါ်သည်။  ချီဘီအပိတ်ပြားကို သရေဖြင့် အသုံးပြုခဲ့ သည်။ သို့သော် ယနေ့အချိန်တွင်မူ တောကောင်ရှားပါး လာခြင်း၊  သားရိုင်းထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်လာခြင်းနှင့် နည်းပညာတိုးတက်လာခြင်းတို့ကြောင့် သားရေ အသုံးပြုမှု မရှိသလောက်နည်းပါးလာပြီဖြစ်သည်။


လီဆူဘိုးဘေးတို့သည် သားတစ်ယောက်လျှင် လီဆူချီဘီတစ်လက် ပြုလုပ်ပေးကာ အခါကြီးရက်ကြီး ပွဲလမ်းသဘင်ရှိတိုင်း တီးခတ်ကခုန်ကာ ဘိုးဘေးအမွေ အနှစ်ကို  ထိန်းသိမ်းလာခဲ့သော်လည်း ယနေ့ခေတ်တွင် ဂစ်တာတီးခတ်တတ်သော လူငယ်ရှားပါးလာပေသည်။ အခါကြီးရက်ကြီးပွဲလမ်းသဘင်များတွင် အသင့်ရှိပြီးသော သီချင်းသံစဉ်ကို အသံချဲ့စက်ဖြင့်ဖွင့်၍သာ ကခုန်ကြတော့သဖြင့် ဂစ်တာတီးခတ်ရန် အခွင့်အလမ်းနည်းပါးလာသည်။ ထို့ကြောင့်သက်ဆိုင်ရာ လီဆူစာပေယဉ်ကျေးမှု ကော်မတီနှင့် အစိုးရဌာနများမှ လီဆူချီဘီ ဂီတပွဲတော်များ၊ ပြိုင်ပွဲများ ကျင်းပပေးသင့်ပါသည်ဟု သုံးသပ်မိပါသည်။