ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသည် မည်မျှခေတ်မီဖွံ့ဖြိုး တိုးတက်စေကာမူ မိမိတို့၏ မူလရိုးရာဓလေ့များကို မပျက်စီး မပျောက်ကွယ်သွားအောင်ထိန်းသိမ်းကြခြင်းတို့ကြောင့် ယနေ့တိုင် ချစ်စရာကောင်းသော ရိုးရာဓလေ့များကို မြင်တွေ့ရခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းတစ်ရာကျော်ခန့် သွေးစည်းနေထိုင် ကြပြီး ယဉ်ကျေးမှုအဆင့်အတန်း များစွာမြင့်မားခဲ့ကြသည်။ တိုင်းရင်းသားမျိုးနွယ်စုများတွင် ဝတ်စားဆင်ယင် မှု၊ အထည်ရက်လုပ်မှု၊ စာပေ၊ အနုပညာ၊ အဆင် တန် ဆာ၊ ဘာသာစကား၊ ယုံကြည်ကိုးကွယ်မှု၊ ရိုးရာ ဓလေ့၊ တူရိယာ၊ နေထိုင်မှုအဆောက်အအုံ စသည်ဖြင့်များစွာ ရှိပါသည်။ ၎င်းကဏ္ဍများ အားလုံးသည် တိုင်းရင်းသား မျိုးနွယ်စုတို့အတွက် အရေးကြီးသော အစိတ်အပိုင်းများ ဖြစ်သည်။
လူသားတို့ဖြစ်တည်လာသည့် ကမ္ဘာဦးအစကပင် ဝတ်စားဆင်ယင်မှုအတွက် နည်းလမ်းများစွာဖြင့် ကြိုးစားတီထွင်၍ ဝတ် ဆင်ခဲ့ကြသည်။ ကနဦးဝတ်စားဆင်ယင်မှု အစတွင် သစ်ရွက်၊ သစ်ခက်များဖြင့် စတင်ခဲ့သော်လည်း နောက်ပိုင်းတွင် ဂုန် လျှော်ကဲ့သို့သော အပင်များဖြင့် အဝတ်အစားများရက်လုပ်ဝတ်ဆင်လာခဲ့သည်။ ဆက်လက်၍ စူးစမ်းရှာဖွေ လေ့လာမှုကြောင့် ဝါပင်အား တွေ့ ရှိ၍ အဆင်တန်ဆာ မပါရှိသောချည်ထည်များကိုရက် လုပ် ဝတ်ဆင်တတ်လာသည်။ ချည်ထည်ဗြောင်များ ဝတ်ဆင်လာကြပြီးနောက် မိမိတို့နေထိုင်ရာ သဘာဝပတ်ဝန်းကျင်များမှ ပုံရိပ်များကို မိမိတို့ဝတ်ဆင်သည့် အထည်များ တွင် ဒီဇိုင်း ဖော်ကာ ထည့်သွင်းရက်လုပ်လာခဲ့ကြသည်။
ဖွံ့ဖြိုးတိုးတက်သောနိုင်ငံတိုင်း၌ ဝတ်စားဆင်ယင်မှုအတွက်အထည်များကိုရက်လုပ်ရာတွင်လက်ရက်ကန်းထက် စက်ယန္တရားများကို အသုံးပြု၍ အထည်များကို ရက်လုပ်သည်သာ များပါသည်။
မြန်မာနိုင်ငံရှိ တိုင်းရင်းသားမျိုးနွယ်စု များတွင် လည်းဝတ်စားဆင်ယင်မှုအနေဖြင့်အထည်များကိုဝတ်ဆင် ရာတွင် ဂျပ်ခုတ်ရက်ကန်းစင်ငယ်ဖြင့် သော်လည်းကောင်း ၊ ရက်ကန်းစင်ကြီး ဖြင့်သော်လည်းကောင်း ရက်လုပ်ဝတ်ဆင်ကြသည်။ တိုင်းရင်းသားမျိုးနွယ်စုများတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း စသည်တို့မှာ ဂျပ်ခုတ်ရက်ကန်းစင် ဖြင့် ခတ်၍ဝတ်ဆင်ရသော နှစ်နံစပ် အထည်များကို ဝတ်ဆင်ကြသည်။ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စသည်တို့မှာ ရက်ကန်းစင်ကြီးဖြင့် အထည်များကို ရက်လုပ် ဝတ်ဆင်ကြ သည်။ တိုင်းရင်းသားမျိုးနွယ်စုများသည် အဝတ်အထည်များ ရက်လုပ်မှုတွင် တူညီသော်လည်း မျိုးနွယ်စုတစ်စုနှင့်တစ်စုမှာ အဝတ်အထည်ပေါ်တွင် အလှဆင်၍ ထည့် သွင်း ရက်လုပ်ထားသော ဒီဇိုင်းများမှာ မတူညီကြပေ။
တိုင်းရင်းသားမျိုးနွယ်စုများတွင်ပါဝင်သည့်မြန်မာ နိုင်ငံမြောက်ဖျားပိုင်းတွင် နေထိုင်သည့် ကချင်မျိုးနွယ်စု တို့မှာလည်း အထည်ရက်လုပ်ရာတွင် ရှေးယခင် ဂျပ်ခုတ်ရက်ကန်းစင်များကို အသုံးပြု၍ အဝတ်အထည်များကို ရက်လုပ်ဝတ်ဆင်လာကြသည်။ ယနေ့ခေတ်တွင် ဖွံ့ဖြိုး တိုးတက်လာသော ခေတ်နှင့်အညီ ရက်ကန်းစင်ကြီး၊ စက်ရက်ကန်းတို့ဖြင့် အဝတ်အထည်များကို ရက်လုပ် ဝတ်ဆင်လာကြသည်။ အဝတ်အထည်များကို ခေတ်မီနည်းစနစ်ဖြင့် ရက်လုပ်တတ်လာကြသည်နှင့်အမျှ အထည်ဒီဇိုင်းများမှာလည်း ဆန်းသစ်လာသည်။
အထည်ဒီဇိုင်းများမှာ ရှေးအခါက လူတို့သည် မိမိတို့၏ ပတ်ဝန်းကျင်တွင်ရှိသော သဘာဝအတိုင်း ဖြစ်နေသောအရာဝတ္ထုများကို ထည့်သွင်း၍ ပုံဖော်တတ်ကြ သည်။ ၎င်းသာဓကကို ဒေါက်တာသန်းထွန်း၏ သမိုင်းထဲက ဒီဇိုင်းစာအုပ်ထဲတွင် ရေးသားဖော်ပြထားသည်။ သဘာဝပတ်ဝန်းကျင်မှအရာဝတ္ထုများအသုံးပြုခဲ့ကြောင်းကို မြန်မာ နိုင်ငံ၏ ရှေးအကျဆုံးပျူလူမျိုး၏ အသုံးအဆောင်ဖြစ်သော ရေအိုးများပေါ်တွင် သစ်ရွက်ပုံ၊ ရေလှိုင်းပုံ၊ တိရစ္ဆာန်ပုံတို့ကို ရေးဆွဲခဲ့ကြောင်းကို တူးဖော်တွေ့ရှိသည့် အိုးခြမ်းပဲ့များပေါ်တွင် တွေ့ရှိရသည်။
ကချင်အမျိုးသမီးများ၏ အိမ်တွင်းမှုလုပ်ငန်းများ အနက်ဂျပ်ခုတ်ထည်ရက်လုပ်ခြင်းလည်း တစ်ခုအပါအဝင် ဖြစ်သည်။ ဂျပ်ခုတ်ဆိုသည်မှာ အနံသေး၍ အသားထူသောအထည်မျိုးကို ရက်လုပ်ပြီး လွယ်ကူစွာ ရွေ့ပြောင်း ရက်လုပ်နိုင်သော အတတ် ပညာဖြစ်ပါသည်။ ကချင်မျိုးစုများဖြစ်သည့် ဂျိန်းဖော့၊ ရဝမ်၊ လီဆူ၊ လော်ဝေါ်၊ လာချိဒ်၊ ဇိုင်ဝါးတို့၏ ရိုးရာဝတ်စုံများမှာ ရိုးရာဂျပ်ခုတ်ထည်များ ဖြစ်သည်။ ကချင်မျိုးနွယ်စုများသည် အထည်များကို ရက်လုပ်ရာတွင် အဓိက အနီ၊ အစိမ်း၊ ခရမ်း၊ အနက် စသည့် အရောင်များကို အသုံးပြုကြသည်။
ကချင်မျိုးနွယ်စုတို့၏အထည်ဒီဇိုင်းများမှာထူးခြားဆန်းကြယ်လှပသည်။အထည်ဒီဇိုင်းများတွင်ကချင်လူမျိုးတို့၏ရိုးရာမနောပွဲတော် ကျင်းပရာတွင် မပါလျှင် မဖြစ်သော မနောတိုင်တွင် အနီ၊ အစိမ်း၊ ခရမ်း၊ အဖြူ၊ အဝါ ရောင်များဖြင့် ရေးဆွဲထားသော သဇင်ခွေ၊ ဍပုံနှင့် မြွေလိမ် ပုံများမှာအဓိကဒီဇိုင်းများဖြစ်သည်။ထို့ပြင် ကချင်မျိုးနွယ်စုမှာ နေထိုင်ရာဒေသများရှိသစ်ပင်၊ပန်းမာန်၊သဘာဝရှုခင်းများစွာပေါများသောဒေသဖြစ်သည့်အလျှောက်အထည်များပေါ်တွင်ထည့်သွင်းရက်လုပ်တတ်ကြသည်။
ထို့ကြောင့် ကချင်မျိုးနွယ်စုများ၏ အထည်ဒီဇိုင်းမှာ သဘာဝပတ်ဝန်းကျင်က စသည်ဟုဆိုရမည်ဖြစ်သည်။ကချင်အမျိုး သမီးတို့၏အထည်ရက်လုပ်မှုမှရှေးအကျဆုံးဒီဇိုင်းမှာ ၎င်းတို့နေ့စဉ်စားသောက်နေသောအစားအစာ၊အသုံးအဆောင်၊ သစ်ပင်၊ ပန်းမာန်၊ အနီး ပတ်ဝန်းကျင်ရှိ သဘာဝတောတောင်၊ တိရိစ္ဆာန်များ၊ သဘာဝပုံရိပ်များဖြစ်သည်။ ဥပမာ- နေ့စဉ်စားသောက် နေသော ထမင်း ၊ ကချင်မျိုးနွယ်စုများ၏ ရိုးရာအစားအစာတွင် မပါလျှင်မဖြစ်သော ပင်စိမ်းပင်မှ အပွင့်ပုံစံ၊ ပဲပုပ်စေ့ပုံစံ၊ ဍပုံစံ၊ ဟင်းပျဉ်ပွင့်ပုံစံ၊ အဝတ်အထည်များရက်လုပ်ရာတွင် အသုံးပြုသောဝါပင်မှဝါစေ့နှင့်ဝါပွင့်ပုံဒီဇိုင်းမိမိတို့ပတ်ဝန်းကျင်တွင် တွေ့ရတတ်သော တိရိစ္ဆာန်များဖြစ် သည့် ကြက်တူရွေး၊ ပျံလွှားငှက်၊ လိပ်ပြာပုံ၊ ကြက်ဖပုံ၊ ဆင်ပုံ၊ ဒေါင်းငှက်ပုံစံ၊ ခွေးပုံစံ၊ တီ ကောင်ပုံစံဒီဇိုင်း အစရှိသဖြင့် ရက်လုပ်တတ် ကြသည်။
ယနေ့ပြန်လည်ဆန်းသစ်တီထွင်ထားသော ဒီဇိုင်းများကချင်မျိုးနွယ်စုများသည် ဂျပ်ခုတ်ရက်ကန်းငယ်ဖြင့်ရက်လုပ်ထားသောအထည်ကို ယနေ့ခေတ်တွင် ရိုးရာဝတ်စုံအနေဖြင့်သာ ဝတ်ဆင်ကြသည်။ နေ့စဉ်ဝတ်ဆင်သော ချည်ချောထည်များကို အိမ်နီးချင်းနိုင်ငံများမှ ဝင်ရောက်လာသောအထည်၊ ရက်ကန်းစင်ကြီး၊ စက်ရက်ကန်း ဖြင့် ရက် လုပ်ထားသော အထည်များကို ဝတ်ဆင်ကြသည်။ အထည်များပေါ်တွင် ပုံဖေါ်ရက်လုပ်ကြသော ဒီဇိုင်းများမှာလည်း ရှေးဟောင်းဒီဇိုင်းများကို မူလလက်ရာ မပျက်ဘဲ ပြန်လည် ဆန်းသစ်၍ရက်လုပ်လာကြသည်။ကချင်ရိုးရာအထည်များကို ခေတ်မီဆန်းသစ်တီထွင်ထားသော ဒီဇိုင်းများဖြင့်ရက်လုပ်ထားသော ချည်ထည်၊ပိုးထည်များမှာယနေ့ခေတ်တွင်လူကြိုက်များသည်မှာ မြန်မာတစ်နိုင်ငံလုံးတွင်သာမက နိုင်ငံရပ်ခြားတိုင်းပြည်များအထိ ကျော် ကြားကာ၊ ကမ္ဘာလှည့် ခရီးသွားများ၏မျက်စိကျရာရိုးရာအထည်များဖြစ်လာပါသည်။