ကချင်တိုင်းရင်းသားမျိုးနွယ်စုတို့သည် ရှေးယခင် ကတည်းကပင် အမျိုးသားယဉ်ကျေးမှု အဆင့်အတန်း မြင့်မားစွာစုစည်းနေထိုင်ခဲ့ကြသည်။ ကိုယ်ပိုင်အမျိုးသား ယဉ်ကျေးမှုတွင် ကိုယ်ပိုင်ဝတ်စားဆင်ယင်မှု၊ အထည် ရက်လုပ်မှု၊ အဆင်တန်ဆာ၊ ဘာသာစကား၊ ကိုးကွယ် ယုံကြည်မှု၊နေထိုင်မှုအဆောက်အဦးများပါရှိသည်။ ယင်း တို့အနက် ကချင်တိုင်းရင်းသား မျိုးနွယ်စုတို့၏ ရိုးရာ အိမ်အကြောင်းကို ဖော်ပြလိုပါသည်။
ကချင်တိုင်းရင်းသား မျိုးနွယ်စုတို့၏ ရိုးရာအိမ် ဆောက်လုပ်မှုတွင် ကဏ္ဍများစွာ ပါဝင်သည်။ ရှေးဦးစွာ အိမ်ဆောက်ရန်အတွက် မြေနေရာကို ရွေးချယ်ရသည်။ ဝါးဆစ်ငယ်သုံးခုတွင် ရေအပြည့်ထည့်ကာ မြေကွက်၏ အစွန်းနှစ်ဖက်နှင့် အလယ်တွင် မြေကြီးထဲသို့ ထိုးသွင်း မြှုပ်နှံထားကာ ခြောက်ရက်ကြာပြီးနောက် ဝါးဆစ်များ ကို တူးဖော်ကြည့်ရသည်။ ဝါးဆစ်သုံးခုထဲမှ ရေခန်း ခြောက်နေလျှင် ထိုမြေကွက်တွင် အိမ်မဆောက်တော့ ဘဲ အခြား တစ်နေရာကို ရွေးချယ်ကြရသည်။ ဝါးဆစ်ထဲ မှ ရေများ ကျန်ရှိနေမည်ဆိုပါက ဤမြေနေရာကို အိမ် ဆောက်ရန် ရွေးချယ်ကြသည်။ အခြားသောနည်းများ ဖြင့်လည်းမြေနေရာကိုရွေးချယ်ကြသည်။ မြေကွက်ရွေး ချယ်ရရှိပါက အိမ်ဆောက်ရန်အတွက် သင့်လျော်သော ရက်ကို နတ်ဆရာက သတ်မှတ်ပေးသည်။
အိမ်ဆောက်ရာတွင် ပထမဆုံးတိုင်ကို အိမ်၏ အဓိကဝင်ပေါက် လက်ယာဘက်ထောင့်၌ စိုက်ထူကြ သည်။ ထိုထောင့်တွင် ကြက်များနှင့် ဝက်များကို မွေးမြူ မည်ဖြစ်ပြီးပထမဆုံးအိမ်တိုင်ကိုအောင်မြင်စွာစိုက်ထူနိုင် ခြင်းသည် ကြက်များနှင့်ဝက်များမွေးမြူရာ၌ အောင်မြင် စေရန် ရည်ရွယ်ခြင်းဖြစ်သည်။အိမ်ဆောက်ရာတွင် ဓားမှ လွဲ၍အခြားကိရိယာများကို အသုံးပြုလေ့မရှိသည့် အပြင် အိမ်ရိုက်သံများ၊ ဝက်အူလှည့်များ စသည့်သံနှင့် သံမဏိ ဖြင့်ပြုလုပ်ထားသောပစ္စည်းများကိုလည်းအသုံးမပြုပေ။
နေအိမ်ပုံစံများမှာ ခေါင်တန်းသုံးတန်း ပါရှိသော ခေါင်မြင့်အိမ်ရှည်ပုံစံမျိုးဖြစ်သည်။အိမ်အကျယ်မှာပေ (၂၀) မှ ပေ (၃၀) ရှိပြီး အရှည်မှာ အနည်းဆုံး ပေ (၅၀)မှ ပေ (၂၅၀) အထိ ရှည်လျားသော အိမ်ရှည်ကြီးဖြစ်သည်။
ရွာပိုင်ရှင်နှင့် နယ်ပိုင်ရှင်များ၏အိမ်သည် ပေ (၂၅၀) အထိ ရှည်လျားသည်။ အိမ်ခန်းကို အဝင်ဝဘက်တွင် ကျွဲ၊ နွား၊ ဝက်စသည့် တိရစ္ဆာန်များနေရန် နေရာကို အနည်း ဆုံးပေ (၃၀)အရှည် ထားရသည်။ ကျန်အပိုင်းကိုမူ တိုင် ခေါင်ရှည်၏ တစ်ဖက်တစ်ချက်တွင် တိုင်တစ်တိုင်ကြား ၌ အခန်းတစ်ခန်းစီ ဖွဲ့စည်းထားရှိပြီး အခန်းတိုင်းတွင် မီးဖိုပါရှိသည်။ကချင်လူမျိုး တစ်ယောက်၏ အရေးပါခြင်း နှင့် ထင်ရှားခြင်းကို ၎င်းအိမ်ရှိ မီးဖိုအရေအတွက် ဖြင့် လည်း ဆုံးဖြတ်ကြသည်။
ကချင်လူမျိုးတို့၏ အိမ်ရှေ့ဝင်ပေါက် ပျဉ်ချပ် (ခါးပန်း)ပေါ် ၌ အောက်ချင်းငှက်၏ ရုပ်ပုံကို ရေးဆွဲ ထား လေ့ရှိသည်။ ထိုငှက်သည် ကချင်လူမျိုးတို့၏ အယူအဆ အရ ငှက်များတွင်အကြီးအကဲဖြစ်သည်။ ထို့အပြင် အမျိုး သမီး ရင်သားပုံများ၊ ဆင်စွယ်များနှင့် မောင်းရုပ်ပုံများကို လည်း ရေးဆွဲထားကြသည်။ ထိုကဲ့သို့ ရေးဆွဲထားသည် မှာ အိမ်ရှိမိသားစုသည် သားသမီးများ မွေးဖွားကာ ချမ်း သာ ကြွယ်ဝလာစေရန် ဆုတောင်းခြင်းဖြစ်သည်။
ကချင်ရိုးရာအိမ်သို့ဝင်ရန် တံခါးပေါက် နှစ်ခုရှိ သည်။ အိမ်ရှေ့တံခါးပေါက်ကို အပြင်လူများဝင်ထွက်ရန် ဖောက်လုပ်ထားခြင်းဖြစ်ပြီး အိမ်နောက်တံခါးပေါက်ကို မိသားစုဝင်များ ဝင်ထွက်ရန် အသုံးပြုထားခြင်းဖြစ် သည်။ အိမ်ခန်းဖွဲ့စည်းရာတွင် မိသားစုအခန်း၊ အဖေ၊ အမေ နေရန်အခန်း၊နတ်စင်ခန်းနှင့်လူပျို၊အပျိုလှည့်ခန်း စသည့် အခန်းများဖြင့် ရိုးရာအခန်းပုံစံအတိုင်း အဓိပ္ပာယ်ရှိစွာ ဖွဲ့စည်းထားသည်။
ထိုကဲ့သို့သော ရိုးရာအိမ် ဆောက်လုပ်ရန် အလုပ် သမားအဖြစ် ယောက်ျားနှင့် မိန်းမ အနည်းဆုံးနှစ်ဦး ငှားရမ်းရသည်။လုပ်ငန်းပမာဏအပေါ် မူတည်ပြီးအလုပ် သမားငါးဦးမှ ခြောက်ဦးအထိ ခေါ်ယူကြသည်။ အလုပ် သမားများ တစ်ဦးစီကို အိမ်ဆောက်ပြီးသွားသည့် အခါ တွင် ကျွဲတစ်ကောင်စီ (သို့မဟုတ်) မောင်း (၁၀) ထွာ တစ်ခုစီ(သို့မဟုတ်) တူမီးသေနတ် တစ်လက်စီ ပေးရ သည့်အပြင် လုပ်ငန်းကာလ၌ အသုံးပြုရန် ဓားတစ်လက်နှင့် အဝတ်စား တစ်စုံစီပေးရသည်။ ရိုးရာအိမ်ဆောက်လုပ် နေသောအလုပ်သမားများသည် အိမ်မပြီးမချင်း ဆက်တိုက် လုပ်ရသည်။ အငှားအလုပ်သမားမရှိပါက ၎င်းကို စုပေါင်း လုပ်အားဖြင့် ဝိုင်းဝန်းကူညီခြင်း၊ အစားအသောက်များဖြင့် ကူညီခြင်း၊ အိမ်မပြီးမချင်း ကျေးရွာရှိလူထုအားလုံးသည် တညီတညွတ်တည်း စုပေါင်းလုပ်ကိုင်ခြင်းဖြင့် ဆောက် လုပ်ကြသည်။ ဤသည်မှာ ကချင် တိုင်းရင်းသားမျိုးနွယ် စု တို့၏ စည်းလုံးညီညွတ်မှုကို ဖော်ဆောင်သော ရိုးရာ ဓလေ့ တစ်ခုပင်ဖြစ်သည်။
အိမ်သစ်ဆောက်ပြီးသွားသည့်အခါ ရိုးရာဓလေ့ ထုံးစံအရ အိမ်သစ်တက်ပွဲကို ပျော်စွာ ဆင်နွှဲကြသည်။ နတ်ပူဇော်ပသပွဲ ပြုလုပ်သည့်အပြင် ဆွေမျိုးများ၊ ရွာသူ၊ ရွာသားများတစ်ဦးနှင့် တစ်ဦးလက်တွဲပြီး အိမ်အသစ် အလယ်ခေါင်ရိုးတိုင်တစ်လျှောက် လှည့်ပတ်ကာ ရိုးရာ တေးသီချင်းများဖြင့် အိမ်သစ်မင်္ဂလာပေးကြသည်။ ဤ သို့ ပျော်ပွဲရွှင်ပွဲကိုတစ်ညလုံးခေါင်ရည်၊ အရက်များဖြင့် ညလုံးပေါက် ကျင်းပလေ့ရှိသည်။
ကချင်ရိုးရာအိမ်သည် ကချင်တိုင်းရင်းသား မျိုးနွယ် တို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု အဆင့်အတန်း မြင့်မား ကြောင်းနှင့် စည်းလုံးညီညွတ်စွာ ပေါင်းစည်းနေထိုင်လာ ခဲ့ကြောင်းကို ထင်ဟပ်ပြသသည့် သရုပ်ကိုပေါ်လွင် စေ သည်။ ယခုအချိန်အခါသည် ခေတ်မီဖွံဖြိုး တိုးတက်နေပြီ ဖြစ်သောကြောင့် လူနေအဆောက်အဦများမှာ လည်း ပြောင်းလဲဆောက်လုပ် နေထိုင်လာကြသည့် အပြင် ရိုးရာနေ အိမ်အကြောင်းကိုလည်းသိကျွမ်းမှု နည်းပါးလာ ကြသည်။သို့ဖြစ်ပါ၍ ကချင်တိုင်းရင်းသားမျိုးနွယ်စုများ သာမက ပြည်ထောင်စုဖွားတိုင်းရင်းသား များအားလုံး ဗဟုသုတအဖြစ် သိရှိနိုင်ရန်ရည်ရွယ်၍ ကချင်ရိုးရာအိမ် အကြောင်းကို ရေးသားဖော်ပြရခြင်း ဖြစ်ပါသည်။