ကချင်လူမျိုးတို့၏ တေးသီချင်းနှင့်အကသည် ကချင်တိုင်းရင်းသားတို့၏ လူမှုရေးတွင် အရေးကြီးသော အခန်းမှပါဝင်သည်။ ရပ်ထဲရွာထဲရှိလူပျိုများနှင့်အပျိုများ တွေ့ဆုံကြရာတွင် လည်းကောင်း၊ မင်္ဂလာပွဲများတွင် လည်းကောင်း၊ အသုဘပွဲများတွင်လည်းကောင်း၊ အိမ် သစ် တက်ပွဲများနှင့် မနောပွဲများတွင်လည်းကောင်း ဂီတ နှင့် အကအခုန်တို့ ပါဝင်လျက်ရှိသည်။
ကချင်ရိုးရာ ဂီတတူရိယာများ
ကချင်လူမျိုးတို့၏ ဂီတနှင့်ဆိုင်သော တူရိယာ ပစ္စည်းများတွင် ဝါးဖြင့်ပြုလုပ်ထားသော နှစ်လုံးပူး ပလွေ လည်း ပါဝင်သည်။ ပလွေတွင် ထူရင်၊ ပီလော့၊ ပီဆွန်၊ ပီပတ်၊ ပီမံ၊ ပီခရောင်၊ ပီလန်၊ ပီရောင်၊ ဝန်ပေါင်ဆွမ်ပီ စသည်ဖြင့် အမျိုးမျိုးရှိသည်။ ပလွေကို ဝါးဖြင့်ပြုလုပ်ပြီး ပလွေ များတွင် အနည်းဆုံး အပေါက်လေးပေါက်ရှိကာ အများဆုံး အပေါက်ခြောက်ပေါက် ရှိသည်။ ထူရင်သည် ဝါးအဆစ်နှစ်ဖက် ဖြတ်ထားပြီး အလယ်တွင် အပေါက် တစ်ခုတည်းရှိသည်။ ထိုအပေါက်မှ မှုတ်ပြီး နှစ်ဖက်အစ ကို အဖွင့်အပိတ်လုပ်၍ အသံဖမ်းသည်။
ပလွေအမျိုးမျိုးရှိသည့်အနက် ဝန်ဆောင်ဆွမ်ပီ သည် စနစ်အကျဆုံးဖြစ်သည်။ အပေါက်ခြောက်ပေါက် ရှိပြီး မည်သည့်အသံကိုမဆို တီးမှုတ်နိုင်သည်။ ဝန်ပေါင် ဆွမ်ပီကို ၁၉၅၄ ခုနှစ်ခန့်က ဗန်းမော်ခရိုင် ဘန်လွန်ရွာမှ ဦးဖော်ရွှေလဂျွန်ဆိုသူက တီထွင်ခဲ့သည်ဟု သိရသည်။ နှဲ ကို သစ်သားဖြင့် ပြုလုပ်ထားပြီး အပေါက်ငါးခုရှိသည်။ တယောမှာယခုခေတ်တယောများနှင့်မတူပေ။ ယခု ခေတ် တယောတွင်သုံးသောဘိုးတံသည်အဖြောင့်ဖြစ်သော်လည်း ကချင်ရိုးရာတယောဘိုးတံသည် ခပ်ကွေးကွေး သဏ္ဌာန် ရှိပြီး ဘိုးတံထိပ်မှ အောက်ဘက် သုံးပုံနှစ်ပုံခန့်ကို ကြိုး ဖြင့် ဆက်ချည်ထားသည်။ တယောအိမ်သည် ကြိုးနှစ် ချောင်းရှိပြီး ဘင်ဂျိုတူရိယာနှင့် ဆင်တူသည်။
“မယ်ဒလင်တွင်သစ်သားမယ်ဒလင်နှင့် ဝါးမယ်ဒလင် ဟူ၍နှစ်မျိုးရှိသည်။ ဝါးမယ်ဒလင်သည် ဝါးဆစ်နှစ်ဖက်ကို သားရေကျပ်၍ ကြိုးတပ်ထားသည်။ ဝါးပေါ်တွင် ယခု ခေတ် ပလွေပေါက်ကဲ့သို့ အပေါက်ငယ် သုံးပေါက်ကို လည်း တွေ့ရသည်။ မောင်းမှာ ကချင်လူမျိုးတို့အတွက် တူရိယာ ပစ္စည်းသက်သက်သာ မဟုတ်ဘဲ တန်ဖိုးထား သော ပစ္စည်းတစ်မျိုးလည်းဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် လူတစ်ဦး၏ စီးပွားရေးအခြေအနေကို ထိုသူ ၏အိမ်ရှိ မောင်းအရွယ်အစား အမျိုးမျိုးနှင့် အရေ အတွက်ကိုကြည့်၍ အကဲဖြတ်သိနိုင်သောကြောင့် ဖြစ် သည်။ ထို့ကြောင့် ကချင်လူမျိုးတို့၏ တူရိယာပစ္စည်း အချို့သည် သူတို့၏ စီးပွားရေးနှင့်ဆက်စပ်မှု ရှိပေသည်။
ကချင်ရိုးရာတေးဂီတ
ကချင်ရိုးရာတေးဂီတသည် နေရာဒေသအလိုက် အမျိုးမျိုးကွဲပြားမှုရှိသည်။ မိမိတို့ ဒေသတွင် ထင်းခွေ ရင်း၊ ရေခပ်ရင်း၊ ရက်ကန်းရက်ရင်း၊ ဆန်ဖွပ်ရင်း၊ တောင် ယာခုတ်ရင်း အမျိုးသမီးများ သီဆိုလေ့ရှိသော သီချင်း များဖြစ်၍ တစ်နေရာနှင့်တစ်နေရာ သီချင်းစာသားချင်း မတူ ညီသော်လည်း တေးသွားများမှာမူ အတူတူ ဖြစ် သည်ဟု ထင်ရပေသည်။ ခေတ်အစားဆုံး တေးသီချင်း မျိုးမှာ လူပျို၊ အပျိုလှည့်ရင်း သီဆိုသော တေးသီချင်း များ ဖြစ်ကြသည်။ များသော အားဖြင့် တစ်ယောက်က အသံတိုင်ပြီး အများကလိုက်ဆိုရသော သီချင်းမျိုးဖြစ် သည်။
ဒါ့အပြင် တစ်ယောက်တည်းသီဆိုသော ချစ်ခြင်း မေတ္တာဖွဲ့ သီချင်းများနှင့် တော၊ တောင်၊ ရေမြေဖွဲ့ တေး ကဗျာများလည်းရှိသည်။ဥပမာအားဖြင့် လူပျိုကာလသား က အပျိုရှိရာ အရပ်ကို မတွေ့တွေ့အောင် ရှာဖွေလာခဲ့ ရပုံကို အနီးစပ်ဆုံး မြန်မာဘာသာဖြင့် အဓိပ္ပာယ် ဖော်ရ သော် အောက်ပါအတိုင်းဖြစ်သည် -
"အပျိုစုရာ ကြိမ်ခွေစုတယ်၊ လူပျိုစုရာ ဓားလွယ်စု တယ်၊ တောင်ယာမှာကွယ် သီးနှံ စားမယ်၊ အပျိုကိုလည်း လိုက်ရှာတော့မယ်။ သီးနှံတွေက ပေါတယ်ပေါတယ်၊ အပျို ကိုတော့ ရှာမတွေ့တယ်၊ အပျိုရှိတဲ့ နေရာဟာကွယ်၊ တောင်ယာတောနဲ့ ရွာသာယာရယ်" ဟူ၍ ဖြစ်သည်”
ဒါ့အပြင် လူပျိုက အပျိုရှိရာအရပ်ကို ရောက်ခဲ့ပုံ၊ ထို့နောက် အပျိုခန်းကိုဝင်ရန် စောင့်နေရာ လေတိုက် လာသဖြင့် ချမ်းလှပုံကို "လေပြင်းရယ်ထန်၊ ငွေနှင်းရယ် ခြုံကာလွှမ်းပါလို့၊ ခိုက်ခိုက် တုန်ချမ်း။ ဖြုတ်၊ ခြင်တွေ ပေါလှတယ်၊ ချောနှမသိင်္ဂီရယ်၊ မောင်ဝင်ချင်ပြီကွဲ့ မယ့် စက်ခန်း"စသည့် အဓိပ္ပာယ်မျိုးရှိသောတေးကို ဟစ်အော် သီဆိုလေ့ရှိသည်။ ကချင် တိုင်းရင်းသားများသည် ဂီတ အနုပညာရသကို လေးနက်စွာ ခံစားတတ်ကြသူများ ဖြစ်သည်။
ထို့ကြောင့်ရသခံစားရာတွင် သူတစ်ပါး ဖျော်ဖြေ ခြင်းကို ခံစားသည်ထက် ကိုယ်တိုင် တီး၍ ခံစားလေ့ရှိ ကြသည်။ မည်သည့်အရာကိုမဆို တေးသီချင်းဖွဲ့ သီဆို တတ်ကြသည်။
ကချင်ရိုးရာအက
ကချင်လူမျိုးတို့တွင် တစ်ဦးချင်း တစ်ပင်တိုင် ကနည်းကဟန်များ မရှိပေ။ မင်းသမီး မင်းသား စုံတွဲ က သော နှစ်ပါးသွား အကမျိုး သို့မဟုတ် လေးယောက်၊ ရှစ် ယောက်၊တစ်ဆယ့်ခြောက်ယောက်စသည်ဖြင့်အဖွဲ့လိုက် ညီညီညာညာ ကပြရသော ယိမ်းအကမျိုးလည်း မရှိပေ။ သမားရိုးကျ ကနည်းမှာ အကန့်အသတ်မရှိ ဝိုင်းကြီးဖွဲ့၍ ကရသော ကနည်းမျိုးသာ ဖြစ်သည်။ သို့ရာတွင် ရှေ့မှ ဦးဆောင်ကသူ၏ ခြေကြွပုံ၊ ခြေလှမ်းပုံ၊ ခြေချပုံကို ကျန် လူများကကြည့်၍ ကပြခြင်းသာ ဖြစ်သည်။ ကချင်လူမျိုး များသည် ရိုးရာအကများကို အနုပညာအဖြစ် သဘော ထားကြသည်။အခမ်းအနားများတွင်ကပွဲပါမှပြည့်စုံသည် ဟု ယူဆကြလေသည်။
ကချင်လူမျိုးတို့၏ ဝိုင်းဖွဲ့ကရသော အကမျိုးမှာ လွယ်ကူသည်တော့ မဟုတ်ပေ။ ခြေကြွပုံ၊ ခြေလှမ်းပုံ၊ ခြေချပုံတို့မှာ ကကြိုး တစ်ခုနှင့်တစ်ခု မတူပေ။ လေ့ကျင့် မှုမရှိပါကစည်းဝါးကိုက်အောင်ခြေလှမ်းမှန်အောင် ကနိုင် မည် မဟုတ်ချေ။ ဝိုင်းဖွဲ့ကရသော အကမျိုးမှာ လည်း များသောအားဖြင့် ဘာသာရေးနှင့် ဆက်စပ်လျက်ရှိ ပေ သည်။ များသောအားဖြင့် ကချင်လူမျိုးတို့၏ အကအမျိုး မျိုးတွင် ဘာသာရေးဆိုင်ရာနှင့် ဆက်နွှယ်သော အက များသာဖြစ်သည်။ ကချင်လူမျိုးတို့သည် ဘာသာရေးနှင့် အက ဆက်စပ်လျက်ရှိပေသည်။
ထင်ရှားသောအကမှာ မနောပွဲတွင် ကသော မနောအကပင်ဖြစ်သည်။ မနောအကကို ကွင်းဆန့်သမျှ လူထောင်နှင့်ချီ၍ ကနိုင်သည်။ လူကြီးလူငယ်မရွေး ဝင် ၍ ကနိုင်သည်။ စုပေါင်း ကရသော အကဖြစ်၍ မနော ကွင်းကို မျက်နှာမူပြီး လက်ယာရစ်လှည့်ကရာ ခေါင်း ဆောင်၏ ကဟန်အတိုင်း နောက်ပါလူများက ကသွားရ သည်။ မူလ မနောအကမှာ ငှက်များမြူးထူးပုံကို အတုယူ ၍ ကပြသောကြောင့်မနောကသူတိုင်း ယပ်တောင်တစ်ခု စီကိုင်၍ ယပ်တောင်ကို ဒေါင်းမြီးသဏ္ဌာန်တု၍ ထားရ သည်။
အထူးသဖြင့် ကကြိုးကကွက်များမှာ မနောပွဲပြု လုပ်ရန် စတင်ဆောင်ရွက်ပုံကို သရုပ်ဖော်သော အက ဖြစ်သည်။ အကများတွင် မြင်းစီးဟန်သရုပ်ဖော်အက၊ တောင်ယာမှ ကျောက်ဖရုံသီးခူးလာပုံ သရုပ်ဖော်အက၊ နတ်ပွဲများတွင် ငါးရှာကွန်ပစ်ဟန် သရုပ်ဖော်အက၊ ဆေး ငုံရန်အတွက် ဆေးများဝေပေးဟန် သရုပ်ဖော်အက၊ အောက်ချင်းငှက်ဟန်အကနှင့် ကျွဲရှာဟန် သရုပ်ဖော် အကများပင် ဖြစ်သည်။ ထို့အပြင် သီးသန့်အကဖြစ်သော မနောဆရာများ အက၊ မနောအလှူရှင်များအက၊ မနော အိမ်ရှင် မိသားစုအကနှင့် မနောပွဲတွင် ချက်ပြုတ် လုပ် ကိုင်သူများ အကဟူ၍ အမျိုးမျိုး ရှိပြန်သည်။
လော်ဝေါ်လူမျိုးအကနှင့် ရဝမ်လူမျိုးအက
ကခုန်ရာတွင်တူရိယာသံစဉ်ကိုလိုက်၍ စည်းချက် ညီညီ ပြတ်တောက်ပြတ်တောက် ကခုန်ကြရသည်။ ကချင် လူမျိုးများ၏ မနောအကများတွင် ခင်ဒူတက် မနာခေါ် လိပ်ပြာ မနောအကသည် ထင်ရှား၏။ လိပ်ပြာ ငယ် တစ်မျိုး၏ ပျံပုံကိုအတုယူ၍ ကခုန်ခြင်းဖြစ်သည်။ ယင်းအကကို ယခုအခါတွင် လော်ဝေါ်မျိုးနွယ်စုနှင့် ရဝမ် မျိုးနွယ်စုတို့က ကျွမ်းကျင်ပိုင်နိုင်စွာ ကတတ်ကြသည်။ လော်ဝေါ်မျိုးနွယ်စု တို့၏ ရိုးရာအကမှာ ခုနှစ်မျိုးရှိပေ သည်။ ဇမ်ဂေါအက၊ ဂျီဂေါ်အက၊ လော်ထောင်အက၊ ဂဘန့်ဂေါအက၊ တန်ဂေါအက၊ ဂျော်ကောင်ဂေါအက၊ ဆမ်းဝှေ့အကတို့ ဖြစ်ပါသည်။
ရဝမ်လူမျိုးများ၏ ရိုးရာအကမှာ ရှစ်မျိုးရှိသည်။ ယင်းတို့မှာ အဇူးလန်အက၊ ဖလုံအက၊ ဇိုင်ဝါးအက၊ မဇန်းအက၊ ဘုံလွတ်အက၊ ရွံ့လူးအက၊ ဖမားအဇူးလန် အက၊ခေတ်ပေါ်အကတို့ဖြစ်သည်။ ကချင်လူမျိုးများ သည် အကတွင် ခြေကိုသာ အဓိကအသုံးပြုကြသည်။ ကကွက် ကိုလည်း ခြေဖြင့်သာ အကွက်ဖော်ကြသည်။ ခန္ဓာကိုယ် ယိမ်းနွဲ့ လှုပ်ရှားမှုနှင့် လက်အနေအထားသည် ခြေကွက် ပေါ် မူတည်သည်။
အချုပ်အားဖြင့်ဆိုရသော် ကချင်လူမျိုးများသည် အနုပညာကို သင်ကြားရန်မလိုဘဲ အတုမြင် အတတ် သင် သဘောဖြင့်သာ ဆည်းပူးတတ်မြောက်သည်ဟု ယူဆကြသည်။လူ့ဘဝတွင်သာယာပျော်ရွှင်ခြင်း၊ ဝမ်းနည်း ခြင်း၊ ကြေကွဲခြင်း၊ ကြောက်ရွံ့ခြင်း၊ ထိတ်လန့်ခြင်းများ ပြေ ပျောက်ရန် အနုပညာဖြင့် ဖြေဖျောက်တတ်ကြသည်။ စိတ် ဓာတ်ခွန်အားများကို အနုပညာဖြင့် ဖြည့်တင်းတတ်ကြ သည်။ တချို့ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုများနှင့်ပါ ဆက်နွှယ်နေပြန်သည်။ထို့ကြောင့်ဂီတနှင့်အကမှ မဟုတ် ပေ အခြားသော အနုပညာများသည်လည်း မရှိမဖြစ် လို အပ်သလို လူမျိုးစုတစ်စု၊ နိုင်ငံတစ်နိုင်ငံအတွက် အနု ပညာသည်အမြုတေရတနာတစ်ပါးပင် ဖြစ်သည်။ ကချင် လူမျိုးများသည်လည်း ဂီတနှင့်အက အလှရတနာ များ စွာကို ပိုင်ဆိုင်ထားသော လူမျိုးများပင်ဖြစ်ပါသည်။