ကချင် ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

လော်ဝေါ် တိုင်းရင်းသားတို့၏ရာသီပွဲတော်များ
Image

လော်ဝေါ်တိုင်းရင်းသား လူမျိုးများတွင် ရာသီအလိုက် ကျင်းပသော ပွဲတော်များရှိသည်။ မိမိတို့မျိုးနွယ်စုများ၏ လူမှုဓလေ့ ထုံးစံများကိုအခြေခံ၍လည်းကောင်း၊ စိုက်ပျိုးရေးလုပ်ငန်းနှင့်အခြားစီးပွားရေးလုပ်ငန်းများကိုအခြေခံ၍လည်းကောင်း ရာသီ ပွဲတော်များကို ကျင်းပ လေ့ ရှိသည်။


(က) မီးဘော်ပွဲ


         နှစ်စဉ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီ လများတွင် ကျင်းပ သည်။ တစ်နှစ်တာတောင်ယာစိုက်ပျိုးရေးလုပ်ငန်း  လုပ်ကိုင်ရန်အတွက်နေ့ရက်တစ်ရက်ရွေးချယ်ကာရွာထိပ်ရှိ“လွမ့်ရှိန်”ခေါ် နတ်စင်တွင် တစ်ရွာလုံးစုဝေးကာယစ် ကောင်များဖြင့်ပူဇော်ကြသည်။ ထို့နောက် တောင်ယာ ခုတ် မည့်နေရာကို ဗေဒင်ကြည့်ကာ အမှတ်အသားပြုပြီး ပျော်ပျော်ပါးပါးစားသောက်ကြခြင်းဖြစ်သည်။ မီးဘော်ပွဲ ကို တစ်နေ့လုံး ကျင်းပကြသည်။


(ခ) ယော်မျှောပွဲ


          တောင်ယာခုတ်သည့်ပွဲဖြစ်ပါသည်။ တောင်ယာ ခုတ်ခြင်းနှင့်အတူ ပေါင်းမြက်ရှင်းလင်းခြင်းကိုပါ  ဆောင် ရွက်ကြသည်။ မိမိတို့အိမ်ထောင်စု အသီးသီးမှ ဆွေမျိုး များနှင့် ပတ်ဝန်းကျင် ဒေသများမှ ဆွေမျိုးသားချင်းများကို ပါ ခေါ်ယူ၍ စုပေါင်းလုပ်အားပေး ဆောင်ရွက်ကြသည့် ရာသီပွဲဖြစ်သည်။ မတ်လ ၊ ဧပြီလ ၊ ဩဂုတ်လ နှင့် စက်တင်ဘာလများတွင် တပျော်တပါး ကျင်းပကြသည်။ လုပ်အားကူညီသူများ   နှင့် အိမ်ရှင်များက ထမင်းဟင်းလျာများ၊ ခေါင်ရည် များ ဖြင့် ဧည့်ခံကျွေးမွေးလေ့ရှိသည်။ တောင်ယာခုတ်ခြင်း၊ ပေါင်းမြက်ရှင်းခြင်းများ ပြီးပါက ၎င်းလများတွင် တောင် ယာ စပါးကို စူးထိုးစိုက် ပျိုး ကြသည်။


(ဂ) ဂျော်ဇိုင်ထောင်ပွဲ


မိမိတို့၏တောင်ယာစိုက်ခင်းများတွင်သားရဲတိရိစ္ဆာန်များနှင့် သဘာဝဘေးအန္တရာယ်များ မကျရောက်စေ ရန် နတ်ကိုပူဇော်သည့်ပွဲဖြစ်သည်။ ဩဂုတ်လတွင် ကျင်းပ လေ့ရှိသည်။ နတ်ဟောဆရာများမှ ဦးဆောင်ပြီး တောင် ယာလုပ်ငန်းရှင်များ၊ကျေးရွာလူကြီးနှင့်ရွာသူရွာသားများ ကို ဖိတ်ကြားပြီး ကျင်းပသည့်ပျော်ပွဲရွှင်ပွဲဖြစ်သည်။


(ဃ) ခူပြေပွဲ


စက်တင်ဘာလနှင့်အောက်တိုဘာလများတွင် ကျင်းပလေ့ရှိသည်။လူပျို၊အပျိုများဦးဆောင်ကာ တောင် ယာထဲတွင် ကျင်းပကြသည်။ လပြည့်ညများတွင်သာ ကျင်းပလေ့ရှိပြီး တောင်ယာမှထွက်သော သခွားသီးများ ဖြင့်ပစ်ပေါက်ခြင်း၊ သခွားသီးစားပြိုင်ခြင်း၊ ခေါင်ရည် သောက် ခြင်းများဖြင့်ကျင်းပသောပျော်ပွဲရွှင်ပွဲတစ်မျိုးဖြစ် သည်။(င) လော်ထောင်ပွဲ


ဩဂုတ်လနှင့်ဒီဇင်ဘာလများတွင်လပြည့်ညများ ၌ကျင်းပသည်။ လနတ်သမီးကို ပင့်ဆောင်၍လူမှုရေးရာ ဗေဒင် ဟောသောပျော်ပွဲတစ်မျိုးဖြစ်သည်။ “လောကွမ်” ခေါ် ဝါးဘူးတစ်ခုတွင် ငွေပြား၊ကြေးပြားများထည့်ကာလ နတ်သမီးကို ပင့်ဆောင်သည့် တေးလင်္ကာရွတ်ပြီး ဝါးဘူး ကို ကိုင်ထားစဉ် ဝါးဘူး၏ လှုပ်ရှားမှုကိုအခြေခံကာဗေဒင် မေးလေ့ရှိသည်။အပျို၊ လူပျိုများ ပျော်ပျော်ပါးပါး စုပေါင်း ကျင်းပသည့် ပွဲဖြစ်သည်။


(စ) လော်ကော့ဖတ်ပွဲ


စုပေါင်းငါးဖမ်းပွဲတော်ဖြစ်သည်။ နှစ်စဉ်မတ်လ၊ ဧပြီလနှင့်မေလများတွင်ကျင်းပကြသည်။ ငါးများကို သေ စေနိုင် သည့် သဘာဝသစ်ရွက်၊ သစ်မြစ်၊ သစ်ခေါက်များကို ထောင်း ထုကာ ချောင်းကြီး၊ ချောင်းငယ်များတွင် ချထား ပြီး ငါးများကို မူးမေ့စေကာ ရေပြင်၌ ပေါ်လာသည့်အခါ စုပေါင်း၍ပျော်ပျော်ပါးပါးငါးဖမ်းယူကြသည့်ပွဲဖြစ်သည်။


(ဆ) ဂေါက်ရှဲပွဲ


    တောင်ယာစပါး စုပေါင်းရိတ်သိမ်းပွဲ ဖြစ်သည်။ စပါးပေါ်ချိန်နိုဝင်ဘာ၊ဒီဇင်ဘာလများတွင် ကျင်းပသည်။ ရပ်ဝေး ရပ်နီးမှ ဆွေမျိုးသားချင်းများ၏ စုပေါင်း လုပ်အား ကိုရယူကာ လက်စားလိုက်စနစ်ဖြင့် ရိတ်သိမ်းခြင်း၊ နယ် လှေ့ခြင်းတို့ကိုပြုလုပ်ကြသည်။ အိမ်ရှင်များမှ ခေါင်ရည် နှင့် စားသောက်ဖွယ်ရာများဖြင့်ဧည့်ခံကျွေးမွေး ကြသည်။


(ဇ) ဂေါက်အောဇော်ပွဲ

လော်ဝေါ်တိုင်းရင်းသားများ၏နှစ်သစ်ကူးပွဲတော် ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း ဇန်နဝါရီလတွင် ကျင်းပကြ သည်။ မိသားစုအလိုက် ကျင်းပသောပွဲ ဖြစ်ပြီးရပ်ဝေး ရပ်နီးမှ ဆွေမျိုးသားချင်းများကို ဖိတ်ကြားသည်။ မုန့် ဆန်ထောင်းပြီး မိမိအိမ်စောင့်နတ် နှင့် အခြားနတ်များကို ပူဇော်ပသပြီး လူများက တပျော်တပါး စားသုံးကြသည်။

လော်ဝေါ်တို့၏ ရိုးရာပွဲတော်များသည် ရှေးယခင် ဘိုးဘွားများလက်ထက်ကကျင်းပခဲ့ကြသောအစဉ်အလာ ရိုးရာပွဲများဖြစ်သည်။ ၎င်းပွဲတော်များသည် လော်ဝေါ်တို့ ၏ လူမှုရေးဖွဲ့စည်းမှုကို ကျစ်လစ်ခိုင်မာ လာအောင် ဆောင်ရွက်နိုင်ကြောင်း တွေ့ရသည်။ မိသားစုတစ်စုချင်း ၏စီးပွားရေးလုပ်ငန်းကို လက်စားလိုက် စနစ်ဖြင့် အပြန် အလှန်ကူညီ စုပေါင်းဆောင်ရွက်သည့် မိသားစုများ၊ ဆွေမျိုးများနှင့် ပတ်ဝန်းကျင်ရှိ အခြားသော တိုင်းရင်း သားများနှင့်လည်း ချစ်ကြည်ရင်းနှီးမှု ၊စည်းလုံးညီညွတ် မှုကိုရရှိစေသောရိုးရာပွဲတော်များ ပင်ဖြစ်သည်။