ကချင် ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

ဂျိန်းဖော့တိုင်းရင်းသားတို့၏ လက်ထပ်မင်္ဂလာပွဲ
Image

ဂျိန်းဖော့တိုင်းရင်းသားတို့၏ ထိမ်းမြားမင်္ဂလာလက်ထပ်ပွဲသည် ထူးခြားသော ရိုးရာယဉ်ကျေးမှုတစ်ရပ် ဖြစ်ပါသည်။ မင်္ဂလာလက်ထပ်ပွဲအစမှအဆုံးအထိအောင်မြင်ပြီးမြောက်အောင်ဆောင်ရွက်ရသောအဆင့်များမှာများပြားလှသည်။ ထို့ကြောင့် ဂျိန်းဖော့ တိုင်းရင်းသားတို့ မင်္ဂလာဆောင် မည်ဆိုပါကမင်္ဂလာလက်ထပ်ပွဲကို ကောင်းမွန်စွာ အတွေ့အကြုံရှိသော“ဆလန်ဝါ”များကဦးဆောင်၍လုပ်ကြရပါသည်။


မင်္ဂလာပွဲကျင်းပရန်အတွက် သတို့သားနေအိမ် အနောက်ဘက် တံစက်မြိတ် အပြင်ဘက်နားတွင် “ခုန်ရန် အူဒန်”ခေါ် မင်္ဂလာယဇ်တိုင်တစ်တိုင်နှင့် “ကွမ်းဘာ” ခေါ် ကိုင်း ပင်များကို တန်းစီစိုက် ထားရလေသည်။ ထို့ပြင် ဆီ၊ ဆန်၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ အရက်၊ ခေါင်ရည်၊ ကစော် ဖက်ရွက်၊ ခြင်းကျား၊ ဝါးကျည်တောက်နှင့် မင်္ဂလာမဏ္ဍပ် အစရှိသော လိုအပ်ဖွယ်ရာများကို လုံလုံလောက်လောက် ရှာဖွေ စုဆောင်း ထားရလေသည်။


မင်္ဂလာနေ့ရက်ရောက်သောအခါ သတို့သမီးခေါ်ရန် အတွက် ကဆာနှစ်ဦးနှင့်အတူ ပေးရန်ရှိသော လက်ဆောင် ခန်းဝင် ပစ္စည်းများကိုတစ်ပါတည်းယူဆောင်ပြီး တစ်ရက် ကြိုတင်သွားရသည်။ သတို့သမီးမိခင်အတွက်လည်းသမီးကိုယ်စား အလွမ်း ပြေကြည့်ရန် သန္တာပုတီး တစ်ကုံးကိုလည်း ယူဆောင်သွားရလေသည်။ သတို့သမီးအိမ်၌ သတို့သမီးမိဘ များသည် ရပ်ရွာလူထုကို ဖိတ်ခေါ်၍ သတို့သမီး အတွက် ဆုမွန်ကောင်း တောင်းပေးကြရလေသည်။ ဤဆုတောင်းပွဲ ကို “နွမ်ရှုယူရှားပွဲ” “နွမ်ရှဘွန်ရှား” ဟုခေါ် လေသည်။


၎င်းဆုတောင်းပွဲတွင် သတို့သမီးကို  လိုက်လံပို့ဆောင်မည့် “နွမ်ဆာ”ခေါ် ပုဂ္ဂိုလ်အချို့ကို ရပ်ရွာလူထုထဲမှ ရွေးချယ် ရသည်။ ထိုပုဂ္ဂိုလ်များထဲတွင်ယဉ်ကျေးမှုကို ကောင်းစွာနားလည်သော အမျိုးသားခေါင်းဆောင်တစ်ဦး နှင့် အမျိုးသမီး ခေါင်းဆောင် တစ်ဦး ရွေးချယ်ရသည်။ ထို့အပြင် “ငါးထောင့် ဆလန်”ခေါ် အမျိုးသားတစ်ဦးနှင့် “လစ်ဂွန်” ခေါ် အမျိုးသမီး တစ်ဦး ကိုလည်း ရွေးချယ်ရလေသည်။


ငါးထောင့်ဆလန် ရွေးရာတွင် နတ်ဟောဆရာက သင့်တော်သူကို ရွေးချယ်ပေးရသည်။ ၎င်း၏တာဝန်မှာ ယောက္ခမဘက်မှ ပေးလိုက်ရသောကျွဲကို မင်္ဂလာယဇ် တိုင်၌ ချည်ပြီးအသင့်ဆောင်လာသော ဓါးမဖြင့် ခုတ်ရန် ဖြစ်သည်။ ငါးထောင့်ဆလန်က မင်္ဂလာယဇ်ကောင်ကို မခုတ်မီ သတို့ သမီး သို့မဟုတ် သတို့သမီး၏ကိုယ်ရံတော် အမျိုးသမီး တစ်ဦး ဦးက  မင်္ဂလာယဇ်ကောင်ကို လည်ပင်းပေါ်၌ ရေစင်ပက်ဖျန်း ပေးရသည်။ အဆိုပါ အမျိုးသမီးတစ်ဦးဦးက မင်္ဂလာယဇ် ကောင်ကို တစ်ချက်ခုတ်၍ မပြတ်လျှင် ယောက္ခမ ဘက်မှ သမက်ကို “မခုတ်ဓါး” တစ်ချောင်းပေးရ၍  နှစ်ချက်ခုတ်၍ မပြတ်လျှင် မခုတ်ဓါးနှစ်ချောင်း အစရှိသည်ဖြင့် ခုတ်သော အချက်ပေါင်းပေါ်မူတည်၍  မခုတ်ဓါးကို ပေးဆောင်ရသည်။ မင်္ဂလာယဇ်ကောင်ကို ခုတ်သတ်ပြီးသောအခါ ဓါး၌ပေစွန်း သောသွေးကိုကြည့်၍အတိတ်နမိတ်ကောင်းမကောင်းကောက် ယူရန် ဓါးကိုအိမ်ရှင်များထံ အပ်နှံရလေသည်။ လစ်ဂွန် အမျိုးသမီး၏တာဝန်မှာ သမက်ဘက်မှ ယောက္ခမဘက်သို့ ပေးလိုက် သော လက်ဆောင် ပစ္စည်များကို သယ်ပိုးပေးရန်ဖြစ်ပါသည်။


ထိုညနေတွင် သတို့သမီးအိမ်၌ နတ်ကိုယစ်ပူဇော်သည့် အခမ်းအနားကျင်းပသည်။ ဆွေမျိုးများအပြင် မိတ်သင်္ဂဟများပါ လာရောက်ကြ၍ဧည့်ပရိတ်သတ်များစည်ကားလှပါသည်။ ကြွရောက်လာသော ဧည့်ပရိတ်သတ်များကို ထမင်း၊ ဟင်း၊ အရက်၊ ခေါင်ရည်တို့ဖြင့်သတို့သမီးဘက်မှဧည့်ခံကျွေးမွေးရသည်။ သတို့သမီး၏ ဦးကြီး၊ဘကြီးစသော ဆွေမျိုးများ ကမင်္ဂလာလက်ဆောင်အတွက် လက်ဖွဲ့ပစ္စည်းများလာရောက်ပို့ဆောင် ကြလေသည်။  လက်ဖွဲ့ရသောပစ္စည်းနှင့် လက်ဖွဲ့သူအမည်များကို ခွဲခြားသတ်မှတ်ရသည်။ ဂျိန်းဖော့တို့၏ ဓလေ့ထုံးစံအရ သတို့သမီးဘက်မှ လက်ဖွဲ့သူများအား သတို့သားဘက်မှ လက်ဆောင် ပြန်ပေးရစမြဲဖြစ်လေရာ ပြန်အမ်းသော လက်ဆောင်ပစ္စည်းများမှာမူ လက်ဖွဲ့တန်ဖိုးထက်မလိုစေရ၊ ပိုလျှင်သာပိုစေရမည်။ ထို့ကြောင့် သတို့သမီး ဘက်မှ နွားတစ်ကောင်လက်ဖွဲ့လျှင် သတို့သားဘက်မှ ကျွဲ တစ်ကောင် လက်ဆောင်ပြန်ပေးရသည်။ ဖိုခနောက် တစ်လုံး ဆိုလျှင်မောင်းတစ်လုံး၊ဝက်တစ်ကောင်ဆိုလျှင်နွားတစ်ကောင်၊ ခေါင်းပေါင်း တစ်ခုဆိုလျှင် ပိုးပုဆိုးတစ်ထည် လက်ဆောင် ပြန်ပေးရသည်။ထို့ကြောင့် လက်ဖွဲ့သူများက သေချာစွာ မှတ်ထားရလေသည်။


ဂျိန်းဖော့တို့၏ထုံးစံအတိုင်းသတို့သမီးဘက်မှဦးလေး၊ဘကြီးစသော ဆွေမျိုးများ လက်ဖွဲ့လေ့ရှိသော လက်ဆောင်ပစ္စည်း များမှာ ဖိုခနောက်ကြီး၊ အိုးကြီး၊ မောင်း၊ စောင်၊ ပုဆိုး၊ ဓါး၊ လှံစသည်တို့အပြင် စပါးမျိုးစေ့များ၊ ပဲမျိုးစေ့များကို အခိုင်လိုက် အနှံလိုက်ပေးကြသည်။ စပါးနက်၊ စပါးနီ၊ ကောက် ညှင်း၊ ပဲပိစပ်၊ ဘာလီ စသောသီးနှံ မျိုးစေ့ များလည်းပါသည်။


ယောက္ခမအိမ်၌ ဆောင်ရွက်စရာများ ပြီးဆုံးသော အခါ နောက်နေ့နံနက် နေခြည်ပျိုးစအချိန်၌ သတို့သမီးကို ရိုးရာဓလေ့အတိုင်းမွမ်းမံပြင်ဆင်ပေးပြီးသတို့သားအိမ်သို့ခေါ်ဆောင်ကြရလေသည်။ ယောက္ခမအိမ်မှ သတို့သားအိမ်ရှိရာသို့ စတင်ထွက် ခွာချိန်မှစ၍  ယောက္ခမကိုယ်စားလှယ်များ ကို သမက်ဘက်မှ ကိုယ်စားလှယ်များက လိုလေသေး မရှိ အောင် အစစအရာရာ  ဂရုတစိုက်ပြုစုရသည်။


သတို့သမီးနှင့်ယောက္ခမကိုယ်စားလှယ်များသတို့သားနေထိုင်ရာ ရွာသို့ရောက်သောအခါ သတို့သားနေအိမ်သို့ တိုက်ရိုက် မဝင်ရဘဲ သတို့သားနှင့် ညီအစ်ကိုတော်သောအိမ်တစ်အိမ်၌ခေတ္တနေရာချထားပေးရသည်။ ယင်းသို့နေရာချထားပေးသောအိမ်ကို “ဂျန်ထုံအင်တာ” ဟုခေါ်သည်။


သတို့သားဘက်မှ အကြိုတော်များသည် ထိုဂျန်ထုံ အိမ်သို့သွားရောက်၍  အရက်ခေါင်ရည်များဖြင့် ဝမ်းပန်းတသာ ကြိုဆိုဧည့်ခံကြရလေသည်။ ပွဲရှင်နှင့် ယောက္ခမကိုယ်စားလှယ် များကြားတွင် လိုအပ်သည်များကို ဆောင်ရွက်ပေးရန် “မဂန် ဘော်ထိန်လက်” ခေါ်ပွဲရှင်ကိုယ်စားလှယ် နှစ်ဦးခန့် ထားရ လေသည်။ ထိုကိုယ်စားလှယ်နှစ်ဦး၏တာဝန်မှာ အိပ်ရာဝင်ချိန်၊အိပ်ယာထချိန်၊ ထမင်းစားချိန် စသည်တို့တွင် အရက် ခေါင်ရည်များ ဆက်သပြီး ကိုယ်စားလှယ် များအား ကျိုးနွံစွာ သတင်းပို့ရသည်။


မင်္ဂလာအခမ်းအနားကျင်းပသောနေ့တွင် သတို့သား အိမ်၌ မင်္ဂလာအခမ်းအနားနှင့်ဆိုင်သော ရိုးရာနတ် ပူဇော်ပွဲ အတွက် ဝက်သုံးကောင်၊ ယောက္ခမနတ်စင်အတွက် ကျွဲနှစ် ကောင်၊ အဒေါ် ဦးလေးနှင့် ဆိုင်သောနတ်၊ သတို့သမီး ပို့သော နတ်၊ မင်္ဂလာနတ် စသည်ဖြင့် နတ်ဟောဆရာ၏ ဟောကိန်း အတိုင်း ပြင်ဆင်ထားရသည်။


ထို့နောက်ပွဲရှင်ဘက်မှ သတ်မှတ်တာဝန်ပေးထားသော အမျိုးသမီးနှစ်ဦးသည် ရိုးရာယဉ်ကျေးမှုအတိုင်း ဝတ်စား ဆင်ယင်မွမ်းမံပြီး ပွဲရှင်ကိုယ်စားလှယ်နှစ်ဦး၏ ခွင့်ပြုချက် တောင်းယူ၍ သတို့သမီးကို မင်္ဂလာဆောင်သို့ ခေါ်ဆောင် လာရသည်။ သတို့သမီးကို ခေါ်ဆောင်သည့်အခါတွင် တည်းခို အိမ်ရှင်နှင့် သတို့သမီးကိုလိုက်ပို့သော ဆွေမျိူးများအား မောင်း နှင့် တောင်ရှည်ပုဆိုး စသည်များကို လက်ဆောင် အဖြစ်ပေး ထားခဲ့ရသည်။ သတို့သမီးသည် သတို့သားအိမ်ရှေ့သို့ ရောက် လျှင် အသင့်ပြင်ဆင်ထားသော နေရာ၌ နေရသည်။ ထိုအခါ နတ်ဆရာက ယဇ်ကောင်များ ပူဇော် နေစဉ် သတို့သမီးကို လိုက်ပို့သောကိုယ်ရံတော်အမျိုးသမီးနှစ်ဦးသည်လည်းမင်္ဂလာ ယဇ်တိုင်အနား၌ စီတန်းစိုက်ထူထားသော ကိုင်းပင်များကို ဖြတ်သန်း၍ သတို့သားအိမ်သို့ ဝင်ရလေသည်။


ထိုအတောအတွင်းသမက်ဘက်မှ တာဝန်ပေးထားသော လမ်းပြနှစ်ဦးသည် ကိုင်းရုံများကို အလယ်မှခြမ်း၍ လမ်းခင်း ပေးရသည်။သတို့သား၏မိခင်သည် သတို့သမီးအား ၎င်းလမ်း အတိုင်းမင်္ဂလာပွဲဆောင်ထဲသို့ လက်တွဲခေါ်ဆောင် သွားရ လေသည်။


သတို့သမီး မင်္ဂလာပွဲဆောင်အတွင်းသို့ သွင်းရာ၌ “အင်ပန်”ခေါ် အိမ်အနောက်ဘက် တံခါးပေါက်မှ ခေါ်သွင်း ရသည်။ သတို့သမီးမင်္ဂလာပွဲဆောင် တံစက်မြိတ်အောက်သို့ ရောက်သောအခါ သတို့သား၏ဖခင်က ပုတီးတစ်ကုံးစွပ် ပေးကာ သမီးအဖြစ် အသိအမှတ်ပြုရလေသည်။ ၎င်းအပြင် လှေကားဟောင်းဘက်၌ယှဉ်၍ ထောင်ထားသောလှေကား အသစ်ပေါ်နင်း၍ မင်္ဂလာဆောင်အိမ်ပေါ်သို့ တက်စေရ သည်။ လှေကားတက်ရန် လှေကားအရောက်တွင် သားသမီး အများဆုံးထွန်းကားသူအမျိုးသမီးကြီးတစ်ဦးက သတို့သမီး အား ဆုတောင်းမင်္ဂလာစကား ပြောကြားပြီး မင်္ဂလာသန္တာ ပုတီးတစ်ကုံးကို ခေါင်းမှနေ၍ စွပ်ပေးကြ သည်။


သတို့သမီးအိမ်သို့ ရောက်သောအခါ ရှေးဦးစွာ “ဒူးနှုးဒပ်” ခေါ် မင်္ဂလာပွဲဆောင်၏ အလယ်မီးဖိုခန်းကို ရှစ်ကြိမ် လှည့် ပတ်ပြီးမှ ကိုယ်ရံတော်များနှင့်အတူ “အင်ကျန်းဒပ” ခေါ် အဘိုးအဘွားများ အခန်း၌ နေရာယူ နားနေရလေသည်။ သတို့သမီးကို လိုက်ပို့သောအမျိုးသား ကိုယ်စားလှယ် များကိုမူ ပွဲချိန်အထိ ဂျန်ထုံအိမ်၌ ဆက်ထားရသည်။ သူတို့ သုံးဆောင် ရန်“မယုရှန်”ခေါ် အမဲပေါင် တစ်ခြမ်းနှင့်အတူ အရက်၊ ခေါင် ရည်စားသောက်ဖွယ်ရာများလုံလုံလောက်လောက် ထောက်ပံ့ကြရသည်။


မင်္ဂလာပွဲသို့ လာရောက်ကြသော ဧည့်ပရိတ်သတ် တို့ကို သတို့သားကိုယ်တိုင်လိုက်၍ ဧည့်ခံကျွေးမွေးရ သည်။ ဧည့်ပရိတ်သတ်တို့သည် မဏ္ဍပ်အတွင်း၌ အရက်ခေါင်ရည် များ သောက်စားရင်း တစ်ဦးနှင့်တစ်ဦး မိတ်ဖွဲ့စကားပြောဆို နေကြလေသည်။


ထို့နောက်သတို့သား၊ သတို့သမီးကိုယ်တိုင် သတို့ သမီးအိမ်မှ ယူလာသောဆန်နှင့် ငါးခြောက်ကို ဆန်ပြုတ် ပြုတ်ရသည်။ ၎င်းဆန်ပြုတ်ကို နှစ်ဖက်သော မိဘဆွေမျိုး များနှင့် ဧည့်ပရိတ်သတ်အား ဧည့်ခံရင်း မိတ်ဆက်ဆွေမျိုး စပ်ကြသည်။ ဧည့်ပရိတ်သတ်များက “ဇနီးမောင်နှံ ကျန်းမာပါစေ၊ချမ်းသာပါစေ၊သားသမီးရတနာမြောက်မြားစွာထွန်းကားပါစေ”ဟုဆုတောင်း မေတ္တာပို့ကြသည်။ အိမ်ပြင်ဘက်တွင်လည်း နေ့လည်က ယဇ်ပူဇော်ထားသော အသားတို့ကို ချက်ပြုတ်၍ ခေါင်ရည်အရက်တို့ဖြင့် ဧည့်သည်တို့အား ကျွေးမွေးဧည့်ခံကြသည်။


ညပိုင်းသို့ ရောက်သောအခါ ပရိတ်သတ်များသည် အိမ်အပြင်ဘက်၌ မီးပုံပွဲများ ပြုလုပ်ကာ သီဆိုကခုန်ပျော်ရွင်ကြသည်။သတို့သမီးအဖွဲ့နေသောအခန်းထဲတွင်မူ “လကာ” သို့မဟုတ် “ဂျန်ကာ” ခေါ် ကဗျာများကို ရွတ်ဆို တတ်သူများ သည် ပြောင် မြောက်သောကဗျာအဖွဲ့အနွဲ့ဖြင့်သတို့သား၊သတို့သမီးအချင်းချင်းချစ်မေတ္တာပွားကာ အကြင်လင်မယား ဖြစ်လာကြပြီး နောက် သားသမီး ဆွေမျိုးသင်္ဂဟ သိုက်သိုက် ဝန်းဝန်းနှင့် ချမ်းသာသုခ ထာဝရခံစား ရပါစေဟူသော အဓိပ္ပါယ်ပါ ဆုတောင်းစာကို ရွတ်ဆိုကြ လေသည်။


ထို့နောက် ဂျိုင်ဝါခေါ် နတ်ဆရာက နတ်စကားဖြင့် သတို့သားနှင့် သတို့သမီးအား “ဂွမ်ဂွန်းဂွမ်းဖိုင်” နတ်ခေါ် မိရိုး ဖလာနတ်မင်းထံအပ်နှံပေးရသည်။အကယ်၍သတို့သား၊သတို့သမီးတို့သည်ဒူဝါမျိုးဖြစ်ပါက“မဒိုင်”နတ်ထံအပ်ပေးသည်။ နတ်ထံ အပ်နှံတိုင်တည်ရာတွင် သတို့သားနှင့် သတို့ သမီးသည် နတ်စင်ရှေ့တွင် တူစုံတွဲနေထိုင်ပြီး သတို့သမီး ဘက်ကယူလာသော ပစ္စည်းများကို ရှေ့တွင်ချကာ ကမ္ဘာဦး မှစ၍ အိမ်ထောင်ပြုသည့်သမိုင်းကို ရှည်လျားစွာပြောပြရ သည်။ကချင်တိုင်းရင်းသားတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း များနှင့်ကိုးကွယ်ယုံကြည်သောနတ်များအကြောင်းကို ကောင်း စွာ သိတတ်နားလည်ပြီး ကဗျာလင်္ကာ ကြွယ်ဝသူအချို့ ကချင်ဆလန်ဝါများသာ နတ်သမိုင်းကို ရွတ်ဆိုတတ်ကြလေသည်။ ၎င်းကဗျာရွတ်ဆိုရာ၌ ဆရာရွတ်ဆိုသည့်အတိုင်း နောက်လိုက်များက တစ်လုံးမကျန် လိုက်ဆို ရလေ သည်။


နံနက်မိုးလင်းခါနီး၌ “ဂျိုင်ဝါဂင်ဆတ်” ခေါ် နောက်ဆုံး ဆုံးမဩဝါဒကို ရွတ်ဆိုပြီး အိမ်ရှေ့အိမ်တိုင်ခြေရင်း၌ “မရော မရတ်”ခေါ်ကြက်တစ်ကောင်ကို သတ်ကာ နိဂုံးချုပ်လေသည်။ ဂျိုင်ဝါဆရာနှင့်အဖွဲ့ကိုပွဲရှင်များက သင့်တော်သလို အဖိုးခပေးရ သည်။


နောက်နေ့နံနက်တွင် သတို့သမီးနှင့်ပါလာသော ဆွေမျိုးများသည် နံနက်ပိုင်းတွင် မိမိတို့ရပ်ရွာသို့ ပြန်ကြ မည် ဖြစ်သည့် အတွက် နံနက်စာဖြင့် ဧည့်ခံကြရသည်။ ၎င်း နံနက်စာ စားပွဲတွင် သတို့သားနှင့်သတို့သမီးသည် “ခေါ်ခေါ် ရှတ်ဘောက်” ခေါ် ထမင်းဟင်းလျာများကို ဆုပ်၍ အချင်းချင်း ခွံ့ကျွေးရသည်။


နံနက်စာစားပြီးချိန်တွင် သတို့သားဘက်မှ မိဘများက သတို့သမီးကို လာရောက်ပို့ဆောင်ပေးသော ဧည့်သည် များကို “နွမ်းဆောရှကနိုင်” ခေါ် သတို့သမီးပို့ဆောင်ခ သင့်တော်သလိုပေးရသည်။ “ဝါဆွမ်းဘိန်” ခေါ် အမဲပေါင် တစ်ပေါင်၊ ကောက် ညှင်းထုပ်၊ ထမင်းထုပ်၊ ဟင်းထုပ်၊ ကြက်ဥပြုတ်နှင့် အရက်ခေါင်ရည်များပါရှိသော ခြင်းကျား တစ်လုံးကိုပါ ပေးလိုက်ရသည်။ ယောက္ခမက ကိုယ်စားလှယ် များသည် ပြန်ခါနီးတွင် သတို့သားထံသို့ သွားလည်ရသည်။ သတို့သမီးက ခေါင်ရည်အရက်တို့ဖြင့် ကြိုဆိုဧည့်ခံရသည်။ထိုအခါကိုယ်စားလှယ်တို့က သတို့သမီးကိုအားပေးစကား ပြောကြားကြသည်။ ၎င်းကို “ရပ်ဒေါဖျ” ဟုခေါ်လေသည်။ ၎င်းတို့သည် သတို့သားနှင့် မိဘများကို ဓါးတစ်လက် လက်ဆောင်အဖြစ် ပေးထားခဲ့ကြသည်။


လက်ထပ်ပွဲ၌ ရွှေငွေပစ္စည်းအင်အားဖြင့်လည်းကောင်း၊ လူအင်အားဖြင့်လည်းကောင်းလာရောက်ကူညီကြသော ရပ် ဝေးရပ်နီးမှမိတ်ဆွေများ၊အပေါင်းအဖော်များကိုပွဲရှင်များကသင့်သလိုကျေးဇူးတုံ့ပြန်ရပါသည်။၎င်းကို“ခေါ်ယာထူအိုင်”ဟုခေါ် သည်။


မင်္ဂလာအခမ်းအနား ပြီးဆုံး၍ ယောက္ခမကိုယ်စားလှယ် များနှင့် အခြားသောဧည့်ပရိတ်သတ်များအားလုံး ပြန်သော အခါသတို့သမီးသည်စပါးကျီမှစပါးတစ်တင်းခန့်ကိုယူပြီး ကိုယ် တိုင်ဆန်ဖွပ်ကာခေါင်ရည်ကစော်ချက်လုပ်ရသည်။ လေး ရက် ကြာမှ ခေါင်ရည်ဖြစ်သဖြင့်ထိုလေးရက်တွင် သတို့သမီးသည် အိမ်အပြင်သို့ မထွက်ရပေ။ လေးရက်မြောက်သောနေ့တွင် ခေါင်ရည်လည်း ကောင်းမွန်လာပြီဖြစ်၍ သတို့သမီးအား အိမ် တွင်းပစ္စည်းအားလုံးနှင့်အိမ်လုပ်ငန်းများကို အပ်နှံလေသည်။


ခေါင်ရည်အသစ်နှင့် စားသောက်ဖွယ်ရာများကို ယူဆောင်ပြီး သတို့သား၊သတို့သမီးတို့သည် သတို့သမီးမိဘများ ထံ သွား ရောက်ကန်တော့ကြရလေသည်။ ထိုနေ့မှစ၍ သူတို့ နှစ်ဦးသည် အကြင်လင်မယားအဖြစ် ပေါင်းသင်းဆက်ဆံနေ ထိုင်ရလေသည်။


      ယနေ့ခေတ်တွင် ဂျိန်းဖော့တိုင်းရင်းသားတို့၏ လက်ထပ် မင်္ဂလာပွဲသည် ဘုရားသခင်ထံအပ်နှံ၍ ဝတ်ပြု ကိုးကွယ်ခြင်း၊ ဆု တောင်းခြင်းစသည်ဖြင့် ခရစ်ယာန်ဘာသာ ဝင်များဖြစ်သည် နှင့်အညီ သင်းအုပ်ဆရာများ၊ သင်းထောက် ဆရာများ၊ ဓမ္မအမှု ဆောင်များက ဦးဆောင်၍ လက်ထပ်  မင်္ဂလာပွဲကို ဘုရားရှိခိုး ကျောင်း၌လည်းကောင်း၊ သတို့သား အိမ်ရှေ့ မဏ္ဍပ်ထိုး၍ လည်းကောင်း ခမ်းနားကြီးကျယ်စွာ ကျင်းပလေ့ရှိသည်။


   ၎င်းတို့ကတာဝန်ယူ၍ဆုတောင်းအပ်နှံမင်္ဂလာဆောင်နှင်းပေးခြင်းဖြစ်လေသည်။ဝတ်ပြုခြင်း၊ကျမ်းသစ္စာဆိုခြင်း၊လက်ထပ် စာချုပ်တွင် လက်မှတ်ရေးထိုးခြင်းတို့ဖြင့်ရိုးရာဓလေ့ထုံးစံများဆောင်ရွက်ပေးကြသည်။မင်္ဂလာဆောင်သောနေ့တွင်သတို့သား မှ မင်္ဂလာလက်စွပ်ကို သတို့သမီးအား ဝတ်ဆင်ပေးခြင်း၊ သတို့သမီးမှ ငွေဓါးလွယ်နှင့် ငွေမောင်းပါ လွယ်အိတ်တို့ကိုသတို့သားအားလည်တွင်ဆင်မြန်းပေးခြင်းဖြင့် တည်မြဲသောခရစ်ယာန်အိမ်ထောင်ရေးအကြင်လင်မယားအဖြစ် တစ်ဦးနှင့်တစ်ဦး ဘုရား သခင်ရှေ့တွင် ကတိသစ္စာ ခံယူကာ မင်္ဂလာဆောင်နှင်းပေးကြသည်ကို တွေ့ရှိရသည်။


ဂျိန်းဖော့တို့၏ လက်ထပ်မင်္ဂလာပွဲသည် မိမိတို့ ဂျိန်းဖော့တိုင်းရင်းသားတို့အတွက်သာမက အခြားကချင် တိုင်းရင်းသားမျိုးနွယ်စုဝင်များအတွက်ပါ ရင်းနှီးချစ်ခင်မှုကို ဖြစ်ပေါ်စေသည့်အစဉ်အလာကောင်းများ၊အကျိုးဆက်များများစွာရရှိစေသည်။