ကချင်လူမျိုးများသည် မွန်ဂိုမျိုးနွယ်စုမှ ပေါက်ဖွားဆင်းသက်လာကာ မွန်ခမာအုပ်စု၊ တိဗက်မြန်မာအုပ်စုနှင့် တိုင်းတရုတ်အုပ်စု စသည်ဖြင့် အုပ်စုသုံးစုခွဲ၍ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာကြသည့် အုပ်စုသုံးစုအနက် တိဗက်မြန်မာအုပ်စုထဲတွင် ကချင်လူမျိုးများပါဝင် လာခဲ့ကြသည်။ ကချင်လူမျိုးတို့၏ လူမျိုးဆင်းသက်လာပုံ၊ တည်နေရာနှင့် အကျယ်အဝန်း၊ ပြောဆိုကြသည့် ဘာသာစကားများအကြောင်းအား ရေးသားတင်ပြအပ်ပါသည်။
ကချင်လူမျိုးဆင်းသက်လာပုံ
ကချင်လူမျိုးများသည် သံလွင်မြစ်နှင့် ဗြဟ္မပုတ္တရမြစ်ဖျားကြားရှိ တောင်တန်းများကို ကွေ့ရှောင်ရင်း အာသံပြည်ဘက်မှနေ၍ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။ ကချင် လူမျိုးများသည် အထက်ပါလမ်းကြောင်းအတိုင်း မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ကာ ခန္တီးမြေပြန့် ဒေသကိုဖြတ်ကျော်၍ မေခမြစ်ဝှမ်းနှင့် တြိဂံနယ်မြေအတွင်းသို့ ဝင်ရောက်အခြေချခဲ့ကြသည်။
တည်နေရာနှင့်အကျယ်အဝန်း
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖြစ်ကြသော ကချင်လူမျိုးစုတို့နေထိုင်ရာ ကချင် ပြည်နယ်သည် မြန်မာနိုင်ငံမြောက်ပိုင်းနှင့် အရှေ့ပိုင်းအရပ်တွင် တည်ရှိပါသည်။ တောတောင် ထူထပ်၍ မြင့်မားသောတောင်တန်းများနှင့် နက်ရှိုင်းသောသစ်တောများလည်းရှိသည်။ အကျယ်အဝန်းမှာ ဧရိယာစတုရန်းမိုင်ပေါင်း(၃၃၉၀၃)ခန့်ရှိပြီး မြောက်လတ္တီတွဒ်(၂၃)ဒီဂရီ (၂၇)မိနစ်နှင့်(၂၈)ဒီဂရီ (၂၅)မိနစ်၊ အရှေ့လောင်ဂျီတွဒ်(၉၆)ဒီဂရီနှင့်(၉၈)ဒီဂရီ (၄၄)မိနစ် အကြားတွင် တည်ရှိပါသည်။ ကချင်ပြည်နယ်၏ အချို့တောင်ထွတ်များသည် ပေ(၁၀၀၀၀) အထက် ရှိ၍ များသောအားဖြင့် ပေ(၃၀၀၀)မှ ပေ(၇၀၀၀)အထိမြင့်မားကြသည်။ထိုသို့မြင့်မားလှသော တောင်တန်းများ၏ အနောက်ဘက်မေခနှင့် မလိခမြစ်အကြားရှိသည့် ရှန်ငေါတောင်တန်းသည် မြန်မာနိုင်ငံမြောက်ဘက်မှ ဆင်းသက်လာသော ငလောင်ဘွန်တောင်နှင့် တစ်ဆက်တည်းဖြစ်သော တြိဂံနယ်မြေတစ်ခုလုံးကို တောင်ကုန်းဒေသ ဖြစ်လာစေခဲ့သည်။ ကချင်လူမျိုးများသည် ထိုတောင်တန်းများအနှံ့အပြားတွင် အခြေချနေထိုင်လာခဲ့ကြသည်။ ကချင်လူမျိုးများသည် ပထဝီအနေအထားကိုလိုက်၍ တောင်တန်းဒေသများတွင်တစ်ဖုံ ကွဲပြားခြားနားကြသည်။ မြေပြန့်အရပ်များနှင့် မြစ်ဝှမ်းဒေသများတွင် အတည်တကျအခြေစိုက် နေထိုင်ကြသဖြင့် ထိုဒေသများတွင် မြို့ကြီးများ၊ ရွာကြီးများထွန်းကားလာခဲ့သည်။ တောင်ပေါ်ဒေသများတွင်မူ ယာယီမျှသာ အခြေချနေထိုင်သောကြောင့် မြို့ကြီးရွာကြီးများ မထွန်းကားဘဲ မြို့ငယ် ရွာငယ်များသာ ထွန်းကားလာခဲ့သည်။
ဘာသာစကား
ကချင်ပြည်နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားကချင်လူမျိုးတို့၏ ဘာသာစကားကို သေချာစွာဆန်းစစ်လိုက်ပါက ရှေးဟောင်းတိဗက်လူမျိုးတို့၏ ဘာသာစကားမှ ဆင်းသက် ပေါက်ဖွားလာသည်ဟုဆိုသည်။ လေယူလေသိမ်းအဖြတ်အတောက်နှင့် အဆွဲအငင်သည် တိဗက်စကားသံ၊ တိဗက်လေယူလေသိမ်း အဆွဲအငင်အတိုင်းပင်ဖြစ်သည်။ စကားလုံးဝေါဟာရ များမှာလည်း လေးပုံတစ်ပုံခန့်မှာ ဧကဝဏ္ဏဝေါဟာရဖြစ်၍ ကျန်စကားလုံးများမှာ အသံ နှစ်လုံးထွက် ဝေါဟာရများဖြစ်သည်။ ဝါကျအဆုံးတွင်လည်း တိဗက်စကားကဲ့သို့ပင် အသံရှည်ဖြင့် အဆုံးသတ်လေ့ရှိသည်။ကချင်လူမျိုးတို့က“အေး”ဟူသော အသံရှည်ဖြင့် အဆုံးသတ်လေသည်။ ကချင်စကားသည် မြန်မာစကားနှင့်လည်း အလွန်နီးစပ်နေပြန်သည်။ အခြေခံစကားလုံးများအနက် လေးပုံတစ်ပုံခန့်မှာ မြန်မာစကားလုံးများနှင့် ကိုက်ညီနေသည့် အပြင် သဒ္ဒါမှာလည်း မြန်မာသဒ္ဒါအတိုင်းဖြစ်နေပြန်သည်။ ကချင်စကားကို သုံးစွဲကြသော တိုင်းရင်းသားကချင်လူမျိုးများသည် နေရာဒေသကိုလိုက်၍ မိမိတို့၏စကားတွင် မိမိတို့ နေထိုင်ရာ အိမ်နီးချင်းလူမျိုးတို့၏ စကားများကိုပါ ယူငင်သုံးစွဲခြင်းကြောင့် ယင်းတို့၏ ဘာသာ စကားဝေါဟာရများမှာ တဖြည်းဖြည်းကြွယ်ဝလာခဲ့သည်။
အနောက်ဘက်အာသံနယ်တွင် သုံးစွဲသောကချင်စကားတွင် နာဂစကားလုံးများနှင့် ကူကီးချင်း စကားလုံးများပါဝင်၍ အရှေ့ဘက်တရုတ်-မြန်မာနယ်စပ် အနီးတဝိုက်တွင် သုံးသော ကချင်စကားများတွင် တရုတ်စကားများ ရောနှောနေပြန်သည်။ မြေပြန့်အရပ်များတွင် သုံးစွဲသော စကားလုံးများတွင်မူ မြန်မာစကားများနှင့် ရှမ်း- မြန်မာစကားလုံးများ အသီးသီး ရောနှောနေပြန်သည်။ ကချင်လူမျိုးတို့ ပြောဆိုသုံနှုန်းသော စကားများမှာ နေရာဒေသအလိုက် ကွဲပြားခြားနားမှုရှိကြသည်။
ဂျိန်းဖော့စကားမှာ ကချင်ပြည်နယ်တွင် လူသုံးအများဆုံးဖြစ်သည်။ ဂျိန်းဖော့စကား တစ်မျိုးတည်းကိုပင် အာသံနယ်စပ်နှင့် ဟူးကောင်းချိုင့်ဝှမ်းဒေသတွင်တစ်မျိုး၊ မေခ မလိခ မြစ်ဝှမ်းတွင်တစ်မျိုး ပြောဆိုသည်ကိုတွေ့ရပေသည်။ ထို့ပြင်ဂျိန်းဖော့စကားတွင် သာမန်ဂျိန်းဖော့၊ ခခူးဂျိန်းဖော့၊ ဂေါ်ရီ(Gauri)ဂျိန်းဖော့စကားများသည် အသံနေအသံထားအပေါ် အနည်းအကျဉ်းစီ ကွဲပြားကြသည်။ သာမန်ဂျိန်းဖော့စကားမှာ ကချင်ပြည်နယ်နေရာအနှံ့အပြားတွင် သုံးသော စကားဖြစ်၍ စာပေလည်းရှိပြီးဖြစ်သောကြောင့် ယင်းကိုစာသင်ကျောင်းများတွင်လည်း သင်ကြားပို့ချကြသည်။ ဝေါဟာရအနေနှင့် ဂျိန်းဖော့စကားများတွင် ဝေါဟာရအကြွယ်ဆုံး ဖြစ်ရာ အရေအတွက်အားဖြင့် ဝေါဟာရပေါင်း (၁၅၀၀၀) ခန့်ရှိပါသည်။
ခခူးဂျိန်းဖော့စကားမှာ မေခ၊ မလိခမြစ်ညှာအရပ်တွင် ပြောဆိုသုံးနှုန်းသောစကားဖြစ် သည်။ အခြေခံအားဖြင့် သာမန်ဂျိန်းဖော့နှင့် ခခူးဂျိန်းဖော့စကားတို့မှာ အထွေအထူးခြားနားခြင်း မရှိ၊ လေယူလေသိမ်းနှင့် အသံနေအသံထား ခြားနားမှုသာရှိသည်။ ခခူးစကားတွင် အခြား ဘာသာစကားများရောစွက်မှု နည်းပါးသောကြောင့် ထိုစကားမှာ ဂျိန်းဖော့စကားများအနက် အသန့်ဆုံးဟု ဆိုနိုင်ပေသည်။
ဂေါ်ရီ(Gauri) စကားမှာလည်း ဂျိန်းဖော့စကားပင်ဖြစ်သည်။ ဂေါ်ရီ(Gauri)စကားတွင် အဇီးဝေါဟာရများ အတော်အတန် ရောနှောနေရုံသာမက လေယူလေသိမ်းမှာလည်း တရုတ်သံ အနည်းငယ်ဝဲသည်။ ဂေါ်ရီ(Gauri)စကားကို ဂျိန်းဖော့ကချင်များထဲမှ လဖိုင်နွယ်က ဆင်းသက် ပေါက်ဖွားလာသော ဂေါ်ရီ(Gauri)များကသာ သုံးစွဲသည်။ ဟူးကောင်းဂျိန်းဖော့စကားမှာ ဂေါ်ရီ(Gauri)ဂျိန်းဖော့စကားကဲ့သို့ နီးစပ်ရာအိမ်နီးချင်းတို့၏ စကားများရောနှောလျှက်ရှိသည့် စကားတွင် ကူကီးချင်းလူမျိုးတို့သုံးစွဲသော ဝေါဟာရများ၊ နာဂတို့သုံးစွဲသော ဝေါဟာရများ များစွာရောနှောလျက်ရှိသည်။ မူရင်းစကားမှာ ဂျိန်းဖော့စကားပင်ဖြစ်သော်လည်း လူမျိုးနွယ်ကို လိုက်၍ ပြောဆိုသုံးနှုန်းသော စကားပင်ဖြစ်သည်။ ဂျိန်းဖော့ကချင်ထဲမှ ဟူးကောင်းအနွယ် များက ပြောဆိုသောစကားဖြစ်၍ သာမန်ဂျိန်းဖော့စကားနှင့်မူ လေယူလေသိမ်းလည်း ကွဲပြား ခြားနားပါသည်။
ဒူလိုင်(Duleng) ဂျိန်းဖော့စကားမှာ အသံထွက်ရာတွင် ဂျိန်းဖော့စကားထက်ပို၍ အာလေး၊ လျှာလေးရှိသည်။ ဒူလိုင်(Duleng)ဂျိန်းဖော့စကားပြောသူတိုင်းသည် အနွယ်တစ်မျိုး တည်းမှ ဆင်းသက်ပေါက်ပွားလာသူများဖြစ်သည်။ လူမှုရေးစနစ်မှာလည်း တစ်ပုံစံတည်း နေထိုင်သူများဖြစ်ကြသည်။ ဒေသန္တရသုံးစကားဖြစ်သော်လည်း ထိုစကားကိုသုံးသူများက မိမိတို့အနွယ်နှင့် မိမိတို့လူမှုရေးစနစ်ကို မူရင်းမပျက်စေရန် ပြောဆိုထိန်းသိမ်းလေ့ရှိသောကြောင့် ကချင်ပြည်နယ် တစ်ဝှမ်းလုံးတွင် ဒူလိုင် (Duleng) ဂျိန်းဖော့စကားမှာမည်သည့်နေရာတွင်မဆို တစ်ပုံစံတည်းပင်ဖြစ်၍ အခြားဘာသာစကားများ ရောယှက်မှုလည်း အလွန်နည်းပါးလှပါသည်။
ထိန်နိုင်းဂျိန်းဖော့စကားမှာ မြန်မာစကားနှင့် ရှမ်း - မြန်မာစကားများ အတော်အတန် ရောနှောနေသော ဂျိန်းဖော့စကား တစ်မျိုးဖြစ်သည်။ လေယူလေသိမ်းမှာလည်းသာမန်ဂျိန်းဖော့နှင့်မတူဘဲ မြန်မာသံနှင့်ရှမ်းသံများ စွက်ဖက်လျက်ရှိသည့်စကားမှာ မျိုးနွယ်ကို လိုက်၍ ကွဲပြားလာသော စကားမဟုတ်ဘဲ ဒေသကိုလိုက်၍ ကွဲပြားလာသော စကားဖြစ်ပေရာ ဗန်းမော်၊ မြစ်ကြီးနားခရိုင်အတွင်း မီးရထားလမ်းတစ်လျှောက်နှင့် ရွှေကူမြို့နယ် ဧရာဝတီ အနောက်ဖက်ကမ်းတစ်လျှောက်တွင်နေထိုင်ကြသော ဂျိန်းဖော့အမျိုးသားများ ပြောဆိုသုံးနှုန်း ကြသည်။
ကချင်လူမျိုးတို့၏ ဘာသာစကားများအနက် ဒုတိယလူသုံးအများဆုံးမှာ မရူစကား ဖြစ်သည်။ မြန်မာစကားနှင့် အဓိပ္ပါယ်တူ အသံထွက်တူသော စကားလုံးပေါင်းမြောက်များစွာ ပါဝင်သည်။ ထို့ကြောင့် မရူစကားနှင့် မြန်မာစကားမှာ အခြေခံတစ်ခုတည်းမှ ဆင်းသက်ပေါက် ဖွားလာကြောင်း ထင်ရှားသည်။ မရူစကားလည်း ဂျိန်းဖော့စကားကဲ့သို့ နေရာဒေသအလိုက် ကွဲပြားမှုရှိပြန်သည်။ သာမန်မရွေး၊ အဇီး၊ လရှီစကားဟူ၍ သုံးမျိုးကွဲပြားပြန်သည်။ အဇီးစကားသည် မြန်မာစကားနှင့် အလွန်ပင်နီးစပ်ကိုတွေ့ရသည်။ ဥပမာ-
မြန်မာစကား အဇီးစကား
ခွေး ခွေ
ဆတ် ဆတ်
ဆား ဆော်
မီး မြီး
လူ ဗျူ
ရေ ဝေ
လေ လိုင်
လက် လော
ဝက် ဝ စသည်ဖြင့် အခေါ်အဝေါ်များသည် အလွန်ပင် နီးစပ်နေသည်ကို တွေ့ရသည်။
ထို့ပြင်ရဝမ်စကားတွင် အသံအနိမ့်အမြင့်အလိုက် ကွဲပြားသောစကားများ ရှိသေးသည်။ ယင်းတို့မှာ ထရုံစကား၊ ဇာရီစကား၊ ထလုစကား၊ အခူးဖိုင်းစကား၊ အနမ်းပိုင်းစကား၊ ရမီလ် စကားနှင့် လုံမီစကားတို့ဖြစ်သည်။ ကချင်လူမျိုးတို့သည် ဆင်းသက်နေထိုင်သော နေရာဒေသ အလိုက် ဘာသာစကားများနှင့် လူမျိုးနွယ်တစ်ခုစီ၏ သုံးနှုန်းသောစကားတို့သည် အလွန်ပင် များပြားကြွယ်ဝလှသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးစု (၁၃၅)မျိုးအနက် ကချင်လူမျိုးများ၏ လူမျိုးဆင်းသက်လာပုံ၊ တည်နေရာ၊ အကျယ်အဝန်း၊ နေရာဒေသစကားကိုလိုက်၍ ပြောဆိုကြသည့် ဘာသာစကားလေ့လာမှတ်သားသမျှကို စုစည်း တင်ပြရခြင်းဖြစ်ပါသည်။