တိုင်းနေလူမျိုးများသည် မွန်ဂိုလွိုက်အနွယ် ထိုင်းတရုတ်အုပ်စုမှ ပေါက်ဖွားဆင်းသက် လာသူများဖြစ်ပါသည်။ တိုင်းလေရှမ်းလူမျိုးများသည် (၁)ရာစုခန့်မှစ၍ ရှမ်းပြည်ထောင်စု နန်ချောင်နိုင်ငံတော်ဒေသတွင် နေထိုင်ခဲ့ကြသည်။ နန်ချောင်နိုင်ငံကို မြန်မာ့သမိုင်းတွင် ဂန္ဓာလတိုင်း၊ ဂန္ဓရာဇ်တိုင်း၊ ဂန္ဓာရာဇာစ်ပြည်ဟု အမည်အမျိုးမျိုးခေါ်ဝေါ်ကြသည်။
ခရစ်သက္ကရာဇ် (၁၂၅၂)ခုနှစ်တွင် မွန်ဂိုတို့၏ စစ်ဘေးဒဏ်ကြောင့် နန်ချောင်နိုင်ငံ ဒေသတွင် နေထိုင်ကြသော တိုင်းလေတိုင်းရင်းသား ရှမ်းလူမျိုးတို့သည် ယခင်ယိုးဒယား(ထိုင်း) သို့လည်းကောင်း၊ မြန်မာပြည်သို့လည်းကောင်း၊ အင်ဒိုချိုင်းနားသို့လည်းကောင်း စသည့်နေရာ ဒေသများသို့ ရေကြည်ရာမြက်နုရာသို့ ပြောင်းရွှေ့သွားကြလေသည်။
တိုင်းနေ(ခ)တိုင်းလေ၏ ဝေါဟာရအဓိပ္ပါယ်
တိုင်းလေဟူသောဝေါဟာရမှာ ရှမ်းစကားဖြစ်ပြီး မြန်မာဘာသာအားဖြင့် အထက်ရှမ်းဟု အဓိပ္ပါယ်ရသည်။ အချို့သောရှမ်းတို့က တိုင်းနေဟု ခေါ်ကြသည်။ တိုင်းလေနှင့် တိုင်းနေ ဟူသော ဝေါဟာရမှာ အဓိပ္ပါယ်အတူတူပင်ဖြစ်လေသည်။ ရှမ်းလူမျိုးတို့သည် ရောက်ရှိသော နေရာဒေသကို အမှီပြု၍သော်လည်းကောင်း၊ နီးစပ်ရာမြစ်ချောင်းများ၏ အမည်ကိုအမှီပြု၍ သော်လည်းကောင်း၊ ရိုးရာဝတ်စုံ၏ အရောင်အဆင်းကို အစွဲပြု၍သော်လည်းကောင်း၊ ၎င်းတို့၏ လူမျိုးနာမည်ကို ပြောင်းလဲမှည့်ခေါ်လေ့ရှိသည်။ မြောက်ပိုင်းဒေသကို ရှမ်းများက အထက်အရပ်ဟူ၍လည်းကောင်း၊ ရိုးရာဝတ်စုံ၏ အရောင်အဆင်းကို အစွဲပြု၍ သော်လည်းကောင်း၊ ၎င်းတို့၏ လူမျိုးနာမည်ကို ပြောင်းလဲမှည့်ခေါ်လေ့ရှိသည်။ မြောက်ပိုင်းဒေသကို ရှမ်းများက အထက်အရပ်ဟူ၍လည်းကောင်း၊ မြောက်အရပ်ဟူ၍လည်းကောင်းခေါ်ကြသည်။ ထိုမြောက်ပိုင်း ဒေသ သို့မဟုတ် အထက်ပိုင်းဒေသတွင် နေထိုင်ကြသောရှမ်းများကို တိုင်းနေ(ခေါ်)တိုင်းလေဟု ခေါ်သည်။
ဝတ်စားဆင်ယင်မှု
(က) အမျိုးသားဝတ်စုံ
တိုင်းလေအမျိုးသားများသည် နက်ပြာရောင်ဝမ်းဆက်ဝတ်စုံနှင့် နက်ပြာရောင်ခေါင်းပေါင်းကို ဝတ်ဆင်ကြပါသည်။ ခေါင်းပေါင်းတွင် အလျား(၂)ကိုက် တစ်ထွာ နှင့် အနံ ကိုးလက်မရှိသည့်အစဖြင့် အသုံးပြုကြသည်။ အပြာရောင် စတစ်ကော်လံ သို့မဟုတ် ကော်လံ ကတုံးအင်္ကျီကို ဝတ်ဆင်ပြီး ပုစဉ်းခေါင်းကြယ်သီးဖြင့် တပ်ဆင်ကြသည်။ နက်ပြာရောင် ဘောင်းဘီဖြင့် အလှဆင်၍ ဘောင်းဘီခေါင်းနားနှင့် ခြေဝနားတွင် ရှမ်းမိတ်တပ်၍ ဝတ်ဆင်ကြပြီး အိတ်ထောင်သုံးလုံးနှင့် ဘေးခွဲအင်္ကျီဝတ်ဆင်ကြသည်။ ခါးစီးတွင် အနီရောင်ဖဲပြားစအပြား ဆယ်လက်မနှင့် အရှည်နှစ်ကိုက်ခွဲကို အသုံးပြုကြသည်။
(ခ) အမျိုးသမီးဝတ်စုံ
တိုင်းလေအမျိုးသမီးများသည် ဆံပင်ကို ဆံကျစ်ကျစ်ပြီး ခေါင်းကိုပတ်ထား၍ လေးလက်မ အပြားရှိ ခေါင်းပေါင်းအမဲနှင့် ဆံကျစ်ပေါ်တွင်တင်ပြီး အလှဆံထုံးကို ခေါင်းပေါင်းပေါ်တွင် ပန်ရသည်။ စတစ်ကော်လံအင်္ကျီအနက်နှင့် ပုဇဉ်းခေါင်းအနက်ရောင်တပ်ဆင်ကြသည်။ ငွေသားဖြင့် ပြုလုပ်ထားသော လည်ရွဲကုံးဖြင့်ဝတ်ဆင်ပြီး အနက်ရောင်လုံချည်ကို ရောင်စုံဖဲပွင့်စ အစိမ်းရောင်၊ ပန်းရောင်၊ အဝါရောင်၊ စသည့်အရောင်များကိုသုံးပြီး ဝတ်ဆင်လေ့ရှိသည်။ ခါးစည်းကြိုးကို အပြားနှစ်လက်မနှင့် အရှည်သုံးကိုက်ခွဲရှိသော ပိတ်စအနက်ပေါ်တွင် အဖျားပိုင်း နှစ်ဖက်စလုံး လက်ပန်းထိုးဖြင့် ထိုး၍ အသုံးပြုကြသည်။
ရိုးရာယဉ်ကျေးမှု
တိုင်းလေတိုင်းရင်းသားတို့သည် ကိုယ်ပိုင်ဝတ်စား ဆင်ယင်ထုံးဖွဲ့မှု ရှိပါသည်။ တိုင်လေ ရှမ်းစာဖြင့် ရေးစပ်ဖွဲ့နွဲ့သီဆိုသော ပြဇာတ်သီချင်းများဖြင့် ပြဇာတ်ကကြသည်။ “ကျိန်း”ခေါ်သော ပြဇာတ်ဖြင့် မိမိတို့၏ သမိုင်းကြောင်းများ စသည့်အကြောင်းအရာများကို ကပြ တင်ဆက်ဖျော်ဖြေကြပါသည်။ တိုင်းလေတိုင်းရင်းသား ရှမ်းလူမျိုး တို့ ရိုးရာအကဖြစ်သည့် “ကာဟန့်ကောင်(ခေါ်)အိုးစည်သိုင်းအလှအက”သည် မရိုးနိုင်သော အကတစ်မျိုးဖြစ်လေသည်။
ကိုးကွယ်ယုံကြည်မှု
တိုင်းလေတိုင်းရင်းသားလူမျိုးများသည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြသည်။ အေဒီ ၁၇ ရာစုအတွင်း ကျိုင်းတုံမှ ဗုဒ္ဓဘာသာကို ရရှိလာခြင်းဖြစ်သည်။ အချို့တွင် နတ်ကိုးကွယ် မှုများလည်း ရှိပါသည်။ ကောက်စိုက်ချိန်၊ ကောက်သိမ်းချိန်များတွင် စပါးအထွက်နှုန်းတိုးလာစေရန် တစ်နှစ်တစ်ကြိမ်ကျ ရွာစောင့်နတ်၊လယ်စောင့် နတ်နှင့် သမ္မာဒေဝါနတ်များအား ပူဇော် ပသကြခြင်းဖြစ်သည်။ သို့သော် ထုံးစံမျှသာဖြစ်ပြီး ကြီးကျယ်ခမ်းနားစွာ နတ်ပွဲကြီးများကျင်းပခြင်း မရှိပေ။
ရိုးရာပွဲတော်
တိုင်လေရှမ်းတိုင်းရင်းသားတို့သည် ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ကြသူများ ဖြစ်ကြ သည်။ ဗုဒ္ဓဘာသာပွဲများဖြစ်သော သီတင်းကျွတ်ပွဲတော်၊ သင်္ကြန်ပွဲတော်၊ ရှင်ပြုပွဲရဟန်းခံ၊ ပဌာန်းရွတ်ပွဲ၊ သက်ကြီးရွယ်အို မိဘဘိုးဘွားများ ပူဇော်ပွဲများ နှစ်စဉ်ချိန်ခါမပြတ် ကျင်းပကြ သည်။ “ပွဲလိန်စီ” (ဘိုးဘွားမိဘကန်တော့ပွဲ)ကို ရှမ်းပြက္ခဒိန်နှစ်၏ စတုတ္ထမြောက်လတွင် တိုင်းလေရှမ်းရွာတိုင်းအိမ်တိုင်းက မပျက်မကွက်ကျင်းပလေ့ရှိသည်။ “ပွဲလိန်စီ” (ဘိုးဘွားမိဘ ကန်တော့ပွဲ)တွင် မိဘဆွေမျိုးများနှင့် မိတ်သင်္ဂဟများကို ဧည့်ခံကျွေးမွေးခြင်း၊ ကွယ်လွန် ပြီးသောဘိုးဘွားများကို စားသောက်ဖွယ်ရာများ အမွှေးနံ့သာများဖြင့် ခင်းကျင်းထွန်းညှိ ပူဇော် ပသခြင်းနှင့် ပွဲလာပရိသတ်များအား “ကျိန်း”ခေါ်သော ပြဇာတ်ဖြင့် တင်ဆက်ဖျော်ဖြေလေ့ ရှိပါသည်။
ဝိုင်းမော်(ယခုဝိုင်းမော်မြို့နှင့် တိုင်းလေရှမ်းတို့ ဆက်စပ်မှုဖြစ်စဉ်)
တိုင်းလေရှမ်းလူမျိုးတို့သည် အေဒီ-၁၂ ရာစု အတွင်း ကချင်ပြည်နယ် ဝိုင်းမော်မြို့သို့ ရောက်ရှိခဲ့ကြသည်။ စဝ့်ဆမ်ကာဆိုသူ ဦးဆောင်ကာ (ဝိန်းကျွမ်၊ ဝိန်းကန့်၊ ဝိန်းငိင်း)ကျေကို၊ ကျေကန့်၊ ကျေမွန်းဟူသော စော်ဘွားကြီးအဆင့် နေထိုင်ရာမြို့ပြမြို့တည်ခဲ့ကြသည်။ ဝိန်းဆိုသည်မှာမြို့ဖြစ်သည်။ ဝိန်းကန့်၌လေးထောင့်ကျ နှစ်မိုင်ပတ် လည် ကျုံးဝန်းရံလျက် တိုင်းလေရှမ်းတို့၏ ရှေးဟော်နန်းအဖြစ် ယနေ့တိုင်တည်ရှိသည်။ ဝိန်းကျွမ်တွင် ရှေးခေတ်ဟောင်း ဓားလက်နက်များ တွေ့ရှိနိုင်သည်။
ထို့အပြင် စဝ့်ဆမ်ကာတည်ထားကိုးကွယ်ခဲ့သောရှေးဟောင်းစေတီများလည်းရှိသည်။ ဝိုင်းမော်မြို့သည် ဝိန်းကျွမ်၊ ဝိန်းကန်၊ ဝိန်းငိင်းမြို့ဟောင်းများဖြစ်ကြောင်း တရုတ် နှင့်စစ်ခင်း၍ ၎င်းမြို့များ ပျက်စီးခဲ့ကြပြီး နောက်ပိုင်းတွင် နေရာသစ်၊ မြို့သစ် ပြန်လည်ထူထောင်ခဲ့ကြရာ ရှမ်းဘာသာအားဖြင့် (ဝိန်းမိုင်)ဟု ခေါ်ဆိုရာမှ မြန်မာဘာသာစကားဖြင့် (ဝိုင်းမော်)ဟု မြစ်ပေါ် လာခဲ့ခြင်းဖြစ်ကြောင်းနှင့် တိုင်းနေရှမ်းလူမျိုးများ တည်ထောင်ခဲ့သည့်မြို့ဖြစ်ကြောင်း ဝိုင်းမော်မြို့ သမိုင်းကြောင်းအရ သိရပါသည်။
ရိုးရာအစားအစာ
တိုင်းလေလူမျိုးတို့၏ အစားအစာများသည် ကောက်ညှင်းဆန်များဖြင့် အဓိကပြုလုပ်သည့် ကောက်ညှင်းထုတ်အစားအစာ၊ ဆာဖေ့၊ ဆာခွမ်အစားအစာနှင့် ဝက်သားဖုတ်ဟင်းလျာ အစားအစာဖြစ်သည်။
ပျံ့နှံ့နေထိုင်မှု
တိုင်းလေရှမ်းများသည် ကချင်ပြည်နယ်တွင် မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ မိုးမောက်၊ ရွှေကူ၊ မိုးညှင်း၊ မိုးကောင်းတို့တွင်လည်းကောင်း၊ ရှမ်းပြည်နယ်တွင် မိုးမိတ်၊ ကျောက်မဲ၊ လားရှိုး နှင့် မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်တို့တွင်လည်းကောင်း နေရာအနှံ့ အုပ်စုလိုက် နေထိုင်ကြသည်။ ကချင်ပြည်နယ်တွင် တိုင်းနေလူဦး ရေ (၁)သိန်းကျော်ရှိမည်ဟု ခန့်မှန်းရသည်။