ကချင် ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

ကချင်ရိုးရာသစ်သားပြက္ခဒိန်
Image

ပြက္ခဒိန်သည် နှစ်၊ လ၊ နေ့ရက်တို့၏ အပိုင်းအခြား အမှတ်အသားအဖြစ် လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် လူတို့အသုံးပြုခဲ့ကြသည်။ ကမ္ဘာပေါ်ရှိနိုင်ငံများတွင် မိမိတို့ နိုင်ငံ၏ သမိုင်းကိုပြုစုရာတွင်ခေတ်နှင့်အချိန်ကာလကို တိကျ မှန်ကန်စွာ မှတ်သားနိုင်ရန် ပြက္ခဒိန်လိုအပ်ပါသည်။ ပြက္ခဒိန် ကို မြန်မာကျမ်းဟောင်းများတွင် အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုထား သည်ကိုတွေ့ရှိရသည်။ပြက္ခဒိန်သည်လူမျိုးတစ်မျိုး၏ဘာသာ တရား၊ ယုံကြည်ကိုးကွယ်မှုနှင့် ယဉ်ကျေးမှု အတွက် အဓိက အရေးကြီးလှသည်။


ကချင်လူမျိုးတို့သည် ပြက္ခဒိန်ကို ကချင်ဘာသာဖြင့် ရှတာအင်ထွဲ (Shata Nhtoi)၊ မြန်မာဘာသာဖြင့် ကချင် ပြက္ခဒိန်၊အင်္ဂလိပ်ဘာသာဖြင့်(Kachin Calendar)ဟူ၍ အမျိုး မျိုးခေါ်ကြသည်။ မှတ်သားပုံမှာ ထူးခြားလှသည်။ ရှေးယခင် ကလကို ကြည့်၍လည်ကောင်း၊ ရာသီဥတု၊ကျေးငှက်တို့၏ ကျူးသံများကိုကြည့်၍လည်းကောင်း ရက်၊ လ၊ နေ့တို့ ကို တွက်ချက်ခဲ့ကြသည်။


ရှေးယခင်က ကချင်မျိုးနွယ်စုတို့ အသုံးပြုခဲ့သော သစ်သားပြက္ခဒိန်ကိုယမ်ဟုခေါ်သည်။ သစ်သားပြားငယ် တွင် အပေါက်ငယ်(၃၀)ထွင်းထား၍ တစ်လအတွင်း နေ့ရက်များကို တုတ်ချောင်းငယ်ဖြင့် တစ်ပေါက်ပြီး တစ်ပေါက်ရွှေ့၍ မှတ် သား ခဲ့ကြသည်။


မြန်မာတို့တွင် ကဆုန်၊ နယုန်၊ ဝါဆို၊ ဝါခေါင်၊ တော် သလင်း၊ သီတင်းကျွတ်၊ တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသို၊ တပို့တွဲဟူ၍ ဆယ့်နှစ်လရာသီရှိသကဲ့သို့ ကချင်မျိုးနွယ်စု တွင် လည်းရှိပါသည်။ ကချင်မျိုးနွယ်စုတို့၏ ဆယ့်နှစ်လရာသီ မှာ ခရူတာ(Hkru Ta)၊ ရာတာ(Ra Ta)၊ ဝတ်တာ(Wut Ta)၊ ရှလားတာ(Shala Ta)၊ ဂျထွမ်းတာ(Jahtum Ta) ၊ ဆငန် တာ(Sanaga Ta)၊ ရှီမရီတာ(Shi Mari Ta)၊ ဂွမ်ရှီတာ (Gup Shi Ta)၊ ဂွမ်တုံတာ(Gup Tung Ta)၊ ကလားတာ (Kala Ta)၊ မဂျီတာ(Maji Ta)၊ မဂါးတာ(Maga Ta) တို့ဖြစ် ကြသည်။


ကချင်မျိုးနွယ်တို့သည် အဓိကတောင်ယာလုပ်ငန်း၊  ဥယျာဉ်ခြံလုပ်ငန်းစသည်ဖြင့်   စိုက်ပျိုးရေးလုပ်ငန်းကို လုပ် ကိုင်ကြသောကြောင့် ရာသီဥတုအပိုင်းအခြားကို ကောင်းစွာ သိရှိရန်လိုအပ်ပါသည်။ ရာသီဥတုအပိုင်းကို ကောင်းစွာမသိ ရှိပါက ကလားတာ(Kala Ta)အစာရေစာ ငတ်မွတ် ခေါင်း ပါးခြင်း ဘေးဒုက္ခနှင့် တွေ့ကြုံရတတ်သည်ဟု ရှေးယခင်က ယုံကြည်ကြသည်။ ထို့ကြောင့် နွေ၊ မိုး၊ ဆောင်းဟူသော ရာသီ ဥတုအပိုင်းအခြားကို အောက်ပါ အတိုင်း ပိုင်းခြားသတ်မှတ် ထားသည်။ ၎င်းတို့မှာ


နွေဥတုတွင်-


(၁) ခရူတာ(Hkru Ta)


(၂) ရာတာ(Ra Ta)


(၃)ဝတ်တာ(Wut Ta)


  (၄)ရှလားတာ(Shala Ta)


မိုးဥတုတွင်-


(၁) ဂျထွမ်းတာ(Jahtum Ta)


(၂) ဆငန်တာ(Sanaga Ta)


(၃) ရှီမရီတာ(Shi Mari Ta)


(၄) ဂွမ်ရှီတာ(Gup Shi Ta)


ဆောင်းဥတုတွင်-


(၁)ဂွမ်တုံတာ(GupTungTa)                      


(၂) ကလားတာ (Kala Ta)


  (၃) မဂျီတာ (Maji Ta)


(၄) မဂါးတာ (Maga Ta) ဟူ၍ ပါဝင် သည်။


ခရူတာ (Hkru Ta)သည် နှစ်တစ်နှစ်၏ ပထမဆုံး နေ့ ရက်(သို့မဟုတ်) နှစ်သစ်ကူးဟူ၍ ရိုးရာအရ သတ်မှတ်ထား သည်။ ခရူတာ(Hkru Ta)ဆိုသည်မှာ စပါး၊ ပဲ၊ ပြောင်း အစရှိ သည်တို့ကို အားလုံးရိတ်သိမ်းပြီး ဝဝလင်လင်  စားသောက်ရ သောလ ဖြစ်သောကြောင့်ဟု အဓိပ္ပါယ်ရသည်။ ထို့ပြင် မြေ ပြန့်တွင် ခရူးပန်းများ ပွင့်လန်းသောအချိန်ဖြစ်ပြီး ၎င်းလမှာ ဖေဖော်ဝါရီလနှင့် မတ်လဖြစ်သည်။


ရာတာ (Ra Ta) ဟု ခေါ်ဆိုရခြင်းမှာ ၎င်းလတွင် တစ် မျိုးသားလုံး အစားအသောက်၊ ပေါင်းသင်းဆက်ဆံရေး စသည့် ကိစ္စရပ်များတွင် တစ်ပြေးညီဖြစ်သောကြောင့်ဟူ၍ အဓိပ္ပါယ် ရသည်။ ၎င်းလမှာ မတ်လနှင့် ဧပြီလဖြစ်သည်။


ဝတ်တာ (Wut Ta) ဟု ခေါ်ဆိုရခြင်းမှာ ၎င်းလတွင် ဖိုထိုးခြင်း၊ သံရည်ကျိုခြင်း စသည့်လုပ်ငန်းများလုပ်ကိုင် ကြ သည့်အပြင် ရာသီပြောင်း၍ လေပြေများ စတင်တိုက်ခတ်စပြု လာသောကြောင့်ဖြစ်သည်။၎င်းလမှာဧပြီလနှင့်မေလဖြစ်သည်။


ရှလားတာ(Shala Ta)သည် အသီးအနှံ၊ ဝါးမြစ်များ စသည်တို့ကိုထွက်ပေါ်လာစဖြစ်သောလဟုအဓိပ္ပါယ်ရသည်။ ၎င်းလမှာမေလနှင့် ဇွန်လဖြစ်သည်။


ဂျထွမ်းတာ(Jahtum Ta)သည် ခြောက်သွေ့၍ ပူပြင်း သော နွေရာသီကုန်ဆုံးသောလဟု ခေါ်ဆိုခြင်းဖြစ် သည်။ ၎င်းလမှာ ဇွန်လနှင့် ဇူလိုင်လဖြစ်သည်။ ဆငန်တာ (Sanaga Ta)၏ အဓိပ္ပါယ်မှာ ကောက်စောစပါးများ အငုံအဖူးများ ပွင့်ဖူး လာသည့်လဟု အဓိပ္ပါယ်ရပါသည်။ ၎င်းလမှာ ဇူလိုင်လနှင့် ဩဂုတ်လဖြစ်သည်။


ရှီမရီတာ (Shi Mari Ta)သည် လုပ်ကိုင် ရ သော လုပ်ငန်းများ မအားမလပ် လုပ်ကိုင်ရလောက်အောင်ပင် အလုပ်များသောလဟု အဓိပ္ပါယ်ရပါသည်။ ၎င်းလမှာ ဩဂုတ် လနှင့် စက်တင်ဘာလဖြစ်သည်။


ဂွမ်ရှီတာ(Gup Shi Ta)ဟုခေါ်ဆိုရခြင်းမှာ မိုးရာသီ ကာလပတ်လုံး သတင်းစကားမကြားရသော ပတ်ဝန်းကျင်မှ သတင်းစကား ပြန်လည်ကြားသိရသောလဟု အဓိပ္ပါယ်ရ သည်။ ၎င်းမှာမိုးရာသီပြီးဆုံး၍ ပွင်းလင်းရာသီချိန် ရောက်ရှိ လာသော စက်တင်ဘာလမှ အောက်တိုဘာလ ဖြစ်သည်။


ဂွမ်တုံတာ(Gup Tung Ta)သည် စပါးသီးနှံများ ရင့် မှည့်လာသည့်ကာလ ဖြစ်သောကြောင့် ဂွမ်တုံတာဟုခေါ် ဝေါ် ခြင်းဖြစ်သည်။ ၎င်းလမှာ အောက်တိုဘာလနှင့် နိုဝင်ဘာလ ဖြစ်သည်။


ကလားတာ(Kala Ta)၏ အနက်အဓိပ္ပါယ်မှာ မိုးကုန် ၍ ဆောင်းဦးကာလကိုဆိုလိုပါသည်။ ၎င်းလမှာ နိုဝင်ဘာလမှ ဒီဇင်ဘာလဖြစ်သည်။


မဂျီတာ (Maji Ta) ဟု ခေါ်ဝေါ်ရခြင်းမှာ ချယ်ရီပန်းနှင့် မဂျီပန်းများပွင့်၍ အေးမြသောလဟု အဓိပ္ပါယ်ရသည်။ ၎င်းလ မှာ ဒီဇင်ဘာနှင့် ဇန်နဝါရီလဖြစ်သည်။


မဂါးတာ(Maga Ta)သည်တစ်နှစ်အတွင်းရှိ မကောင်း ဆိုးဝါးများကို နှင်ထုတ်ရသောလဟု အဓိပ္ပါယ်ရပါသည်။ ၎င်း လမှာ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလဖြစ်သည်။


ကချင်မျိုးနွယ်စုတို့၏ အယူအဆအရ လစဉ်လတိုင်း (၇၊ ၉၊ ၁၇၊ ၁၉) ရက်နှင့် လကွယ်ရက်များကို ပြဿဒါးနေ့ဟု အယူရှိကြပြီး ၎င်းနေ့များတွင် ခရီးထွက်ခြင်း၊ မင်္ဂလာ ရှိသော အလုပ်များလုပ်ကိုင်ခြင်းကို ရှောင်ကြဉ်ကြသည်။ ကလေးများ ပင် ထို့နေ့များတွင် မွေးဖွားပါက ဆိုးသွမ်းတတ် ကြသည်ဟု လည်း ဆိုကြပါသည်။ ထို့ပြင်ရှီမရီတာ(Shi Mari Ta)နှင့် မဂါး တာ (Maga Ta) လများသည်လည်း တစ်နှစ်ပတ်လုံးတွင် မင်္ဂလာ မရှိသောလများ ဖြစ်ကြသည်ဟု အယူရှိကြ၍ လက် ထပ်မင်္ဂလာပွဲ၊ နတ်ပူဇော်ခြင်း ၊ခရီးထွက်ခြင်း၊အိမ်သစ်ဆောက် ခြင်း၊ခရီးထွက်ခြင်း၊ ကုန်ရောင်း ကုန်ဝယ်လုပ်ငန်း လုပ်ကိုင်ခြင်း မှ ရှောင်ကြဉ်တတ်ကြသည်။


ကချင်မျိုးနွယ်စု တို့၏ ရက်၊ လများ ရေတွက်ခြင်း ဓလေ့မှာ ရာသီဥတုနှင့်သဘာဝပြောင်းလဲခြင်းတို့ကို အစွဲပြု သောကြောင့်စန္ဒြပါလနှင့်သူရိယပါသစနစ်နှစ်မျိုးလုံးတွင်အခြေ ခံသည်ဟုဆိုနိုင်ပါသည်။ ကချင်မျိုးနွယ်စုတို့ လဆန်း၊ လကွယ်၊ လပြည့်များ တွက်ချက်ကြသည်မှာ မြန်မာတို့နှင့် တူညီပါ သည်။ ယခုအခါ ကချင်မျိုးနွယ်စုတို့၏ ပြက္ခဒိန်တွင် ကမ္ဘာသုံး ပြက္ခဒိန်၊ မြန်မာပြက္ခဒိန်နှင့် ကချင်ရိုးရာပြက္ခဒိန် သုံးမျိုးကို ထည့်သွင်းအသုံးပြုကြသည်။ ထို့ကြောင့် ယနေ့ ခေတ်တွင် ကချင်မျိုးနွယ်စုတို့သည် သစ်သားပြက္ခဒိန်ကို အသုံးမပြုခြင်း မရှိကြဘဲ အလွယ်ဝယ်ယူ၍ စက္ကူရွက်များဖြင့် ထုတ်ဝေသော ပြက္ခဒိန်ကိုသာ အသုံးပြုကြသည်။ ထို့ကြောင့် ရှေးယခင်က ကချင်မျိုးနွယ်စုတို့ အသုံးပြုခဲ့ကြသည့် သစ်သားပြက္ခဒိန်မှာ ရှားပါးရိုးရာ ဓလေ့တစ်ခုအဖြစ်သာ ကျန်ရှိ ပါတော့သည်။