၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်
သုတေသနနှင့်ဖွံ့ဖြိုးရေး
(က) မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားများ ပျံ့နှံ့နေထိုင်ပုံများကို စာအုပ်စာတမ်းများမှ ရှာဖွေ၍ စုဆောင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် တိုင်းရင်းသားမျိုးနွယ်စုများ၏ ပျံ့နှံ့နေထိုင်မှု မှတ်တမ်းကို ပြုစုဆောင်ရွက်လျက်ရှိပါသည်။
(ခ)“အစိုးရဌာနများမှ ဆောင်ရွက်လျက်ရှိသော သက်မွေးပညာသင်တန်းများနှင့်သင်တန်း ကျောင်းများ” ခေါင်းစဉ်ဖြင့် စာအုပ်ထုတ်ဝေနိုင်ရေး အချက်အလက်များ စုစည်း ဆောင်ရွက်လျက်ရှိပါသည်။
(ဂ) “တိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့မြတ်များ၊ ရိုးရာပွဲတော်အခမ်းအနားများ ကျင်းပခြင်းဆိုင်ရာဓလေ့ထုံးတမ်းများ” သုတေသနစာတမ်းကို ဆောင်ရွက်လျက်ရှိပြီး “တိုင်းရင်းသားရိုးရာ အားကစားနည်းများ” ကို သုတေသနပြု ရေးသားပြုစုခဲ့ပါသည်။
(ဃ) စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ၊ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေ၊ ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေတို့တွင် တိုင်းရင်းသားရေးရာကဏ္ဍပါဝင်မှု ရာခိုင်နှုန်း ဆန်းစစ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။