တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးသည် မန္တလေးငလျင်ကြောင့် ငလျင်ဒဏ်သင့်ခဲ့သည့် ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ ယာယီနေထိုင် နိုင်ရေးအတွက် Modular House များ ရောက်ရှိလာပြီး ကွန်တိန်နာပေါ်မှ သယ်ချနေမှုနှင့် တပ်ဆင်တည်ဆောက်နေမှုများအား ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ဌာနဆိုင်ရာအကြီးအကဲ များနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် လိုက်လံကြည့်ရှုစစ်ဆေးပါသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က Modular House များ စနစ်တကျ တပ်ဆင်နေရာချထားနိုင်ရေး၊ မိုးမကျမီ လုပ်ငန်းများ အချိန်မီပြီးစီးရေး၊ ဝန်ထမ်းမိသားစုများ အမြန်ဆုံးပြောင်းရွှေ့ နေထိုင်နိုင်ရေးတို့ကို တာဝန်ရှိသူများက အနီးကပ် ကြီးကြပ်စီစဉ် ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူတို့သည် ဆောက်လုပ် ပြီးစီးခဲ့သည့် ယာယီအဆောက်အဦးများတွင် ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ၏ ရေ၊ မီး၊ မိလ္လာများ အဆင်ပြေစွာဖြင့် နေထိုင်မှုများအား ကြည့်ရှု စစ်ဆေးပြီး စနစ်တကျဖြင့် စည်းကမ်း တကျ နေထိုင်ကြစေရေး၊ ပတ်ဝန်းကျင်သန့်ရှင်းသာယာမှုရှိစေရေးတို့ကို လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။