ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးအား သွားရောက်ကြည့်ရှုစစ်ဆေး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံပွဲသို့ တက်ရောက် ပုသိမ်မေလ (၉)
ဧရာဝတီတိုင်းဒေသကြီး 2025-05-12
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် မေလ (၈) ရက်နေ့ ညနေပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးအား သွား ရောက်ပြီး ရုံးလုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးပါသည်။

ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၏ ရုံးလုပ်ငန်းဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည် များမှာကြားခဲ့ပါသည်။ 

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူး ရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဝန်ထမ်းများအနေဖြင့် မိမိတို့၏ ရာထူးအဆင့်အလိုက် လုပ်ငန်းတာဝန်များ ကျေပွန်စွာထမ်းဆောင်ကြရမည် ဖြစ်ပါကြောင်း၊ တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် “We are Myanmar” ဆိုသည့်  “ပြည်ထောင်စုစိတ်ဓာတ်” တိုးတက်ခိုင်မာစေရန် ဆောင်ရွက်ရန်လိုပါကြောင်း၊ တိုင်းရင်းသားဒေသများ၌ မိမိတို့ဝန်ကြီးဌာနမှ ကွင်းဆင်းစစ်တမ်းကောက်ယူသည့်အချက် များအရ ဒေသခံများ၏ ဦးစားပေးဖွင့်လှစ်စေလိုသည့် သက်မွေးပညာရပ်သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်သွားရန်နှင့်၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့်လုပ်ငန်း စီမံကိန်းများအား သတ်မှတ်ကာလအတွင်း ပြီးစီးဆောင်ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည်များ ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိရန် မှာကြားခဲ့ပါသည်။

၎င်းနောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က ဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ဝန်ထမ်းများက ဌာနဆိုင်ရာလုပ်ငန်းလိုအပ်ချက်များတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ ငလျင်ဒဏ်ခံစားခဲ့ရသည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဝန်ထမ်းများအတွက် အလှူငွေပေးအပ်ခဲ့သည့် ဧရာဝတီတိုင်းမှ  အလှူရှင် (၂)ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပါသည်။

မေလ (၉) ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့သည် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး အစည်းအဝေး ခန်းမ၌ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပါသည်။ တွေ့ဆုံပွဲသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသား ခေါင်းဆောင်များနှင့် စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ဝင်များ တက်ရောက်ကြပါသည်။

ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးက တွေ့ဆုံအမှာစကားပြောကြား ရာတွင် မိမိတို့ဝန်ကြီးဌာနသည် တိုင်းရင်းသားများ၏စာပေနှင့်ယဉ်ကျေးမှုများ ထိန်းသိမ်း မြှင့်တင်ခြင်းနှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကိုဆောင်ရွက်ပေးလျက်ရှိသည့်အပြင် နိုင်ငံတော်အတွက် “We are Myanmar” ဆိုသည့်  ပြည်ထောင်စုစိတ်ဓာတ် တိုးတက် ခိုင်မာစေရန်ဆောင်ရွက်ရပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆိုင်ရာ အသင်း အဖွဲ့ကိစ္စရပ်များနှင့်ပတ်သက်ပြီး လုပ်ငန်းများအဆင်ပြေချောမွေ့စေရန်အတွက် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဆက်စပ်ဝန်ကြီးဌာနများနှင့် ညှိနှိုင်းပြီး ကြိုးစား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားလူမျိုးတိုင်းသည် နိုင်ငံသားများဖြစ်သကဲ့သို့ နိုင်ငံသားတိုင်းသည် တိုင်းရင်းသားများမဟုတ်ပါကြောင်း၊ မိမိတို့ တိုင်းရင်းသားယဉ်ကျေးမှု များကို ဆန်းသစ်တီထွင်ရာတွင် မူလယဉ်ကျေးမှုအနှစ်သာရမပျောက်ပျက်စေရန် လွန်စွာ အရေးကြီးပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များအနေဖြင့် တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆောင်ရွက်ရာတွင်ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲမထားဘဲ ပြည်ထောင်စု၏ အကျိုးကိုရှေးရှုပြီး တိုင်းရင်းသားများအချင်းချင်း စည်းလုံးညီညွတ်မှု ပိုမိုခိုင်မြဲအောင် ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ မိမိတို့ တိုင်းရင်းသား ရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ ပွင့်လင်းစွာတင်ပြဆောင်ရွက်ကြရန် ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက တွေ့ဆုံအမှာစကားပြောကြားရာတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင် တိုင်းရင်းသား လူမျိုးပေါင်းစုံစုစည်းနေထိုင်လျက်ရှိပြီး ကျေးရွာနေပြည်သူအများဆုံးနေထိုင်လျက်ရှိကြ ပါကြောင်း၊ တိုင်းရင်းသားဒေသများဖွံ့ဖြိုးတိုးတက်ရေးအတွက် အစဉ်တစိုက် ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ်အခမ်းအနားများ ကိုလည်း အမြဲပံ့ပိုးကူညီအားပေးလျက်ရှိပါကြောင်း ပြောကြားပါသည်။ 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုက်ပွဲရှောင် တိုင်းရင်းသားပြည်သူများအတွက် အလှူငွေကျပ် သိန်း (၂၀) အား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးထံပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က ဧရာဝတီတိုင်းဒေသကြီးအတွင်း တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ တိုင်းရင်းသားဘာသာသင်ဆရာ၊ ဆရာမ TA/LT ခန့်ထားရေးကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပါသည်။

၎င်းနောက် ပိုးကရင်၊ စကောကရင် အရှိုချင်းနှင့်ရခိုင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များက တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ အသင်းအဖွဲ့မှတ်ပုံတင်ခွင့်ရရှိရေး၊ တိုင်းရင်းသားဒေသ မူလတန်းစာသင်ကျောင်းများတွင် သက်ဆိုင်ရာတိုင်းရင်းသား စာပေသင်ကြားရေးသင်တန်များနှင့်စပ်လျဉ်း၍ အထွေထွေ ဆွေးနွေးတင်ပြကြရာ ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်နှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုတို့က ပြန်လည်ရှင်းလင်းဆွေးနွေးကာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လေးထပ်ဆောင်ဝန်ထမ်းအိမ်ရာနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် မြေဖို့ခြင်းလုပ်ငန်းဆောင်ရွက်မည့်နေရာများကို ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရှိရပါသည်။ 

Image
Image
Image
Image
Image
Image