ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးအား သွားရောက်ကြည့်ရှုစစ်ဆေး၊ ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး
ပဲခူးတိုင်းဒေသကြီး 2025-05-08
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်၊ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများလိုက်ပါလျက် မေလ (၇) ရက်နေ့ နေ့လယ်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၏ ရုံးလုပ်ငန်းဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ခံ ညွှန်ကြားရေးမှူးများ၏ ရှင်းလင်းတင်ပြမှုများ အပေါ် လိုအပ်သည်များမှာကြားခဲ့ပါသည်။ 

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဝန်ထမ်းများအနေဖြင့် မိမိတို့၏ ရာထူးအဆင့်အလိုက် လုပ်ငန်းတာဝန်များ ကျေပွန်စွာထမ်းဆောင်ကြရမည် ဖြစ်ပါကြောင်း၊ တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် “We are Myanmar” ဆိုသည့်  “ပြည်ထောင်စုစိတ်ဓာတ်” တိုးတက်ခိုင်မာစေရန် ဆောင်ရွက်ရန်လိုပါကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်းများအား သတ်မှတ် ကာလအတွင်း ပြီးစီးဆောင်ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရန် မှာကြားခဲ့ပါသည်။

၎င်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က ဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ဝန်ထမ်း များက ဌာနဆိုင်ရာလုပ်ငန်းလိုအပ်ချက်များတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ ငလျင်ဒဏ်ခံစားခဲ့ရသည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဝန်ထမ်းများအတွက် အလှူငွေပေးအပ်ခဲ့သည့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပါသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညွှန်ကြားရေးမှူးရုံး အစည်းအဝေး ခန်းမ၌ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ နှင့်တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးက အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနသည် တိုင်းရင်းသားများ၏စာပေနှင့်ယဉ်ကျေးမှုများ ထိန်းသိမ်းမြှင့်တင် ခြင်းနှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကိုဆောင်ရွက်ပေးလျက်ရှိသည့်အပြင် နိုင်ငံတော် အတွက် “We are Myanmar” ဆိုသည့်  ပြည်ထောင်စုစိတ်ဓာတ် တိုးတက်ခိုင်မာစေရန် ဆောင်ရွက်ရပါကြောင်း၊ တိုင်းရင်းသားလူမျိုးတိုင်းသည် နိုင်ငံသားဖြစ်သကဲ့သို့ နိုင်ငံသား တိုင်းသည် တိုင်းရင်းသားများမဟုတ်ပါကြောင်း၊ မိမိတို့ တိုင်းရင်းသားယဉ်ကျေးမှုများကို ဆန်းသစ်တီထွင်ရာတွင် မူလယဉ်ကျေးမှုအမွေအနှစ်မပျောက်ပျက်စေရန် အရေးကြီး ပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များအနေဖြင့် တိုင်းရင်းသား ရေးရာကိစ္စရပ်များ ဆောင်ရွက်ရာတွင်ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲမထားဘဲ ပြည်ထောင်စု၏ အကျိုးကိုရှေးရှုပြီး တိုင်းရင်းသားများအချင်းချင်း စည်းလုံးညီညွတ်မှုပိုမိုခိုင်မြဲအောင် ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ မိမိတို့ တိုင်းရင်းသားရေးရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပွင့်လင်းစွာတင်ပြဆောင်ရွက် ကြရန် ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအာင်က ပဲခူးတိုင်းဒေသကြီးအတွင်း တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပါသည်။

၎င်းနောက် ကရင်၊ အရှိုချင်း၊ မွန်၊ ရှမ်းနှင့် ပအိုဝ်း တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များက တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ အသင်းအဖွဲ့မှတ်ပုံတင်ခွင့်ရရှိရေး၊ တိုင်းရင်းသားဒေသ မူလတန်းစာသင်ကျောင်းများတွင် သက်ဆိုင်ရာတိုင်းရင်းသား စာပေသင်ကြားရေးသင်တန်များနှင့်စပ်လျဉ်း၍ အထွေထွေ ဆွေးနွေးတင်ပြကြရာ ပဲခူးတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအာင်နှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုတို့က ပြန်လည်ရှင်းလင်းဆွေးနွေးကာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိ ပါသည်။


Image
Image
Image