တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် မေလ (၁) ရက်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးအား သွားရောက် ကြည့်ရှုစစ်ဆေးပြီး ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံး၏ ရုံးလုပ်ငန်းဆောင်ရွက်နေမှုများအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ခံ ညွှန်ကြားရေးမှူးများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ် သည်များကို မှာကြားခဲ့ပါသည်။
၎င်းနောက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပြီးစီးခဲ့သည့် ရုံးအဝင်လမ်း ခင်းခြင်းလုပ်ငန်းပြီးစီးမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညွှန်ကြားရေးမှူးရုံး အစည်းအဝေး ခန်းမ၌ ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးက အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနသည် တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုများ ထိန်းသိမ်းမြှင့်တင် ခြင်းနှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကိုဆောင်ရွက်ပေးလျက်ရှိသည့်အပြင် နိုင်ငံတော် အတွက် “We are Myanmar” ဆိုသည့် ပြည်ထောင်စုစိတ်ဓာတ် တိုးတက်ခိုင်မာစေရန် ဆောင်ရွက်ရပါကြောင်း၊ တိုင်းရင်းသားလူမျိုးတိုင်းသည် နိုင်ငံသားဖြစ်သကဲ့သို့ နိုင်ငံသား တိုင်းသည် တိုင်းရင်းသားများမဟုတ်ပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များအနေဖြင့် တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆောင်ရွက်ရာတွင်ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲမထားဘဲ ပြည်ထောင်စု၏အကျိုးကို ရှေးရှုပြီး တိုင်းရင်းသားများအချင်းချင်း စည်းလုံးညီညွတ်မှုပိုမိုခိုင်မြဲအောင် ဝိုင်းဝန်းဆောင်ရွက်ကြ ရန် တိုက်တွန်းလိုပါကြောင်း၊ မိမိတို့ တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ ပွင့်လင်းစွာတင်ပြဆောင်ရွက် ကြရန် ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပါသည်။
၎င်းနောက် ရှမ်း၊ ကချင်၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုး၊ အင်းသား၊ လီဆူ၊ ကိုးကန့်၊ ယင်းကြား၊ ယင်းနက်နှင့် ထနော့ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များက တိုင်းရင်းသား ရေးရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ အသင်းအဖွဲ့မှတ်ပုံတင်ခွင့်ရရှိရေး၊ တိုင်းရင်းသားဒေသများတွင် သက်ဆိုင်ရာတိုင်းရင်းသားစာပေ သင်ကြားရေးသင်တန်များ နှင့်စပ်လျဉ်း၍ အထွေထွေဆွေးနွေးတင်ပြကြရာ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုတို့က ပြန်လည်ရှင်းလင်းဆွေးနွေးကာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။