တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ဧပြီလ (၃၀) ရက်နေ့ နေ့လယ်ပိုင်းတွင် မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာ အဆောက်အဦသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးသည် သင်တန်းစင်တာ ခန်းမဆောင်အတွင်း ဝန်ထမ်း များနှင့်တွေ့ဆုံပြီး ဝန်ထမ်းများအနေဖြင့် မိမိတို့၏ ရာထူးအဆင့်အလိုက် လုပ်ငန်းတာဝန်များ ကျေပွန်စွာ ထမ်းဆောင်ကြရမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆောင်ရွက် ရာတွင် “We are Myanmar” ဆိုသည့် “ပြည်ထောင်စုစိတ်ဓာတ်” တိုးတက်ခိုင်မာစေရန် ဆောင်ရွက်ရန်လိုပါကြောင်း၊ ယခုသဘာဝဘေးတွင်လည်း မူလအခြေအနေထက် မြင့်မား သောအခြေအနေရောက်အောင် နိုင်ငံတော်၏ဦးဆောင်မှုဖြင့် စည်းလုံးညီညွတ်စွာဝိုင်းဝန်း ဆောင်ရွက်ကြမည်ဖြစ်ပါကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု၏ ခွင့်ပြု ဘဏ္ဍာရန်ပုံငွေနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုဘဏ္ဍာရန်ပုံငွေ တို့ဖြင့် ဒေသခံ တိုင်းရင်းသားလူငယ်များ၏ သက်မွေးပညာသင်တန်းများ ပုံမှန်ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထားရန် မှာကြားလိုပါကြောင်း၊ သင်တန်းများဖွင့်လှစ်ရာတွင်လည်း ဒေသခံတိုင်းရင်းသားများ၏ ဒေသနှင့်ကိုက်ညီပြီး ပိုမိုအကျိုးဖြစ်ထွန်းစေမည့် သင်တန်းပညာ ရပ်များကို ကွင်းဆင်းစစ်တမ်းကောက်ယူပြီး သင့်တော်သောသင်တန်းများကို အသိအမှတ်ပြု လက်မှတ်များ ပေးအပ်နိုင်သည်အထိ ရွေးချယ်ပြီးသင်ကြားစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက ဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြားပြီး၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများက လုပ်ငန်းဆောင်ရွက်နေမှုများကို power point ဖြင့် ရှင်းလင်းတင်ပြကာ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက ဖြည့်စွက်ရှင်းလင်းဆွေးနွေးပါသည်။ ဆွေးနွေးတင်ပြ ချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သင်တန်းစင်တာ ပင်မလေးထပ် အဆောက်အဦအတွင်းရှိ အစည်းအဝေးခန်းမ၊ သင်တန်းခန်းမများ၊ ရုံးခန်းများ၊ သင်တန်းသူ၊ သင်တန်းသား အိပ်ဆောင်များအတွင်း မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ငလျင် ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်အစိတ်အပိုင်းများကို အဆောက်အဦ အင်ဂျင်နီယာ စစ်ဆေးရေးအဖွဲ့များ၏ စစ်ဆေးအကြုံပြုချက်များအတိုင်း အမြန်ဆုံးပြုပြင်နိုင်ရေး ဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။
ယင်းနောက် ပင်မအလုပ်ရုံခန်းမများ၊ စားရိပ်သာဆောင်နှင့် သင်တန်းစင်တာ ဧရိယာအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ပါသည်။
ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဒေသခံတိုင်းရင်းသားလူငယ်များ၏ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် ပြည်ထောင်စုနှင့် ရှမ်းပြည်နယ် ဘဏ္ဍာရန်ပုံငွေများဖြင့် သက်မွေးပညာသင်တန်းများ (၂၂) ကြိမ် ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီး သင်တန်းသူ/သား ဦးရေ (၄၄၀) ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပါသည်။ အဆိုပါသင်တန်းသူ၊ သင်တန်းသားများသည် ၎င်းတို့ရပ်ရွာဒေသများတွင် သင်တန်းမှ သင်ကြားပို့ချပေးသည့် ပညာရပ်များဖြင့် လက်တွေ့အသုံးချ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်လုပ်ကိုင် လျက်ရှိကြောင်း သိရှိရပါသည်။