တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး ဝန်ထမ်းများ ရုံးလုပ်ငန်းပြန်လည်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး၊ ငလျင်ဒဏ်ကြောင့် ဝန်ထမ်းမိသားစုများ ယာယီပြောင်းရွှေ့နေထိုင်သည့်နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေး
နေပြည်တော် 2025-04-04
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးနှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့သည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများသည် ဧပြီလ (၄) ရက်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရုံးအမှတ် (၁၄) ၌ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား တွေ့ဆုံပြီး (၂၈-၃-၂၀၂၅) ရက်နေ့၌ ဖြစ်ပွားခဲ့သည့် အင်အားအလွန်ပြင်းထန်သော ငလျင်ဒဏ်ကြောင့် နိုင်ငံတော်က ဆက်လက်ဆောင်ရွက်ပေးမည့်အစီအစဉ်များ၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အစီအစဉ်များကို ဝန်ထမ်းများအား ရှင်းပြခဲ့ပြီး ဝန်ထမ်းများ၏ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

          ၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဝန်ကြီးဌာန ရုံးအတွင်း ယာယီရုံးခန်းဖွင့်လှစ်ပြီး ဝန်ထမ်းများ၏ ရုံးလုပ်ငန်းများ ပြန်လည်ဆောင်ရွက် နေမှုများနှင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အဖွဲ့တို့သည် ဝန်ထမ်း မိသားစုများ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိသည့် နေပြည်တော် အားကစား လေ့ကျင့်ရေးကွင်း (Gold Camp) သို့ သွားရောက်ခဲ့ပြီး နေအိမ်အခန်းများ ယာယီနေရာချထားပေးမှုများ၊ အိပ်ဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ တာဝန်ရှိသူများအား လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး မှာကြားခဲ့ပါသည်။

          ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့တို့သည် နိုင်ငံတော်နှင့် နိုင်ငံတကာမှ ငလျင်ဘေးသင့်ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများအတွက် ကူညီပေးအပ်သော ပစ္စည်းများ၊ အလှူရှင်များမှ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသို့ ပေးအပ်သော လှူဒါန်းငွေများနှင့် ပစ္စည်းများအား ဝန်ထမ်းများသို့ စနစ်တကျ ခွဲဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

Image