တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးက ကြီးမှူး၍ “တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း” အစီအစဉ်ကို (၂၄-၁-၂၀၂၅) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ စံကပ်ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါက်တာဝင့်မြတ်သီက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအကြောင်း မိတ်ဆက်ခြင်း၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေပါအကြောင်းအရာများ၊ အမုန်းစကား နှင့် အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးခြင်းဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းရင်းသားလူမျိုး များ၏ ဝိသေသရှေ့ဆောင်အမည်နာမများ ထည့်သွင်းခြင်းဆိုင်ရာကိစ္စရပ်များ၊ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် စစ်တမ်းကောက်ယူခြင်း အကြောင်းအရာများကိုလည်း ကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုင်းကံက လူမှုဝန်ထမ်းဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော အမျိုးသမီးအခွင့်အရေး၊ လူငယ်ရေးရာမူဝါဒ၊ ကလေးသူငယ် အခွင့်အရေးများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြပါသည်။
ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများက ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက် စစ်တမ်းကောက်ယူခဲ့ရာ ဒေသခံတိုင်းရင်းသား (၆၂) ဦးတို့က ဖြေဆိုခဲ့ကြ ကြောင်း သိရှိရပါသည်။