တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဥပဒေအသိပညာပြန့်ပွားရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဖွင့်ပွဲအခမ်းအနားကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး Jeng Phangနော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ညွှန်ကြားရေးမှူးရုံးများမှ အရာထမ်း၊ အမှုထမ်းများက Online စနစ်ဖြင့် တက်ရောက်ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အကြီးအကဲ၏ မူဝါဒနှင့်အညီ ဝန်ကြီးဌာနရှိ ဝန်ထမ်းများအနေဖြင့် တည်ဆဲဥပဒေများ၊ နည်းဥပဒေများကို သိရှိနိုင်ရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် ယခုအစီအစဉ်ကို ကျင်းပ ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေနှင့် နည်းဥပဒေများကို ရှင်းလင်းဆွေးနွေးမှုများမှ လေ့လာမှတ်သားကြရမည့် အခြေခံအချက်များ ရရှိလာမည်ဖြစ်ပြီး ဆက်လက်၍ လေ့လာနိုင်စေရန် အစပျိုးပေးသည့် အစီအစဉ်လည်းဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်း တစ်ဦးအနေဖြင့် မသိမဖြစ်သိရှိရမည့် ဥပဒေ၊ နည်းဥပဒေများကို လေ့လာမှတ်သားရမည်ဖြစ်ပြီး မိမိတို့ဝန်ကြီးဌာနက ကျင့်သုံးလျက်ရှိသော ဥပဒေ၊ နည်းဥပဒေများအပြင် ဆက်စပ်ဆောင်ရွက် ရသည့် အခြားသောဝန်ကြီးဌာနများ၏ ဥပဒေ၊ နည်းဥပဒေများကိုလည်း သိရှိလေ့လာရန် လိုအပ် မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့ဆောင်ရွက်ရသည့် လုပ်ငန်းများကို စည်းမျဉ်း စည်းကမ်းများနှင့် ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်ရန်၊ ပွင့်လင်းမြင်သာမှုရှိရန်၊ ရာထူး၊ နေရာ အလိုက် စီမံခန့်ခွဲတတ်စေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒများ၊ ထုတ်ပြန်ထားရှိသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ အမိန့်နှင့်ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တိုင်းရင်းသားများ၏ လူမှုစီးပွား ဘဝမြင့်မားတိုးတက်စေရေးအတွက် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် စာဖတ်ရှိန် မြှင့်တင်ရေးနှင့်ပတ်သက်၍ ပြောကြားရာတွင် ဗဟုသုတသိမှတ်ဖွယ်ရာများကို လေ့လာဖတ်ရှု မှတ်သားခြင်းသည် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေပြီး ရသစာပေဖတ်ရှု ခြင်းအားဖြင့် ကိုယ်ချင်းစာစိတ်၊ အပြန်အလှန်လေးစားမှု၊ ယဉ်ကျေးမှု၊ သိမ်မွေ့မှု၊ ညှာတာ သနားစိတ်စသည့် နှလုံးသားအာဟာရများကို ဖြစ်ပေါ်စေမည်ဖြစ်ပါကြောင်း၊ စာအုပ်စာပေများ ဖတ်ရှုလေ့လာရာတွင် ဗဟုသုတသိမှတ်ဖွယ်ရာ စာအုပ်စာစောင်များအပြင် လူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းအတွင်း ကောင်းမွန်စွာ ရှင်သန်နေထိုင်နိုင်ရေးအတွက် နှလုံးသားအာဟာရ ဖြစ်စေသော ရသစာပေများကိုလည်း ဖတ်ရှုကြရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ဝန်ထမ်းများအားလုံး မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုများ၏ သမိုင်းကြောင်း၊ ရိုးရာဓလေ့ထုံးတမ်း၊ ယဉ်ကျေးမှု၊ သမိုင်းအမွေအနှစ်၊ စကားစာပေ၊ နေ့စဉ်လှုပ်ရှားနေထိုင်မှု၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်သည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အချက်များအား လေ့လာမှတ်သားကြရမည် ဖြစ်ပါကြောင်း၊ သို့မှသာ တိုင်းရင်းသားလူမျိုးစုတစ်စုနှင့်တစ်စု အပြန်အလှန်လေးစား၍ ချစ်ကြည် ရင်းနှီးမှုကိုရရှိပြီး တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေပါ ရည်ရွယ်ချက်များနှင့် ဝန်ကြီးဌာန၏ မျှော်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက် နိုင်မည်ဖြစ်ပါကြောင်း၊ ယနေ့ဆွေးနွေးချက်များကို သေချာစွာ လေ့လာမှတ်သားပြီး လုပ်ငန်း တာဝန်နှင့် ဘဝအတွက် လိုအပ်သည့်ပညာရပ်များကို ဆက်လက်လေ့လာသွားကြရန်နှင့် စည်းကမ်း၊ ဥပဒေများကို လိုက်နာမှသာ မိမိ၊ မိသားစုနှင့် အဖွဲ့အစည်းကိစ္စရပ်များ ကျေပွန်စွာ ဆောင်ရွက် နိုင်မည်ဖြစ်ပြီး နိုင်ငံတော်နှင့် ဝန်ကြီးဌာန၏ ရည်မှန်းချက်ပန်းတိုင်များကို အခက်အခဲမရှိ ထိရောက် အောင်မြင်စွာ ဆောင်ကြဉ်းပေးနိုင်သော နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်ကြပါစေကြောင်း တိုက်တွန်း ပြောကြားပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ယနေ့အခမ်းအနားကို နိုင်ငံတော် အကြီးအကဲ၏ မူဝါဒအရ ဝန်ထမ်းများ ဥပဒေအသိပညာပြန့်ပွားရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အတွက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးတည်ချက်(၉) ရပ်အနက် လူမှုရေးဦးတည်ချက်(က)တွင် “တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကား လာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည် ဖော်ဆောင်ရေး” ဟူ၍ ပါရှိပြီး (ဂ)တွင် “နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များ အနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဟူ၍ ပါရှိသဖြင့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ် လူရွယ်ဝန်ထမ်းကောင်းများဖြစ်စေရေးအတွက် မိမိတို့၏ စွမ်းဆောင်ရည်များကို စဉ်ဆက်မပြတ် မြှင့်တင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအားလုံး ဥပဒေကို သိရှိနားလည် လိုက်နာမှသာ အကျိုးရှိမှန်ကန်ထိရောက်သည့် လုပ်ရပ်များကို ဥပဒေဘောင်အတွင်းမှ ဆောင်ရွက် နိုင်မည်ဖြစ်သဖြင့် နိုင်ငံတော်အတွက်သာမက ပြည်သူလူထုတစ်ရပ်လုံးအတွက်ပါ အကျိုးရလဒ် ကောင်းများ ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ပတ်သက်၍ ပြောကြားရာတွင် စာဖတ်ခြင်းသည် အသက်အရွယ်အလျောက် သတိနှင့်အသိကျဆင်းမှုကို ကာကွယ်ပေးနိုင်သည့်အတွက် စာကိုမဖြစ်မနေ ဖတ်ရှုသင့်ပါကြောင်း၊ စာဖတ်ခြင်းအားဖြင့် အဖိုးတန်အသိပညာ၊ ဗဟုသုတများရရှိခြင်း၊ ဦးနှောက်ကို လေ့ကျင့်ပေးနိုင်ခြင်း၊ အာရုံစူးစိုက်မှု တိုးတက်ခြင်း၊ မှတ်ဉာဏ်ကောင်းခြင်း၊ စိတ်ဖိစီးမှုလျော့ချနိုင်ခြင်း၊ စိတ်ဓာတ်ကြံ့ခိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ စာပေဖတ်ရှုသည့် အလေ့အထများ ပြန်လည် ထွန်းကားလာမှသာ လူတစ်ဦးချင်းအလိုက် အသိပညာဗဟုသုတများ မြင့်မားတိုးတက်လာပြီး လူမှုပတ်ဝန်းကျင်နှင့် နိုင်ငံတော်ကို အကျိုးပြုမည်ဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားမှ ဝန်ကြီး ဌာနရှိ ဝန်ထမ်းများအတွက် အကျိုးရှိသော ရလဒ်များရရှိရန် မျှော်လင့်ပါကြောင်း၊ အဆိုပါ အကျိုးရလဒ်များသည် ဝန်ကြီးဌာန၊ တိုင်းရင်းသားများနှင့် နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်း စေမည်ဖြစ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားများနှင့် နိုင်ငံသားများအားလုံး၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် အုပ်တစ်ချပ် သဲတစ်ပွင့် ဖြစ်ကြပါစေကြောင်း ပြောကြားပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးရုံးမှ လက်ထောက်အတွင်းဝန် ဦးကီးလိန်းက “၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ” အားလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်တင်တင်နွယ်က “တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေပါ တာဝန်နှင့် လုပ်ပိုင်ခွင့်များနှင့် တိုင်းရင်းသားရေးရာဆိုင်ရာ ပြဋ္ဌာန်းချက်များ” အားလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးသန်းက “တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေပါ အခွင့်အရေးများနှင့် နည်း ဥပဒေများ” အားလည်းကောင်း အသီးသီးရှင်းလင်းပြောကြားပါသည်။
၎င်းနောက် တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။