တိုင်းရင်းသားရေးရာ အသိပညာပေးခြင်း၊ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းနှင့် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးခြင်း အခမ်းအနားကို ကရင်ပြည်နယ်တွင် ကျင်းပပြုလုပ် ကရင်၊ ဇန်နဝါရီ ၂၂
ကရင်ပြည်နယ် 2025-01-30
Image

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးကကြီးမှူး၍ တိုင်းရင်းသားရေးရာအသိပညာပေးခြင်း၊ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်နှင့် ဗလငါးတန်ဖွံ့ဖြိုးစေရေး လူငယ်ရေးရာအသိပညာပေးခြင်း အခမ်းအနားကို (၂၂-၁-၂၀၂၅) ရက်နေ့တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့၊ အခြေခံပညာအထက်တန်းကျောင်း(လှိုင်းဘွဲ့) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။  ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ  ညွှန်ကြားရေးမှူးဦးကျော်စိုးက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများကိုလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါရီရီဝင်းက တိုင်းရင်းသားလူမျိုးများအကြောင်းနှင့် တိုင်းရင်းသားဘာသာသင်ကြားနိုင်ရေး ဆောင်ရွက်နေမှုကိစ္စများအားလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းရန်နောင်က ကလေးသူငယ်အခွင့်အရေး၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအားလည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က ဗလငါးတန်ဖွံ့ဖြိုးရေး ဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်မိနန္ဒာမွန်က အားကစားနှင့်လူငယ်ရေးရာကိစ္စရပ်များနှင့် အားကစားသမားကောင်း တစ်ယောက်ဖြစ်ရန် ခေါင်းစဉ်ဖြင့်လည်းကောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးကျော်စိုးသူက ပလက်စတစ်အန္တရာယ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တိုင်းရင်းသားအခွင့် အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ  ဦးစီးအရာရှိ ဦးဝေယံထက်က အမုန်းစကားနှင့် အကြမ်းဖက်မှုကိုဖြစ်စေသောလှုံ့ဆော်မှုကို တားဆီးကာကွယ်ခြင်းဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း အသီးသီးဆွေးနွေး ပြောကြားခဲ့ကြပါသည်။ 

ထို့နောက် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် စစ်တမ်းကို ကောက်ယူခဲ့ရာ ဒေသခံတိုင်းရင်းသား (၁၂၂) ဦးတို့က စစ်တမ်းမေးခွန်းလွှာများကို ဖြေဆိုခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားသို့ လှိုင်းဘွဲ့မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှ ဖိတ်ကြားထားသူများနှင့် အခြေခံပညာအထက်တန်းကျောင်း (လှိုင်းဘွဲ့) မှ ကျောင်းသား/ကျောင်းသူများ၊ ရပ်မိ၊ ရပ်ဖများ အပါဝင် ကရင်တိုင်းရင်းသား (၆၁)ဦး၊  ဗမာတိုင်းရင်းသား(၇၇)ဦး၊ မွန်တိုင်းရင်းသား(၃)ဦး၊ ပအိုဝ့် တိုင်းရင်းသား (၂)ဦး စုစုပေါင်း (၁၄၃)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။


Image
Image
Image
Image
Image
Image