တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တိုက်တာဝန်ခံများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဝန်ကြီးဌာနများအလိုက် ဝန်ထမ်းများအတွက် ခွဲဝေချထားပေးသော နိုင်ငံတော်ပိုင်တိုက်ခန်းများတွင် နေထိုင်ခွင့်ရရှိသူများအနေဖြင့် အိမ်ရာပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်မှု ရှိ မရှိ၊ ချမှတ်ထားသော အိမ်ရာများတွင် အိမ်ထောင်စုစာရင်းအတိုင်း နေထိုင်ခြင်း ရှိ မရှိနှင့် မသက်ဆိုင်သူများ နေထိုင်မှုမရှိစေရေးတို့အတွက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနပိုင် ဇဗ္ဗူသီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက်အတွင်းရှိ အရာထမ်း၊ အမှုထမ်း အိမ်ရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပါသည်။
ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝန်ထမ်းအိမ်ရာများတွင် ရေ၊ မီး ရရှိမှုအခြေအနေ၊ အဆောက်အဦ ကြံ့ခိုင်မှုအခြေအနေများ၊ အိမ်ထောင်စုစာရင်းအတိုင်း နေထိုင်မှု ရှိ မရှိ၊ ယာယီနေရပ်စွန့်ခွာနေကြသည့် မိသားစုဝင်များ ဝန်ထမ်းအိမ်ရာများတွင် လာရောက်နေထိုင်ခြင်း ရှိ မရှိနှင့် ရှိပါက ဧည့်စာရင်းတိုင်ကြားမှု ရှိ မရှိ၊ အိမ်ရာပတ်ဝန်းကျင်ရှိ မြေလွတ် မြေလပ်များတွင် သီးပင်စားပင်များ စိုက်ပျိုးထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က အိမ်ရာများတွင် နေထိုင်ကြသော အရာထမ်း၊ အမှုထမ်းများအနေဖြင့် မိမိတို့တိုက် ပတ်ဝန်းကျင် သန့်ရှင်းရေးကို နေ့စဉ်/ အပတ်စဉ်အလိုက် ပူးပေါင်းဆောင်ရွက်ရန်၊ ရေနုတ်မြောင်းများအား ရေစီးရေလာ ကောင်းမွန်အောင် စုပေါင်းဆောင်ရွက်ကြရန်၊ အမှိုက်များကို စနစ်တကျ စွန့်ပစ်ရန်၊ ဝန်ထမ်းအိမ်ရာ စည်းကမ်းများနှင့်အညီနေထိုင်ကြရန်၊ မီးဘေးအန္တရာယ် မဖြစ်ပွားစေရေး အထူးအလေးထား နေထိုင်ကြရန်၊ လျှပ်စစ်မီး လုံခြုံရေးနှင့်ပတ်သက်၍ အရေးပေါ်အခြေအနေတွင် မည်သို့ပြုမှု ဆောင်ရွက်ရန်တို့ကို မှာကြားပါသည်။ ထို့နောက် တိုက်ခန်းနေ မိသားစုများအား လိုအပ်ချက်များ မေးမြန်းခဲ့ရာ သက်ဆိုင်ရာ တိုက်တာဝန်ခံများက လိုအပ်သည်များကို တင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဝန်ထမ်းမိသားစုများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါသည်။