တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဒီဇင်ဘာလ (၂၈) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးရုံးများသို့ သွားရောက်ခဲ့ပြီး ရုံးလုပ်ငန်းဆောင်ရွက်နေမှုများ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းပါ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများ အပေါ် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး များတို့က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
၎င်းနောက် ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပြီး ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားရာတွင် ဝန်ထမ်းများသည် မိမိတို့ရာထူးအဆင့်နှင့် လျော်ညီစွာ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်မားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်ဘတ်ဂျက်ရန်ပုံငွေများကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ စနစ်တကျ မှန်ကန်စွာသုံးစွဲရေး၊ အလေအလွင့်၊ ဆုံးရှုံးမှုနှင့် မသမာမှုများ မရှိစေရေးနှင့် နိုင်ငံတော်၏ ခြိုးခြံချွေတာရေးမူများကိုလည်း အထူးအလေးဂရုပြုလိုက်နာ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့် ဝန်ထမ်းများတို့သည် တိုင်းရင်းသားလူမျိုးများရေးရာ လုပ်ငန်း ဆောင်တာများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်မှပြဋ္ဌာန်းထားရှိသော ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ စနစ်တကျမှန်ကန်စွာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည်နှင့်အညီ ဝန်ထမ်းများပီပီ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်၊ ကျင့်ဝတ်အပါး (၃၀)တို့ကိုလည်း လိုက်နာစောင့်ထိန်းတတ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းသက်သာ ချောင်ချိရေးအတွက် သီးပင်စားပင်များကို ယခုထက်ပိုမို စနစ်တကျစိုက်ပျိုးကြရန်နှင့် အထူးသဖြင့် လုံခြုံရေးအသိ၊ လုံခြုံရေးသတိများနှင့်အညီ မိမိတို့၏လုပ်ငန်းဆောင်တာများကို အစဉ်အမြဲ ဂရုပြုမူလုပ်ရှားဆောင်ရွက်ကြရန် အထူးမှာကြားလိုပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ဒို့တာဝန်အရေး(၃)ပါးကို မထိခိုက်စေဘဲ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စု စိတ်ဓာတ်ကိုအခြေခံလျက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ နိုင်ငံသူ၊ နိုင်ငံသားများအားလုံးတို့က မျှော်လင့်တောင့်တ နေသည့် တိုင်းပြည်သာယာဝပြောရေးကို ဖြစ်ပေါ်လာစေမည့် ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် ဝန်ထမ်းများ အားလုံးက မိမိတို့ကျရာအခန်းကဏ္ဍမှ အစွမ်းကုန်ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက် သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဝန်ထမ်းများအား တွေ့ဆုံအမှာစကား ပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဘဏ္ဍာရေး စည်းမျဉ်း (၃၅ / ၂၀၁၇)နှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့် နည်းဥပဒေကို အမြဲလေ့လာ ဖတ်မှတ်ထားရန်၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ကြရန်၊ မိမိတို့၏ ရာထူးအဆင့်နှင့်လျော်ညီစွာ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်မားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေများကို ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သုံးစွဲကြရန် ပြောကြားလိုပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ ပေးအပ်သော တာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရန်နှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး၏ အနီးကပ်ကြီးကြပ် ကွပ်ကဲမှုဖြင့် ကြိုးစားဆောင်ရွက်ကြရန် ပြောကြားခဲ့ပါသည်။
ထိုနောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက ဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ဝန်ထမ်းများက လုပ်ငန်းလိုအပ်ချက်များကို အထွေထွေဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီး တိုင်းရင်းသား ရေးရာဝန်ကြီးတို့သည် ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင် သောက်သုံးရေ လုံလောက်စွာ ရရှိနိုင်ရေးအတွက် ရေသိုလှောင်ခြင်း၊ ရေတင်ခြင်းလုပ်ငန်းနှင့် ရေဖြန့်ဝေ ပေးရေးလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၌ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် လုပ်ငန်းများဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။