တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး ထားဝယ် ဒီဇင်ဘာ (၂၉)
တနင်္သာရီတိုင်းဒေသကြီး 2025-01-02
Image

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် ရောက်ရှိနေသော တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောမာတင်လူသာနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဒီဇင်ဘာလ (၂၉) ရက်နေ့၊ နံနက်ပိုင်းတွင် ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က တွေ့ဆုံအမှာစကား ပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ တိုင်းရင်းသားရေးရာများကိုဆောင်ရွက်ခြင်းနှင့် စစ်မှန်သော မျိုးချစ် စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် တိုးတက်ခိုင်မာလာစေရေးအတွက် ကျန်းမာရေး၊ ပညာရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် လုပ်ငန်းတာဝန်များကို နိုင်ငံတော်က ပြဋ္ဌာန်းထားရှိသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ်အနက် လူမှုရေးဦးတည်ချက်ပါ “တစ်နိုင်ငံလုံး အသိပညာအတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက် အကူပြု ပညာရှင်များထွန်းကားလာစေရေးတို့အတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံ ပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး” ဆိုသည့် ဦးတည်ချက်ကို အထောက် အကူပြုစေရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် တိုင်းရင်းသားဘာသာ စာပေ သင်ကြားနိုင်စေရန်အတွက် ပညာရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များအနေဖြင့် တရားဝင်သတ်မှတ်ချက် ဥပဒေနှင့်အညီ မှတ်ပုံတင်ထားရှိရန်လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေနှင့်အညီ စနစ်တကျ မှတ်ပုံတင်နိုင်ရေးကိစ္စနှင့် တိုင်းရင်းသား များအတွက် တိုက်ရိုက်အကျိုးခံစားရစေမည့်လုပ်ငန်းများကို နိုင်ငံတော်၏ လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားတို့ကိုမထိခိုက်စေဘဲ ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း၊ တိုင်းရင်းသားဒေသများတွင် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများတွင် ဆောင်ရွက်မည့်လုပ်ငန်းများတွင်လည်း တိုင်းရင်းသား များ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာအရ သက်ဆိုင်သည့်မြေများ ပါဝင်မှုရှိ/မရှိ အချိန်နှင့်တစ်ပြေးညီ ကွင်းဆင်းစိစစ်ပြီး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများစီမံခန့်ခွဲမှုဗဟိုကော်မတီသို့ သဘောထားမှတ်ချက်များ ပြန်ကြားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့ များအနေဖြင့် မိမိတို့၏ တိုင်းရင်းသားရေးရာကိစ္စရပ်များကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံတော်နှင့် တိုင်းရင်းသားလူမျိုးများ၏အကျိုးစီးပွားကိုရှေးရှု၍  တင်ပြဆောင်ရွက်နိုင်ပါ ကြောင်း၊ ယနေ့ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၏ တင်ပြသည့် အချက်များကို စနစ်တကျသေချာမှတ်သားပြီး သက်ဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များတို့နှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်း (၁၃၀) ကျော် စုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စုနိုင်ငံတော်ကြီးဖြစ်သည်နှင့်အညီ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ထားရှိကြရန်လိုအပ်ပါကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်ဆိုသည်မှာ  တိုင်းရင်းသားများအားလုံး “တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် တို့အားလုံးသည် တိုင်းရင်းသားညီအစ်ကိုများဖြစ်ပြီး အရေးကြီးလျှင် သွေးနီးကြမည်” ဆိုသည့်စိတ်ဓာတ်၊ “တောင်ပေါ်မြေပြန့်မခွဲခြား၊ တို့အားလုံးသည် သားချင်းများဖြစ်ကြပြီး နိုင်ငံတော်ကိုပူးပေါင်း ကာကွယ်စောင့်ရှောက်ကြမည်” ဆိုသည့်စိတ်ဓာတ်၊ “မရှိအတူ ရှိအတူ၊ အေးအတူ ပူအမျှ၊ ဥမကွဲသိုက်မပျက် ချစ်ကြည်ရင်းနှီးစွာ အတူတကွလက်တွဲနေထိုင်ကြသည့် မိသားစုများ” ဆိုသည့် စိတ်ဓာတ်များပင်ဖြစ်ပါကြောင်း၊ အထူးသဖြင့် နွားကွဲလျှင်ကျားဆွဲပြီး ပျက်စီးရ သကဲ့သို့ တိုင်းရင်းသားလူမျိုးများနှင့် မြန်မာနိုင်ငံသားအချင်းချင်း စည်းလုံးညီညွတ်မှုမရှိသရွေ့ ပြည်ပမှသွေးခွဲပြီး နိုင်ငံသားအချင်းချင်းပျက်စီးအောင် လုပ်ဆောင်မှုများရှိနေမည်ဖြစ် ပါကြောင်း၊ စည်းလုံးညီညွတ်မှုမရှိသဖြင့် ဖြစ်ပေါ်လာသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ဆုံးရှုံးပျက်စီးမှုများ၊ ဖွံ့ဖြိုးမှုနောက်ကျခဲ့ရမှုများကို ခံစားကြရသည်မှာ မြန်မာနိုင်ငံသားများပင် ဖြစ်သည်ကို သေချာစွာရှုမြင်ဆင်ခြင်ပြီး အချင်းချင်းစိတ်ဝမ်းမကွဲပြားဘဲ အပြုသဘော ကောင်းကျိုးရလဒ်ကိုရှေးရှုသည့် မှန်ကန်သည့်စည်းလုံးညီညွတ်မှုကို ခိုင်မာအောင် တည်ဆောက်၍ မိမိနိုင်ငံအကျိုးစီးပွားကို ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြရန် အထူးလိုအပ် ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများအနေဖြင့် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်မျိုးနှင့် တစ်မျိုး အမုန်းမပွားအညှိုးမထားဘဲ ချစ်စကိုရှည်စေ မုန်းစကိုတိုစေ၊ အမိနိုင်ငံတော်၏ စစ်မှန်သောအကျိုးစီးပွားကို ဦးတည်ချက်ထားရှိနိုင်သည့် ချစ်ကြည်ရင်းနှီးသွေးစည်းညီညွတ်မှု များဖြင့်  စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံ၍ ဒို့တာဝန်အရေးသုံးပါးကို မထိခိုက်စေဘဲ နိုင်ငံသူ၊ နိုင်ငံသားများနှင့် တိုင်းရင်းသားပြည်သူများ အားလုံး မျှော်လင့်တောင့်တနေသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် မိမိတို့ကျရာအခန်းကဏ္ဍမှ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသ၍ အားကြိုးမာန်တက် အစွမ်းကုန်ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက် သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ 

ဆက်လက်ပြီး တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက တနင်္သာရီတိုင်းဒေသကြီးအတွင်း တိုင်းရင်းသားရေးရာလုပ်ငန်း ကိစ္စရပ်များနှင့် ဒေသအတွင်း ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းကိစ္စရပ်များ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ 

၎င်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အဖွဲ့များက တိုင်းရင်းသားရေးရာလုပ်ငန်းကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကိစ္စရပ်များနှင့် ပတ်သက်ပြီး အထွေထွေဆွေးနွေးတင်ပြကြရာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က ပြန်လည်ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပြီး ဆွေးနွေး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး တို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

ယင်းနောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းကိစ္စရပ်များ ပိုမို ထိန်းသိမ်းမြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး တိုင်းရင်းသား ရေးရာဝန်ကြီးတို့က ထားဝယ်၊ ကရင်၊ မွန်နှင့် ဆလုံ (မော်ကယ်)   တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များကို ချီးမြှင့်ငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။


Image
Image
Image
Image