ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး၏ လမ်းညွှန်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှဦးစီး၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကိုဆန်းစစ်စီမံခြင်း အစီအစဉ်ကို ၂၄-၁၂-၂၀၂၄ ရက်နေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ လွိုင်မွေကျေးရွာအုပ်စု၊ ဟိုကျင်းကျေးရွာ စာသင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျိုင်းတုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမင်းသူကအမှာစကားပြောကြားခြင်းကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့် ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးချစ်ဇော်လင်းက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေပါများပါ အချက်အလက်များ တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအခမ်းအနားအစီအစဉ် ဆောင်ရွက်ရခြင်းအကြောင်းကိုလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းဖုန်းကျော်က တိုင်းရင်းသားဘာသာသင် ဆရာ/ ဆရာမ Teaching Assistant (TA)နှင့် Language Teacher (LT) များ ခန့်အပ်ထားမှုကိစ္စများနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများ အကြောင်းကိုလည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တပ်ဖွဲ့ခွဲ(၇) မူးယစ်ရဲတပ်ဖွဲ့ခွဲမှ ရဲမှူးနိုင်သိန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ အန္တရာယ်တို့ကိုလည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး အောင်ကျော်ဇင်က လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဆိုင်ရာကိစ္စရပ်များအကြောင်းကိုလည်းကောင်း၊ ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိအိခိုင်က အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ ကလေး သူငယ်အခွင့်အရေး၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးကိစ္စရပ် များနှင့် လူမှုရေးပင်စင်တို့နှင့်စပ်လျဉ်းသည့် ကိစ္စရပ်များ အကြောင်းကိုလည်းကောင်း၊ ကျိုင်းတုံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးရဲဘုန်းပိုင်က ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များအကြောင်းကိုလည်းကောင်း အသီးသီးအသိပညာပေး ရှင်းလင်း ပြောကြားခဲ့ကြပါသည်
ထို့နောက် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများကို ဒေသခံများထံ ထောက်ပံ့ ပေးအပ်ခဲ့ပြီး ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို စစ်တမ်းကောက်ယူခြင်းကို တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားသို့ ကျိုင်းတုံမြို့နယ်အတွင်းရှိ အာခါတိုင်းရင်းသား စုစုပေါင်း ၁၂၀ ဦး တက်ရောက်ခဲ့ပြီး စစ်တမ်းစောင်ရေ (၁၀၀) ကောက်ယူရရှိခဲ့ကြောင်း သိရှိရပါသည်။