တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ “ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း” ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတိုင်းရှိ နိုင်ငံတော်အစိုးရသည် အချုပ်အချာအာဏာခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို စနစ်တကျနည်းလမ်းမှန်ကန်စွာဖြင့် ပိုင်းခြားကျင့်သုံးလျက်ရှိရာ ဥပဒေပြုရေးအာဏာသည် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိပါကြောင်း၊ ယခုသင်တန်းသည် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ဝန်ထမ်းများအား ဥပဒေသဘောတရားများကို သိရှိနားလည်ပြီး ဥပဒေကို လေးစား လိုက်နာသော၊ တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်သော၊ စွမ်းဆောင်ရည်မြင့်မားသော ဝန်ထမ်းကောင်းများ ဖြစ်စေရေးအတွက် ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်ပါကြောင်း၊ ထို့အပြင် အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များကို ဥပဒေရှုထောင့် အမြင်ဖြင့် စဉ်းစား ဆုံးဖြတ်နိုင်သည့် ဝေဖန်ပိုင်းခြားတွေးခေါ်မှုစွမ်းရည်ကို တိုးတက်စေနိုင်မည် ဖြစ်ပါကြောင်း၊ ဥပဒေဆိုသည်မှာ လူအချင်းချင်း ဆက်ဆံပေါင်းသင်းရာ၌ တရားမျှတမှု ရှိစေရန်နှင့် အကွပ်အကဲ အထိန်းအကျောင်းသဖွယ်ဖြစ်စေရန် အုပ်ချုပ်သူအစိုးရက ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေခံ၍ သတ်မှတ်ပြဋ္ဌာန်းရေးဆွဲထားသော စည်းမျဉ်းစနစ်ဖြစ်ပါကြောင်း၊ ထို့အပြင် ဥပဒေသည် တရားဥပဒေစိုးမိုးရေးအတွက် ရည်ရွယ်ပြီး နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးတို့ကိုလည်း နည်းအမျိုးမျိုးဖြင့် ဖော်ဆောင်မှု ပေးလျက်ရှိပါကြောင်း၊ “တရားဥပဒေ စိုးမိုးရေး” (Rule of Law) ဆိုသည်မှာ တရားမျှတပြီး တည်ငြိမ်သည့် လူ့အဖွဲ့အစည်းတစ်ခု ထူထောင်ရန်အတွက် အခြေခံကျလှသည့် အယူအဆတစ်ရပ်ဖြစ်သကဲ့သို့ လူမှုရေးတည်ငြိမ်ဖို့၊ လူတစ်ဦးချင်းစီ၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များရရှိစေဖို့၊ အစိုးရဌာန/ အဖွဲ့အစည်းများနှင့် ပြည်သူများကို တာဝန်ခံဖို့ဆိုသည့် ရည်ရွယ်ချက်များအတွက် မရှိမဖြစ် လိုအပ်သော အယူအဆ တစ်ရပ်လည်း ဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးရေးအတွက် ဥပဒေအသိပညာ ပြန့်ပွားရေးသည် အညွှန်းကိန်း တစ်ခုဖြစ်ပြီး လူတိုင်း လူတိုင်းတွင် ဥပဒေအသိပညာရှိရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်ရာ ဥပဒေသဘောတရားများကို သိရှိနားလည်ပြီး ဥပဒေအား လေးစားလိုက်နာသော နိုင်ငံ့ဝန်ထမ်း ကောင်းများ ဖြစ်ပေါ်စေရန်နှင့် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကိုလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် ရည်ရွယ်ပြီး ယခုသင်တန်းကို ဖွင့်လှစ်ပို့ချရခြင်း ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက် သည့်ဥပဒေ၊ နည်းဥပဒေများ၊ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေ၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် ဥပဒေ၊ ပြည်သူပိုင်ပစ္စည်းများ ကာကွယ်ရေးအက်ဥပဒေ၊ မှတ်တမ်းထားခြင်းများအက်ဥပဒေ၊ ယုံမှတ်အပ်နှံမှုဥပဒေ၊ ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေ၊ မတရားအသင်းများဥပဒေ၊ ပြစ်မှုဆိုင်ရာဥပဒေ၊ မြန်မာနိုင်ငံသားအက်ဥပဒေနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေများ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေများ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေများစသည့် ဥပဒေများကို သိရှိနားလည်ထားရန် လိုအပ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့်လည်း သင်တန်းမှ ပို့ချပေးလိုက်သည့် ဥပဒေဆိုင်ရာ အသိပညာဗဟုသုတများကို စနစ်တကျ အလေးအနက်ထား၍ သေချာစွာ လေ့လာမှတ်သားပြီး မိမိတို့ တာဝန်ယူရသည့် သက်ဆိုင်ရာ နယ်ပယ်ကဏ္ဍအလိုက် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကောင်းစွာပြန်လည်အသုံးချခြင်း၊ အခြားသူများသို့ လက်ဆင့်ကမ်း မျှဝေပေးခြင်းဖြင့် ဥပဒေအား လေးစားလိုက်နာသော၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်သော၊ စွမ်းဆောင်ရည်မြင့်မားသော နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဥပဒေ၏အဓိပ္ပာယ်၊ ဥပဒေပေါ်ပေါက်လာပုံ၊ နိုင်ငံတကာ၏ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ မနုကျယ်ဓမ္မသတ်ကျမ်း၊ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ၊ ပြစ်မှုဆိုင်ရာဥပဒေ၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ တရားမဥပဒေ၊ တရားမကျင့်ထုံးဥပဒေ၊ ပြည်တွင်းဥပဒေများ၊ စီရင်ထုံးများ၊ အထူးဥပဒေများ၊ ဥပဒေ၏ အဆင့်အတန်းများ၊ အပြည်ပြည်ဆိုင်ရာဥပဒေများ စသည်ဖြင့် ဥပဒေရေးရာနှင့် ပတ်သက်သည့် သိသင့်သိထိုက်သည်တို့ကို ရှင်းလင်းပြောကြားပြီး နိုင်ငံသားတိုင်းဥပဒေကို သိရှိနားလည် လိုက်နာမှသာ အကျိုးရှိ မှန်ကန်ထိရောက်သည့် လုပ်ရပ်များကို ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်မည်ဖြစ်ရာ နိုင်ငံတော်အတွက်သာမက ပြည်သူလူထုတစ်ရပ်လုံးအတွက်ပါ အကျိုးရလဒ်ကောင်းများ ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ခြင်းဖြင့် တရားဥပဒေ စိုးမိုးရေးနှင့် တရားမျှတမှုဖော်ဆောင်ရေးကို တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ပေးနိုင်ခြင်းဖြင့် တည်ငြိမ်အေးချမ်းသာယာသော နိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်သည့် အကျိုးကျေးဇူးများ ရရှိလာနိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ ဘဏ္ဍာရေး စည်းမျဉ်း (၃၅/ ၂၀၁၇) တို့ကို သိရှိလိုက်နာဆောင်ရွက်ကြရမည် ဖြစ်ပြီး ဥပဒေ၏ ထီးအရိပ်အောက်တွင် နေထိုင်ခြင်းသည် အလုံခြုံဆုံးဘဝပင်ဖြစ်သည်ဟု မှာကြားလိုပါကြောင်း ပြောကြားပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်း နည်းပြဆရာများ၊ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
အဆိုပါ သင်တန်းကာလမှာ (၂) ရက်ခန့် ကြာမြင့်မည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၃၀) ဦး တက်ရောက်ကြကြောင်း သိရှိရပါသည်။