တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဂုဏ်ပြုပွဲနှင့် ဝန်ထမ်းများ တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အဖွင့်အမှာစကား ပြောကြားရာတွင် မာရဝိဇယရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်တွင် ဝန်ကြီးဌာန ကိုယ်စားပြု စိန်နားပန်မီးပုံးပျံကြီးအား အောင်မြင်စွာလွှတ်တင်ပူဇော်နိုင်ပြီး စည်းကမ်းလိုက်နာမှု အကောင်းဆုံးဆုကို ရရှိခဲ့ခြင်းနှင့် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာနအနေဖြင့် အားကစားနည်း (၆)နည်းကို ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် (၁) ခုရရှိခဲ့သည့်အတွက် ဝန်ကြီးဌာနအလိုက်အဆင့် (၈)နေရာ ရရှိခဲ့ခြင်းတို့အတွက် ဂုဏ်ယူပါကြောင်း၊ အဆိုပါပြိုင်ပွဲများအား တစ်ဦးချင်းစည်းကမ်း၊ အဖွဲ့အလိုက်စည်းကမ်း၊ အပြုသဘောဆောင်သည့် စိတ်ဓာတ်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့သည့်အတွက် ယခုကဲ့သို့ အောင်မြင်မှုများ ရရှိခဲ့ခြင်းဖြစ်သဖြင့် အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းသွားကြရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်မှ ပြဋ္ဌာန်းထားရှိသည့် ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ ဝန်ထမ်းများ လိုက်နာရမည့်ကျင့်ဝတ်(၃၀)ပါးနှင့် နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန်(၆)ချက်တို့ကို စောင့်ထိန်းလိုက်နာကြရမည်ဖြစ်ပါကြောင်း၊ မိမိနိုင်ငံနှင့် မိမိလူမျိုးအပေါ် မှန်ကန်သည့် အတွေးအမြင်နှင့် သစ္စာရှိကြရမည်ဖြစ်ပြီး နိုင်ငံတော်၏မူဝါဒနှင့် ဝန်ကြီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များကို စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်ကို ခံယူလျက် တိုင်းပြည်သာယာဝပြောရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး တို့အတွက် ကျရာကဏ္ဍမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်ဖြစ်ပါကြောင်း တိုက်တွန်း ပြောကြားပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးဦးဇော်အေးမောင်က ဝန်ကြီးဌာနအနေဖြင့် မာရဝိဇယ ရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်တွင် စိန်နားပန်မီးပုံးပျံ လွှတ်တင်ခြင်းအခမ်း အနားနှင့် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်အခမ်းအနားများတွင် ပြိုင်ပွဲများ ပါဝင်ဆင်နွှဲခဲ့ရာ အောင်မြင်မှုအတိုင်းအတာတစ်ခုအထိ ရရှိပြီး ဝန်ကြီးဌာန၏ဂုဏ်ကို မြှင့်တင်စေခဲ့သည့်အတွက် ဝန်ထမ်းများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် လာမည့် နှစ်သစ်တွင် မိမိတို့ ကိုးကွယ်သည့်ဘာသာတရားများ၏ အဆုံးအမနှင့်အညီ ကိလေသာ(၁၀)ပါးကို ရှောင်ကြဉ်ပြီး ဗြဟ္မစိုရ်တရား(၄)ပါးနှင့်အညီ ကျင့်ကြံ့နေထိုင်သွားကြ မည်ဆိုပါက အောင်မြင်မှုများ ရရှိလာမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ စွမ်းဆောင်ရည်ကို အမြဲမြှင့်တင်သွားရန် လိုအပ်မည်ဖြစ်ပြီး စွမ်းဆောင်ရည်များမြင့်မားတိုးတက်ပါက ဌာန၏ စွမ်းဆောင်ရည်လည်း မြင့်မားလာမည်ဖြစ်ပါကြောင်း၊ သို့မှသာ တိုင်းရင်းသားရေးရာကိစ္စရပ်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ပါဝင်ဆောင်ရွက်နိုင်ကြပါစေကြောင်း ပြောကြားပါသည်။
ထို့နောက် မာရဝိဇယရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်တွင် ဝန်ကြီး ဌာနကိုယ်စားပြု စိန်နားပန်မီးပုံးပျံကြီးအား အောင်မြင်စွာလွှတ်တင်ပူဇော်နိုင်ပြီး “စည်းကမ်းလိုက်နာမှု အကောင်းဆုံးဆု”ကို ရရှိခဲ့သည့်အတွက် ပြည်ထောင်စုဝန်ကြီးက အမြဲတမ်းအတွင်းဝန် နှင့်ညွှန်ကြားရေးမှူးချုပ်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ပါသည်။
ဆက်လက်၍ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် အားကစားနည်း (၆)နည်း ပါဝင်ယှဉ်ပြိုင်ခဲ့ရာ “ရွှေတံဆိပ်” (၁)ခုရရှိခဲ့ပြီး ဝန်ကြီးဌာနအလိုက် အဆင့်(၈)နေရာ ရရှိခဲ့သည့်အတွက် ဒုတိယဝန်ကြီးက ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အားကစားနည်းများအလိုက် အသင်းအုပ်ချုုပ်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးရုံး၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများက မိမိတို့၏ အခက်အခဲများ၊ လိုအပ်ချက်များကို တင်ပြကြရာ သက်ဆိုင်ရာ ဌာနအကြီးအမှူးများက ရှင်းလင်းဖြေကြားကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြပါသည်။
ယင်းနောက် အခမ်းအနားသို့တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများအားလုံး နေ့လယ်စာကို လက်ရည် တပြင်တည်း အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိပါသည်။