တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို အလေးထားဆောင်ရွက်ပေးလျက်ရှိ
Image

တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို အလေးထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင်ရှိသည့် ဖွံ့ဖြိုး တိုးတက်မှုနည်းပါးသည့် တိုင်းရင်းသားလူမျိုးများနှင့် ၎င်းတို့၏ဒေသများတွင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေးစသည့် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရ အဖွဲ့များနှင့် ညှိနှိုင်းပူးပေါင်း၍ တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝမြင့်မားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်ပြီး အသက်မွေးဝမ်းကျောင်း ပညာရပ် ဆိုင်ရာသင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားလူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး လူမှုစီးပွားဘဝမြင့်မားလာစေရန် ရည်ရွယ် ကျင်းပ သည့် အသုံးချကွန်ပျူတာအဆင့်မြင့်သင်တန်းဖွင့်ပွဲ၊ ရေခဲမုန့်၊ အဖျော်ယမကာနှင့် အအေးမျိုးစုံထုတ်လုပ်မှု သင်တန်းဖွင့်ပွဲနှင့် အသုံးချကွန်ပျူတာဆရာဖြစ်သင်တန်းဆင်း လက်မှတ် ပေးအပ်ပွဲအခမ်းအနားတွင် အထက်ပါအတိုင်းပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားကို အောက်တိုဘာလ (၃၁)ရက်နေ့၊ နံနက် (၀၈:၃၀) အချိန်တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ သင်တန်းဆရာများနှင့်သင်တန်းသား/ သူများ တက်ရောက်ကြပါသည်။
ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဧည့်သည်တော်များက ခင်းကျင်းပြသထားသည့် ပြခန်းများကို ကြည့်ရှုအားပေးကြပါသည်။
အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် တိုင်းရင်းသားများလူမှုဘဝမြင့်မားရေးအတွက် သင်တန်းများဖွင့်လှစ်ခဲ့ရာ ဖွင့်လှစ်ဆောင်ရွက်ပြီးခဲ့သည့် သင်တန်းများအနေဖြင့် ကချင်ပြည်နယ်တွင် အခြေခံစက်ချုပ်သင်တန်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် တိုင်းရင်းသား ရိုးရာအစားအစာ ချက်ပြုတ်သင်တန်း၊ ရခိုင်ပြည်နယ်တွင် အိမ်တွင်းလက်မှုသင်တန်း ကျောင်း၌ အခြေခံအိမ်တွင်းမှုသင်တန်း၊ အဆင့်မြင့်စက်ချုပ်သင်တန်း၊ ရှမ်းပြည်နယ်တွင် ဝါးလက်မှုအခြေခံသင်တန်း၊ စက်ချုပ်သင်တန်းနှင့် ယခု ရန်ကုန်တိုင်းဒေသကြီးတွင် ကွန်ပျူတာဆရာဖြစ်သင်တန်းကို ဖွင့်လှစ်ပေးနိုင်ခဲ့ပါကြောင်း မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာ သင်တန်းစင်တာကို တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် တည်ဆောက်လျက်ရှိပြီး အဆောက်အအုံတည်ဆောက်ပြီးစီးပါက ဒေသနှင့်ကိုက်ညီသည့် အသက်မွေးဝမ်းကျောင်း သင်တန်းများကို ယခုကဲ့သို့ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အဆိုပါ အဆောက်အအုံကဲ့သို့ ကျန်ရှိသည့်တိုင်းဒေသကြီး/ပြည်နယ်များတွင်လည်း တည်ဆောက် နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယနေ့ကမ္ဘာကြီးသည် IT နည်းပညာများ ထွန်းကားမြင့်မားလာသည်နှင့်အမျှလူမှုစီးပွားရေးတို့မှာလည်း တိုးတက်မြင့်မားလာသည်ကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ နည်းပညာများ စဉ်ဆက်မပြတ်တိုးတက်လာသည့်အတွက် မိမိတို့သည်လည်း နည်းပညာနောက်ကို စဉ်ဆက်မပြတ် လေ့လာလိုက်စား ကြရမည်ဖြစ်ပါကြောင်း၊ သင်တန်းသူ/သင်တန်းသားများအနေဖြင့် “အသုံးချကွန်ပျူတာ သင်တန်းများ” သင်ယူပြီးဆုံးသည့်အချိန်တွင် တတ်မြောက်ထားသည့်ပညာရပ်များဖြင့် မိမိတို့၏ ရပ်ရွာဒေသသို့ရောက်ရှိပါက လက်တွေ့အသုံးချကြရမည့်အပြင် မိမိတို့ဒေသရှိ တိုင်းရင်းသားလူငယ်များကိုလည်း ပြန်လည်သင်ကြားမျှဝေပေးသွားကြစေလိုပါကြောင်း၊ ထိုမှသာ တိုင်းရင်းသားလူငယ်များ နည်းပညာရပ်များပိုမိုနားလည်တတ်မြောက်ပြီး လူမှုဘဝခေတ်မီတိုးတက်လာမည်ဖြစ်ပါကြောင်း၊ အိမ်တွင်းမှုသင်တန်းဖြစ်သည့် ရေခဲမုန့်၊ အဖျော်ယမကာနှင့်အအေးအမျိုးမျိုးထုတ်လုပ်မှုသင်တန်းကို တက်ရောက်ကြမည့် သင်တန်း သား/သင်တန်းသူများအနေဖြင့်လည်း မိမိတို့၏ ဒေသများမှ ထွက်ရှိသည့် အခြေခံကုန်ကြမ်းများကိုအသုံးပြုပြီး ကုန်ချောထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရန် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ခြင်းအားဖြင့် ဒေသခံတိုင်းရင်းသားများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိသည့်အပြင် ဒေသတွင်းစီးပွွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း များစွာအထောက်အကူ ဖြစ်စေပြီး လူမှုစီးပွားရေးဘဝများလည်း တိုးတက်မြင့်မားလာမည်ဖြစ်ပါကြောင်း၊ ယခုလို သင်တန်းများဖွင့်လှစ်ပေးခြင်းအားဖြင့် တိုင်းရင်းသားများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေသည့်အပြင် တစ်ဦးချင်းဝင်ငွေမြင့်မားရေးကိုလည်းအထောက်အကူပြုစေသည့်အတွက် တိုင်းရင်းသားစည်းလုံးညီညွတ်မှု၊ ချစ်ကြည်လေးစားမှုနှင့် ရိုင်းပင်းကူညီမှုတို့ ပိုမိုတိုးတက် ဖြစ်ထွန်းစေမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
၎င်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကား ပြောကြားရာတွင် မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျေးလက်နေ တိုင်းရင်းသား များအလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး ဆင်းရဲနွမ်းပါးမှုလျော့ချနိုင်စေရန် အိမ်တွင်းမှု သင်တန်းများမှတစ်ဆင့် One Village, One Product အဖြစ် ဒေသထွက်ကုန်များ ပေါ်ထွက်လာစေရန်၊ တနိုင်တပိုင်စီးပွားရေးလုပ်ငန်းများလုပ်ကိုင်လာစေရန်နှင့် ယနေ့ နည်းပညာခေတ်တွင် ကျေးလက်နေတိုင်းရင်းသားများပါ နည်းပညာဖွံ့ဖြိုးတိုးတက်မှုကို မျက်ခြည်မပြတ် သိရှိနားလည်စေရန်၊ မိမိတို့ကျေးလက်ဒေသအတွင်းရှိ အနာဂတ် မျိုးဆက်သစ်များအား ကွန်ပျူတာလက်ဆင့်ကမ်းသင်ကြားပြသနိုင်ရန် ရည်ရွယ်၍ ယခုလိုသင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဘဏ္ဍာရန်ပုံငွေဖြင့် အိမ်တွင်းမှုသင်တန်းကို တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်းပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိသည့် ကျေးရွာများမှ ထွက်ရှိသည့် အခြေခံကုန်ကြမ်းများကို အသုံးပြုပြီး ကုန်ချောပစ္စည်းများ ပိုမို ထုတ်လုပ်လာနိုင်စေရေး အိမ်တွင်းမှုသင်တန်း (၅)ကြိမ် ကျင်းပပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့က အသုံးချကွန်ပျူတာဆရာဖြစ်သင်တန်း (၁/၂၀၂၂)တွင် ပထမဆု၊ ဒုတိယဆုနှင့်တတိယဆု ရရှိသူများကို ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ၎င်းနောက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက သင်တန်းသား/ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ကာ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူး ကြပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော် များသည် ကွန်ပျူတာသင်တန်းပို့ချနေမှုကို ကြည့်ရှုအားပေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကာ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image