တိုင်းရင်းသားကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးချွန်စွမ်းရည် ပြပွဲ၊ ပြိုင်ပွဲ အခမ်းအနားကို မှော်ဘီမြို့တွင်ကျင်းပပြုလုပ် မှော်ဘီ ၊ ဒီဇင်ဘာ ၁၂
မှော်ဘီ 2024-12-12
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးချွန် စွမ်းရည် ပြပွဲ၊ ပြိုင်ပွဲ အခမ်းအနားကို (၁၂-၁၂-၂၀၂၄) ရက်နေ့က  ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ကျီးပင်ဆိပ်ကျေးရွာ၊ မူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊  ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအကြောင်းမိတ်ဆက်ခဲ့ပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့်  ဗလငါးတန်နှင့် ပြည့်စုံသော ကျောင်းသားလူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများအကြောင်း၊  တိုင်းရင်းသားအချင်းချင်း အမုန်းစကားနှင့် အကြမ်းဖက်မှု ဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးရေးဆိုင်ရာ သိကောင်းစရာများကို လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးငါးရယ်က ပုံပြပုံပြင် စာအုပ် ထုတ်ဝေပေးမှုနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအကြောင်းတို့ကို လည်းကောင်း အသိပညာပေး ဟောပြောခဲ့ပါသည်။ 

      ဆက်လက်၍ ဗလငါးတန်နှင့် ပြည့်စုံသော ပြပွဲပြိုင်ပွဲများဖြစ်သည့် အာလူးကောက်ပြိုင်ပွဲ၊ ဘောလုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ချယ်ပြိုင်ပွဲ၊ စက္ကူဖြင့် စုပေါင်းအရုပ် ခေါက်ပြိုင်ပွဲ၊ ဉာဏ်စမ်းမေးခွန်းများဖြေဆိုခြင်း စသည့်ပြိုင်ပွဲများကို ကျင်းပခဲ့ပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား  ဆုချီးမြှင့်ခြင်းနှင့် အားကစားပစ္စည်းများ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်း အတွင်းရေးမှူး မန်းသန်းဌေးနှင့် ကျောင်းအုပ် ဆရာမကြီး  ဒေါ်ခင်စန်းနွယ်က ဗလငါးတန်နှင့် ပြည့်စုံသော ကျောင်းသား၊ ကျောင်းသူများအား ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ မိမိတို့ ရပ်ရွာသို့ လာရောက်ကျင်းပပေးခြင်းအတွက် ကျေးဇူးတင် စကားပြောကြားခဲ့ပါသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ဝါးညှပ်အက၊ ဒုံးယိမ်း အကများဖြင့် ကပြဖျော်ဖြေခဲ့ပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားသို့ ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းမှ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ မှော်ဘီမြို့နယ်အတွင်းရှိ မူလတန်းကျောင်းများမှ ကျောင်းအုပ်ဆရာမကြီးများ၊ ကျီးပင်ဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျောင်းသား မိဘများ၊ ကျောင်းသား၊ ကျောင်းသူများအပါအဝင် စုစုပေါင်း (၁၃၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။


Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image