နှစ် (၅၀) ပြည့် ရွှေရတု ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ တက်ရောက်ရန်အတွက် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ရောက်ရှိနေသော တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့သည် ဒီဇင်ဘာလ (၁၅)ရက်နေ့ နေ့လယ်ပိုင်းတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှနှင့် တာဝန်ရှိသူများလိုက်ပါလျက် စစ်တွေမြို့၊ ရခိုင်ပြည်နယ်အစိုးရ ဧည့်ရိပ်သာ၊ အစည်းအဝေးခန်းမ၌ ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က တွေ့ဆုံအမှာစကား ပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ တိုင်းရင်းသားရေးရာများကိုဆောင်ရွက်ခြင်းနှင့် စစ်မှန်သော မျိုးချစ် စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် တိုးတက်ခိုင်မာလာစေရေးအတွက် ကျန်းမာရေး၊ ပညာရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် လုပ်ငန်းတာဝန်များကို နိုင်ငံတော်က ပြဋ္ဌာန်းထားရှိသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ်အနက် လူမှုရေးဦးတည်ချက်ပါ “တစ်နိုင်ငံလုံး အသိပညာအတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြု ပညာရှင်များထွန်းကားလာစေရေးတို့အတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံ ပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး” ဆိုသည့် ဦးတည်ချက်ကို အထောက် အကူပြုစေရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် တိုင်းရင်းသားဘာသာ စာပေ သင်ကြားနိုင်စေရန်အတွက် ပညာရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များအနေဖြင့် တရားဝင်သတ်မှတ်ချက် ဥပဒေနှင့်အညီ မှတ်ပုံတင်ထားရှိရန်လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေနှင့်အညီ စနစ်တကျ မှတ်ပုံတင်နိုင်ရေးကိစ္စနှင့် တိုင်းရင်းသား များအတွက် တိုက်ရိုက်အကျိုးခံစားရစေမည့်လုပ်ငန်းများကို နိုင်ငံတော်၏ လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားတို့ကိုမထိခိုက်စေဘဲ ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း၊ တိုင်းရင်းသားဒေသများတွင် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများတွင် ဆောင်ရွက်မည့်လုပ်ငန်းများတွင်လည်း တိုင်းရင်းသား များ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာအရ သက်ဆိုင်သည့်မြေများ ပါဝင်မှုရှိ/မရှိ အချိန်နှင့်တစ်ပြေးညီ ကွင်းဆင်းစိစစ်ပြီး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများစီမံခန့်ခွဲမှုဗဟိုကော်မတီသို့ သဘောထားမှတ်ချက်များ ပြန်ကြားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့ များအနေဖြင့် မိမိတို့၏ တိုင်းရင်းသားရေးရာကိစ္စရပ်များကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံတော်နှင့် တိုင်းရင်းသားလူမျိုးများ၏အကျိုးစီးပွားကိုရှေးရှု၍ တင်ပြဆောင်ရွက်နိုင်ပါ ကြောင်း၊ ယနေ့ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၏ တင်ပြသည့် အချက်များကို စနစ်တကျသေချာမှတ်သားပြီး သက်ဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များတို့နှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်း (၁၃၀) ကျော် စုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စုနိုင်ငံတော်ကြီးဖြစ်သည်နှင့်အညီ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ထားရှိကြရန်လိုအပ်ပါကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်ဆိုသည်မှာ တိုင်းရင်းသားများအားလုံး “တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် တို့အားလုံးသည် တိုင်းရင်းသားညီအစ်ကိုများဖြစ်ပြီး အရေးကြီးလျှင် သွေးနီးကြမည်” ဆိုသည့်စိတ်ဓာတ်၊ “တောင်ပေါ်မြေပြန့်မခွဲခြား၊ တို့အားလုံးသည် သားချင်းများဖြစ်ကြပြီး နိုင်ငံတော်ကိုပူးပေါင်း ကာကွယ်စောင့်ရှောက်ကြမည်” ဆိုသည့်စိတ်ဓာတ်၊ “မရှိအတူ ရှိအတူ၊ အေးအတူ ပူအမျှ၊ ဥမကွဲသိုက်မပျက် ချစ်ကြည်ရင်းနှီးစွာ အတူတကွလက်တွဲနေထိုင်ကြသည့် မိသားစုများ” ဆိုသည့် စိတ်ဓာတ်များပင်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများအနေဖြင့် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်မျိုးနှင့်တစ်မျိုး အမုန်းမပွားအညှိုးမထားဘဲ ချစ်စကိုရှည်စေ မုန်းစကို တိုစေ၊ အမိနိုင်ငံတော်၏ စစ်မှန်သောအကျိုးစီးပွားကို ဦးတည်ချက်ထားရှိနိုင်သည့် ချစ်ကြည် ရင်းနှီးသွေးစည်းညီညွတ်မှုများဖြင့် စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စု စိတ်ဓာတ်ကိုအခြေခံ၍ ဒို့တာဝန်အရေးသုံးပါးကိုမထိခိုက်စေဘဲ နိုင်ငံသူ၊ နိုင်ငံသားများနှင့် တိုင်းရင်းသားပြည်သူများအားလုံး မျှော်လင့်တောင့်တနေသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်ရေးလုပ်ငန်း များတွင် မိမိတို့ကျရာကဏ္ဍမှ ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ အားကြိုးမာန်တက် အစွမ်းကုန် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
၎င်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က တွေ့ဆုံအမှာစကားပြောကြားရာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် အလွန်အရေးကြီးပါကြောင်း၊ တိုင်းရင်းသားများ စည်းလုံးညီညွတ်မှ တိုင်းပြည်ငြိမ်းချမ်းသာယာမည်ဖြစ်ပြီး တိုင်းပြည်ငြိမ်းချမ်းသာယာမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်သည် ရေခံ၊ မြေခံ ကောင်းမွန်သည့် အတွက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များအနေဖြင့် နိုင်ငံတော်နှင့် မိမိတို့ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာကဏ္ဍမှ အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း၊ (၂၈.၁၀.၂၀၂၂) ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥပဒေ အမှတ်(၄၆/၂၀၂၂)ဖြင့် ပြဋ္ဌာန်းခဲ့သည့် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရ တရားဝင်အသင်းအဖွဲ့မှတ်ပုံတင်ထားရှိရန် လိုအပ်ပါကြောင်း၊ အသင်းအဖွဲ့ မှတ်ပုံတင်ထားရှိမှသာ ဥပဒေနှင့်အညီ စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များအတွက် တရားဝင် အကူအညီပံ့ပိုးမှုများ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ပြောကြားခဲ့ပါသည်။ ယင်းနောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှက ရခိုင်ပြည်နယ်အတွင်း တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် ဒေသအတွင်း ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ၎င်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အဖွဲ့များက တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များနှင့်ပတ်သက်ပြီး အထွေထွေ ဆွေးနွေးတင်ပြကြရာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က ပြန်လည်ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပြီး ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုထိန်းသိမ်း မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ရခိုင်၊ မရမာကြီး၊ ခမွီးနှင့် သက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များကို ချီးမြှင့်ငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက တွေ့ဆုံအမှာစကားပြောကြားရာတွင် ဝန်ထမ်းများသည် မိမိတို့ရာထူးအဆင့်နှင့်လျော်ညီစွာ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်မားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်ဘတ်ဂျက်ရန်ပုံငွေများကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ မှန်ကန်စွာသုံးစွဲရေး၊ အလေအလွင့်၊ ဆုံးရှုံးမှုနှင့် မသမာမှုများ မရှိစေရေးနှင့် နိုင်ငံတော်၏ ခြိုးခြံချွေတာရေးမူများကိုလည်း အထူးအလေးဂရုပြုလိုက်နာ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အထူးသဖြင့် ဝန်ထမ်းများတို့သည် တိုင်းရင်းသားလူမျိုးများ ရေးရာလုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်မှပြဋ္ဌာန်းထားရှိသော ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ စနစ်တကျမှန်ကန်စွာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည်နှင့်အညီ ဝန်ထမ်းများပီပီ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်၊ ကျင့်ဝတ်အပါး (၃၀)တို့ကိုလည်း လိုက်နာစောင့်ထိန်းတတ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ဒို့တာဝန်အရေး(၃)ပါးကို မထိခိုက်စေဘဲ စစ်မှန်သောမျိုးချစ်စိတ်ဓာတ် ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံလျက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ နိုင်ငံသူ၊ နိုင်ငံသားများအားလုံးတို့က မျှော်လင့်တောင့်တနေသည့် တိုင်းပြည်သာယာဝပြောရေးကို ဖြစ်ပေါ်လာစေမည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်း များတွင် ဝန်ထမ်းများအားလုံးက မိမိတို့ကျရာကဏ္ဍမှ အစွမ်းကုန်ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
၎င်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဝန်ထမ်းများအား တွေ့ဆုံအမှာစကား ပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့်(၂၀၀၈)ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ဘဏ္ဍာရေးစည်းမျဉ်း (၃၅/၂၀၁၇)နှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့် နည်းဥပဒေကို အမြဲလေ့လာ ဖတ်မှတ်ထားရန်၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ကြရန်၊ မိမိတို့၏ ရာထူးအဆင့်နှင့်လျော်ညီစွာ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်မားကြရန် လိုအပ် ပါကြောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေများကို ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သုံးစွဲကြရန် ပြောကြားလိုပါကြောင်း၊ ဝန်ကြီးဌာနမှပေးအပ်သော တာဝန်များကို ကျေပွန်စွာ တာဝန်ထမ်းဆောင်ကြရန်နှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး၏ အနီးကပ်ကြီးကြပ်ကွပ်ကဲမှုဖြင့် ကြိုးစားဆောင်ရွက် ကြရန် ပြောကြားခဲ့ပါသည်။
၎င်းနောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှက ဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ဝန်ထမ်းများက အထွေထွေဆွေးနွေး တင်ပြကြရာ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှက ဝန်ထမ်းများအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့တို့သည် သဘာဝဘေး အန္တရာယ် မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး ရုံးအဆောက်အဦရှိ ခြံစည်းရိုးနှင့် ဂိတ်တံခါးပြုပြင်ခြင်းလုပ်ငန်း၊ ရုံးအဆောက်အဦ အမိုး၊ မျက်နှာကျက်ပျက်စီးမှု ပြုပြင်ခြင်းလုပ်ငန်းနှင့် အခြားအထွေထွေ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူ များက ပျက်စီးဆုံးရှုံးခဲ့သည့် ပုံသေပိုင်ပစ္စည်းများအား ဌာနပိုင်စာရင်းမှပယ်ဖျက်ပြီးစီးမှု အခြေအနေများ၊ ရုံးအဆောက်အဦပြန်လည်ပြုပြင်ခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်နှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တို့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ဒါခေါ်ယူ ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လိုအပ်သည် များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။