တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ကြီးမှူး၍ ငှက်ပျောပင်မှ တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ခြင်း သင်တန်းဆင်းပွဲအခမ်းအနားကို (၄-၁၂-၂၀၂၄) ရက်နေ့တွင် ရှမ်းပြည်နယ်၊ အေးသာယာမြို့ရှိ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှုးရုံးမှ ညွှန်ကြားရေးမှူး ဦးချစ်ဇော်လင်းက သင်တန်းသား/သူများ အား သင်တန်းပြီးမြောက်သွားပါက မိမိတို့အတွက် ကိုယ်ပိုင်အသေးစား လုပ်ငန်းတစ်ခုထူထောင်နိုင်သည်အထိ ကြိုးစားစေလိုပါကြောင်း၊ ငှက်ပျောပင်မှ ထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းများကို အသုံးပြု၍ တဘက်၊ ပုဝါ၊ လက်ကိုင်အိတ်၊ ခြင်း၊ ဖျာ၊ ဖိနပ်၊ စက္ကူ၊ ဦးထုပ်၊ အဝတ်အထည်စသည့် လူသုံးကုန်ပစ္စည်းများကို ဖန်တီးထုတ်လုပ်ခြင်းအားဖြင့် ကျေးလက်နေနှင့် မြို့နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းအသစ်များရရှိခြင်း၊ ဝင်ငွေများရရှိခြင်း၊ သဘာဝစိုက်ခင်းနှင့် ငှက်ပျော စိုက်ဧရိယာဒေသမှ စိုက်ပျိုးတောင်သူများ ဝင်ငွေတိုးပွားလာနိုင်သကဲ့သို့ တစ်ဖက်မှာလည်း လက်မှုပညာရပ်တစ်ခု တိုးတက်လာမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးနှင့် သင်တန်းစင်တာရှိ တာဝန်ရှိသူများက သင်တန်းနည်းပြဆရာ၊ ဆရာမများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခြင်း၊ သင်တန်းသား၊ သင်တန်းသူ တစ်ဦးချင်းစီအား သင်တန်းဆင်း လက်မှတ်များကို ပေးအပ်ခဲ့ပါသည်။ ထို့နောက် သင်တန်းသား/သူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားပြီးနောက် စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။
ငှက်ပျောပင်မှ တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ခြင်း သင်တန်းကို (၂၀-၁၁-၂၀၂၄) ရက်နေ့မှ (၄-၁၂-၂၀၂၄) ရက်နေ့အထိ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာ သင်တန်းစင်တာ၌ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ရှမ်းပြည်နယ်အတွင်းရှိ ရှမ်း၊ ပအိုဝ်း၊ ဓနု၊ ယင်းကြား၊ လီဆူ၊ ချင်း၊ ဗမာ စသည့် တိုင်းရင်းသားမျိုးနွယ်စုမှ သင်တန်းသူ/သား စုစုပေါင်း (၂၀) ဦးတို့က တက်ရောက်သင်ကြားခဲ့ကြကြောင်း သိရှိရပါသည်။