၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၌ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ကိုယ်စားပြု အားကစားအဖွဲ့အား အောင်နိုင်ရေး အလံပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ကိုယ်စားပြု အားကစားအသင်းများမှ အားကစားနည်းကြီးကြပ်သူနှင့်တာဝန်ခံများ၊ အသင်း အုပ်ချုပ်သူများ၊ နည်းပြများ၊ အားကစားသမားများ၊ အရာထမ်း အမှုထမ်းများ တက်ရောက် ကြပါသည်။
ရှေးဦးစွာ အမျိုးသား အားကစားပွဲတော်၌ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ကိုယ်စားပြု အားကစားအသင်းများမှ အားကစားနည်း ကြီးကြပ်သူ နှင့်တာဝန်ခံများ၊ အသင်းအုပ်ချုပ်သူများ၊ နည်းပြများ၊ အားကစားသမားများက အားကစားနည်း များအလိုက် တစ်ဦးချင်း ဂါဝရပြုမိတ်ဆက်ခဲ့ကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်အမှာစကားပြောကြားရာတွင် အမျိုးသားအားကစားပွဲတော်များကို ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ ပထမအကြိမ်ကို ၁၉၉၂ ခုနှစ် တွင်လည်းကောင်း၊ ဒုတိယအကြိမ်ကို ၁၉၉၄ ခုနှစ်တွင်လည်းကောင်း ၊ တတိယ အကြိမ်ကို ၁၉၉၇ ခုနှစ်တွင်လည်းကောင်း၊ စတုတ္ထအကြိမ်ကို ၂၀၁၅ ခုနှစ်တွင် နေပြည်တော်၌ အသီးသီး ကျင်းပခဲ့ပြီး ယခု ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို နေပြည်တော်တွင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ တိုင်းဒေသကြီး၊ ပြည်နယ် အားကစားနည်း (၂၃)နည်း၊ ဝန်ကြီးဌာနအဆင့် အားကစားနည်း (၆) နည်းနှင့် မသန်စွမ်းအားကစား နည်း (၄)နည်းတို့ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ “အားကစားဆောင်ရွက်ခြင်းသည် မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များနှင့် အမျိုးသားရေးစရိုက်လက္ခဏာတို့ကို ရှင်သန်ထက်မြက်စေပြီး တစ်မျိုးသားလုံး၏ ကျန်းမာကြံ့ခိုင်ရေးကိုလည်း ဖြစ်ပေါ်စေနိုင်သည့်အတွက် အားကစားနှင့်ပတ်သက်ပါက အားပေးဆောင်ရွက်ရမည်” ဟူသည့် လမ်းညွှန်ချက်နှင့်အညီ နိုင်ငံတကာပြိုင်ပွဲများတွင် အားကစားအဆင့်အတန်းမြင့်မာရေးနှင့် အောင်မြင်မှုရရှိစေရန် ယှဉ်ပြိုင်နိုင်ရေး၊ နိုင်ငံ့ ဂုဏ်ဆောင်အားကစားသမားများနှင့် အလားအလာရှိသည့် လူငယ်မျိုးဆက်သစ် အားကစား သမားများ ပေါ်ထွန်းလာစေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများ၊ ဝန်ကြီးဌာနများအကြား အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိပြီး အားကစားလှုပ်ရှားမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်လာနိုင် စေရေး၊ ပြည်သူတစ်ရပ်လုံးအားကစားကို ပိုမိုစိတ်ပါဝင်စားလာပြီး အားကစား လှုပ်ရှားမှုများတွင် ပိုမိုပါဝင်လာစေရေးစသည့် ရည်ရွယ်ချက်များဖြင့် ၂၀၂၄ ခုနှစ်၊ ပဉ္စမ အကြိမ် အမျိုးသားအားကစားပွဲတော်ကို ကျင်းပခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် ဘောလုံး (အမျိုးသား)၊ ဖူဆယ် (အမျိုးသား)၊ ဘော်လီဘော (အမျိုးသမီး)၊ ပိုက်ကျော်ခြင်း (အမျိုးသား)၊ ဂေါက်သီး (အမျိုးသား)၊ ပြေးခုန်ပစ် (အမျိုးသား/ အမျိုးသမီး) အားကစား နည်းတို့ဖြင့် ပါဝင်ယှဉ်ပြိုင်သွားကြမည်ဖြစ်ပြီး ဌာနမှ ဝန်ထမ်းများ အနေဖြင့်လည်း အားတက်သရော ကြည့်ရှုအားပေး ကြရမည်ဖြစ်ပါကြောင်း၊ ယခုအားကစား အောင်နိုင်ရေး အလံအပ်နှင်းခြင်းသည် နည်းပြများနှင့် အားကစားသမားများကို ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ၊ အားကစားပညာရပ်ဆိုင်ရာစသည်ဖြင့် အစစအရာရာ အသင့်ဖြစ်နေသည်ဟု ယုံကြည်သည့် အတွက် အားကစား မောင်မယ်များ၏ စိတ်စွမ်းအားကို မြှင့်တင်ပေးခြင်းဖြစ်ပါကြောင်း၊ အားကစားသမားများအနေဖြင့်လည်း ပြိုင်ပွဲတိုင်း အနိုင်ရရှိစေရန် ကိုယ်အား၊ ဉာဏ်အား၊ စွမ်းအားအပြည့်၊ ရေကုန်ရေခမ်း အောင်နိုင်ရေးစိတ်ဓာတ်အပြည့်ဖြင့် အားထုတ်ကြိုးပမ်း သွားကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ ဌာနကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် အားကစားနည်းအလိုက် ရွှေတံဆိပ်နှင့် အခြားဆုအသီးသီး ရယူ၍ ဝန်ကြီးဌာန၏ဂုဏ်ကို မြှင့်တင်နိုင်ရေး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက အားကစားဟူသည် အထူးတလည် လေ့ကျင့်တည်ဆောက် ထားသော ခွန်အား၊ သက်လုံ၊ ကျွမ်းကျင်မှု၊ နည်းစနစ်၊ စိတ်ဓာတ်နှင့်ဉာဏ်ရည်တို့ကိုအသုံးချကာ ရုပ်ပိုင်းနှင့် စိတ်ပိုင်းတို့ပါ ယှဉ်ပြိုင်ကြရခြင်းဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနကိုယ်စားပြုအားကစား သမားများအနေဖြင့် အားကစားနည်းအလိုက်ယှဉ်ပြိုင်ကြရာတွင် အောင်နိုင်လိုစိတ်များ ပြင်းပြ နေရန်လိုအပ်ပြီး ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာကာ အားကစားသမား ကောင်းပီသစွာ ပြုမူနေထိုင်သွားရန်နှင့် အနိုင်မခံအရှုံးမပေးသည့်စိတ်ဓါတ်ဖြင့် ပြိုင်ပွဲတိုင်းတွင် အောင်စိတ်ကိုမွေးမြူထားရှိပြီး အနိုင်ရရှိစေရန် ယှဉ်ပြိုင်ကြစေလိုကြောင်း၊ အုပ်ချုပ်သူ/ နည်းပြ များနှင့် အားကစားသမားများအနေဖြင့်လည်း ကိုယ်ကျိုးမဖက်ပဲ အားကစားချစ်စိတ်ကို အရင်းခံပြီး ဝန်ကြီးဌာန၏ အားကစားဂုဏ်ကို ပိုမိုမြင့်တက်စေမည့် ဂုဏ်ယူရသောသူများ ဖြစ်စေရန် ကြိုးစားကြစေလိုကြောင်း ပြောကြားပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အောင်နိုင်ရေးအလံကို အားကစားအဖွဲ့ခေါင်းဆောင် ဖြစ်သော ဒုတိယအမြဲတမ်းအတွင်းဝန်ထံ အပ်နှင်းခဲ့ပါသည်။
ထို့နောက် အားကစားအဖွဲ့ခေါင်းဆောင်က ဦးဆောင်၍ အားကစားအဓိဋ္ဌာန် (၄)ချက် ရွတ်ဆို၍ အားကစား ကြိုတင်ပြင်ဆင်လေ့ကျင့်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်း တင်ပြပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည့် ပဉ္စမအကြိမ်အမျိုးသား အားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ကိုယ်စားပြု အားကစားအသင်းများမှ ကြီးကြပ်သူနှင့်တာဝန်ခံများ၊ အသင်းအုပ်ချုပ်သူများ၊ နည်းပြများ၊ အားကစားသမားများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။