SolarWinds Network Monitoring System နှင့်စပ်လျဉ်းသည့် အသိပညာများ မျှဝေပေးခြင်းဖွင့်ပွဲ အခမ်းအနားကျင်းပ နေပြည်တော်၊ နိုဝင်ဘာ ၂၇
နေပြည်တော် 2024-11-27
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် GNE Co.Ltd တို့ ပူးပေါင်းပြုလုပ်သည့် SolarWinds Network Monitoring System နှင့်စပ်လျဉ်းသည့် အသိပညာများ မျှဝေပေးခြင်းဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ GNE Co.Ltd မှ တာဝန်ရှိသူများ၊ ဆက်စပ်ဝန်ကြီးဌာန(၈)ခုမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်  အရာထမ်းများ တက်ရောက်ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ Information Technology - IT တိုးတက်နေသည့်ခေတ်တွင် e-Government စနစ် ထူထောင်ခြင်းဖြင့် မိမိတို့ နိုင်ငံသည် တိုးတက်နေသည့် ကမ္ဘာကြီးနှင့် ရင်ဘောင်တန်းလာနိုင်ရုံမျှမက ရင်ဆိုင်နေရသည့် ပြဿနာများကိုပါ ကျော်လွှားနိုင်သည့် အခွင့်အရေးများ ရရှိလာနိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရှိ အစိုးရအဖွဲ့အစည်းအသီးသီးတို့၏ e-Government လုပ်ငန်းစဉ်များ အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ICT Infrastructure များ တည်ဆောက်ခြင်းသည် အဓိက လိုအပ်သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး IT Environment များအား အချိန်နှင့် တစ်ပြေးညီ စောင့်ကြည့်ခြင်းသည် အရေးကြီးသော ကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ SolarWinds Network Monitoring System သည် ကွန်ရက်စောင့်ကြည့်ရေး Software တစ်ခုဖြစ်ပြီး မိမိတို့၏ IT Environment တွင် ပါဝင်သော Hardware and Software များ၊ Website များ၊ Database များ၏ လုံခြုံရေးနှင့် လုပ်ဆောင်ပေးနိုင်စွမ်းတို့ကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့် လေ့လာခြင်း၊ ဝန်ဆောင်မှုပေးခြင်းနှင့် စီမံခန့်ခွဲခြင်းတို့ကို ပြုလုပ်နိုင်မည်ဟု သိရှိရပါကြောင်း၊  မိမိတို့ ဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ သင်တန်းသားများအနေဖြင့် (၂) ရက်တာ နည်းပညာမျှဝေပွဲပြီးဆုံးပါက SolarWinds Network Monitoring System နှင့်စပ်လျဉ်းသော အသုံးဝင်ပုံနှင့် အသုံးပြုပုံတို့ကို လက်တွေ့လေ့လာ သိရှိနိုင်မည်ဖြစ်ပြီး အခြားသော Monitoring System Software များနှင့် အားသာချက် အားနည်းချက်များကို ချိန်ဆ၍ ရွေးချယ် အသုံးပြု နိုင်မည်ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် ယခုနည်းပညာမျှဝေပွဲမှ လက်တွေ့ သင်ကြားမှုများကို သေချာစွာလေ့လာ သင်ယူကာ e-Government ပုံရိပ်ကို တိုးမြှင့်ဆောင်ရွက် သွားကြရန်နှင့် မိမိတို့ မျှော်မှန်းသည့် Digital အခွင့်အလမ်းများကို အမိအရဆုပ်ကိုင်နိုင်ရန် အတွက် ဒစ်ဂျစ်တယ်နည်းပညာများ၏ ခြိမ်းခြောက်မှုနှင့်အန္တရာယ်များ လျော့ပါးလာစေရေးတို့အပြင် အထူးသဖြင့် နိုင်ငံတော်၏ e-Government လုပ်ငန်းစဉ်စနစ်ကို ထိရောက်စွာ အထောက်အကူပြု အကျိုးပြုနိုင်ဖို့ အားလုံးဝိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက ယနေ့တိုးတက်ပြောင်းလဲနေသည့် ကမ္ဘာတွင် IT နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ Digital နည်းပညာများ၏ ခြိမ်းခြောက်မှု အချို့ဖြစ်သော ဆိုက်ဘာ တိုက်ခိုက်မှု၊ ဆိုက်ဘာရာဇဝတ်မှုများ စသည့် စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်နေကြရသဖြင့် Network Monitoring System ဖြစ်သည့် ကွန်ရက်လေ့လာ၊ စောင့်ကြည့်၊ ထိန်းချုပ်ရေးစနစ်သည်  အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်လာပါကြောင်း၊ ယခုကဲ့သို့ အသိပညာမျှဝေပေးခြင်းအားဖြင့် ဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားလာမည် ဖြစ်ပြီး သင်တန်းမှ လေ့လာသိရှိခဲ့ရသည့် အသိပညာဗဟုသုတများကို လက်တွေ့နယ်ပယ်တွင် စဉ်ဆက်မပြတ် ပြန်လည်အသုံးချ၍  လက်ဆင့်ကမ်းမျှဝေသွားကြရန်ဖြစ်ပါကြောင်း၊ သို့မှသာ ICT ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သည့် ဝန်ထမ်းများဖြင့် ဝန်ကြီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်း ချက်များကို အကောင်အထည်ဖော်ရာတွင် အထောက်အကူပြုနိုင်မည်ဖြစ်သဖြင့် အထူးကြိုးစား သင်ယူသွားကြရန် အလေးအနက်ထား မှာကြားလိုပါကြောင်း ပြောကြားပါသည်။

ယင်းနောက်  GNE Co., Ltd မှ Branch Office Manager က ကျေးဇူးတင်စကားပြောကြားပါသည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်း နည်းပြဆရာများ၊ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

အဆိုပါ သင်တန်းကာလမှာ (၂) ရက်ခန့် ကြာမြင့်မည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၃၃) ဦး တက်ရောက်ကြကြောင်း သိရှိရပါသည်။


Image
Image
Image