တိုင်းရင်းသားလူမျိုးများရေးရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် ဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ ပေါင်းလောင်း Indoor Stadium အားကစား လေ့ကျင့်ရေးစခန်း၌ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်သို့ ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်း ပိုက်ကျော်ခြင်း(အမျိုးသား)အားကစားပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ကိုယ်စားပြုအသင်းနှင့် ရှမ်းပြည်နယ်ကိုယ်စားပြုအသင်းတို့၏ ခြေစမ်းလေ့ကျင့်ယှဉ်ပြိုင်မှုအား သွားရောက်ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများ၏ တစ်ဦးချင်း၊ အဖွဲ့လိုက်နှင့် အသင်းလိုက်လေ့ကျင့်မှုအခြေအနေများကို စစ်ဆေးရာတွင် ပထမဦးစွာ ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများတို့က တစ်ဦးချင်း မိတ်ဆက်ကြပြီးနောက် အမှာစကားပြောကြားရာ၌ ယခုကျင်းပမည့် အမျိုးသားအားကစားပြိုင်ပွဲကြီးသည် မြန်မာတစ်မျိုးသားလုံး၏ မျိုးချစ်စိတ်ဓာတ်၊ တိုင်းပြည်ချစ်စိတ်ဓာတ်ရှိမှု၊ စည်းလုံးညီညွတ်မှု၊ ဝိုင်ဝန်းပူးပေါင်းဆောင်ရွက်မှုများနှင့် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို ထုတ်ဖော်ပြစေနိုင်မည့် အားကစားပွဲတော်ဖြစ်ကြောင်း ၊ ဒီလိုအားကစားပြိုင်ပွဲကြီးတွင် မကြုံစဖူး ဘဝမှာတစ်ကြိမ် ပါဝင်ဆင်နွဲခွင့်ရရှိတာကို ဌာနနှင့် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိကြသည့် အားကစား သမားများအနေဖြင့် အထူးဂုဏ်ယူဝမ်းမြောက်ကြရမည်ဖြစ်ပါကြောင်း၊ တာဝန်ရှိသူ အုပ်ချုပ်မှုနှင့် နည်းပြအဖွဲ့တို့၏ စွမ်းရည်ပြည်ဝစွာလေ့ကျင့်မှုနှင့် ပြိုင်ပွဲအတွက် အနိုင်မခံအရှုံးမပေး၊ ရေကုန်ရေခမ်း မှန်ကန်သည့်အားကစားစိတ်ဓာတ်များဖြင့် အလေးအနက်ထားယှဉ်ပြိုင်ပြီး ဝန်ကြီးဌာနအတွက် ထိုက်တန်သည့် အောင်နိုင်မှုဆုတံဆိပ်များကို ဆွတ်ခူးရရှိနိုင်ရေး အရှိန်အဟုန်မပျက် ကြိုးစား အောင်မြင်ခဲ့ပါက အားကစားသမားများကို ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ပေးအပ်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများကိုလည်း တိုးမြှင့်စီစဉ်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
အထူးသဖြင့် ဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများအနေဖြင့် လေ့ကျင့်ပြင်ဆင်မှု များကို အထူးကောင်းမွန်ထိရောက်အောင်မြင်စွာ လေ့ကျင့်နိုင်ရန်အတွက် ကျန်းမာရေး၊ အိပ်ချိန် နှင့် အစားအသောက် အနေအထိုင်တို့ကိုလည်း အထူးဂရုစိုက်ကြရန် လိုအပ်ပါကြောင်း၊ အောင်နိုင် လိုစိတ်ထားရှိပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အလားအလာရှိသော မျိုးဆက်သစ် လူငယ်အားကစား သမားများ ပေါ်ထွက်လာစေရေးအတွက် မိမိတို့ကျရာအခန်းကဏ္ဍမှ အုတ်တစ်ချပ်သဲတစ်ပွင့်အနေဖြင့် စွမ်းစွမ်းတမံ ဆက်လက်ကြိုးစား ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနအသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က နှစ်ဖက်အသင်းအား ဂုဏ်ပြု ဆုငွေများနှင့် အင်အားဖြည့်အစားအစာများကိုပေးအပ်ရာ တာဝန်ရှိသူများကလက်ခံရယူပြီး ပြိုင်ပွဲ ဝင်အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်းသိရှိရပါသည်။