တိုင်းရင်းသားရေးရာအသိပညာပေးခြင်း၊ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းနှင့် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးခြင်း အခမ်းအနားကို ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကျင်းပ ဘားအံ၊ အောက်တိုဘာ ၂၅
ကရင်ပြည်နယ်၊ ဘားအံ 2024-11-06
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဦးဆောင်၍ “တိုင်းရင်းသား ရေးရာ အသိပညာပေးခြင်း၊ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်နှင့် ဗလငါးတန်ဖွံ့ဖြိုးစေရေးလူငယ်ရေးရာအသိပညာပေးခြင်း” အခမ်းအနားကို (၂၅-၁၀-၂၀၂၄) ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ လှာကာကျေးရွာ၊ အ.ထ.က (လှာကာ) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးက တိုင်းရင်းသားလူမျိုး များ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများ၊ အမုန်းစကားနှင့် အကြမ်းဖက်မှု ဖြစ်စေသောလှုံ့ဆော်မှုကို တားဆီးကာကွယ်ခြင်းဆိုင်ရာ အသိပညာပေးခြင်း ကိုလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ရီရီဝင်းက တိုင်းရင်းသားလူမျိုးများအကြောင်းနှင့် တိုင်းရင်းသားဘာသာသင်ကြားနိုင်ရေး ဆောင်ရွက်နေမှု ကိစ္စများအားလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက ပတ်ဝန်းကျင်နှင့် အလေ့အထကောင်းများ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းလှိုင်က ကလေးသူငယ် အခွင့်အရေး၊ အမျိုးသမီးရေးရာကိစ္စရပ်များအားလည်းကောင်း၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နော်ဩလျဖောက အားကစားနှင့် လူငယ်ရေးရာကိစ္စရပ်များကို လည်းကောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် စစ်တမ်းကို ကောက်ယူခဲ့ရာ ဒေသခံတိုင်းရင်းသား (၁၀၀) ဦးတို့မှ ဖြေဆိုခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာကြသော ဧည့်သည်တော်များအား  အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။


Image
Image
Image
Image
Image
Image